1974

၁၉၇၄ ခုနှစ် ဇွန်လ ကျောင်းပြန်ဖွင့်စ

အခန်း(၁)

တဖြေးဖြေးလည်နေသောကားဘီးကတဖြေးဖြေးနှေးလာပြီးတိကနဲရပ်သွားသည်။ ကားဘီးအလယ်ရှိ တောက်ပြောင်နေသော ဘီးအဖုံးပေါ်တွင် ကားထုတ်လုပ်သောကုမ္ပဏီ ဒါမှမဟုတ် ကား၏အမျိုးအစားတံဆိပ် "ဘောက်ဆော" ဒီဇိုင်းလေးကို မြင်တွေ့နိုင်သည်။

ကားရပ်သွားသလို "ဃ" နံပါတ် အနက်ရောင် "ဘောက်ဆော"ကားအနောက်မှ "ဘရိပ်မီး"တစုံကလည်းရဲကနဲနီသွားသည်။

ထိုစဉ်က ကားများ၏"လိုင်စင်ပလိတ်"နံပါတ်များမှာ အက္ခရာမပါသောကားများ (ဥပမာ ၁၂၂၁, ၃၃၃၁ စသည်ဖြင့်)ဖြစ်ပြီး ကားနံပါတ်ပေးနည်းမှာ " ကကြီး" "ခခွေး" မှတဆင့် "ခ/၉၉၉၉" ပြီးလျှင် "ဂ/၁" လာသောနံပါတ်ပေးနည်းမျိုးဖြစ်သည်။ တိတိကျကျ ရေးရလျှင် "ဈ" နံပါတ် တစ်ထောင်မကျော်သေးသောခေတ်ဖြစ်သည်။

ထိုစဉ်က "သင်္ဘောသားကား"ခေါ် "ဒါတ်ဆန်း" "ဟိုင်းလပ်စ်" "ပတ်ဗလစ်ကာ" စသော "ပစ်ကပ်" ကားများ "အက်စီး" ခေါ် ကားများ ရန်ကုန်မြို့၌မပေါ်သေးသောခေတ်ဖြစ်သည်။ "ဖို့ဒ်" "ရှက်ဗလေး" ဗမာအခေါ်"ချက်ပလက်" "အိုပယ်" "အော်စတင်" "ဒေါ့ချ်" ဗမာအခေါ် "ဒေါ့ဂျစ်" "ဖီးယက်" "ဗောက်စဝဲန်ဂွန်" "အောက်ဒီ" "ဘီအမ်ဒဗလျူ" "လင့်ရိုဘာ" "ဝီလီဂျစ်" နှင့်"မောစ်ရစ်စ်မီနီကား" တို့ကိုမြင်နိုင်သည်။ သုံးဘီးကား လေးဘီးကား နှင့် ဖယ်မလီယာကား တို့မှာ "မာဇဒါ"ကားများဖြစ်သည်။ "အီးတူးသောင်ဇင်""မာဇဒါဂျစ်" "ပတ်ဖိုင်နာ" "သရီးတူးသရီး" "ဆစ်တူးဆစ်" နှင့် "နိုင်းတူးနိုင်း" ခေါ် ထိုစဉ်က အစိုးရဌာနလူကြီးများစီးသည့်ခန့်ငြားသည့်ကားများကို ရန်ကုန်မြို့တွင်မမြင်ရသေးပါ။

မိုးဦးကျခါစ မနက်မိုးပြေးလေးများက ကားရှေ့လေကာမှန်တွင် "တကျိကျိ"လှုပ်ရှားနေသော ကားမှန်ရေသုတ်အတံ "ဝိုင်ဘာ"ကို "တဗျန်းဗျန်း"တိုက်ခတ်နေသည်။ ကားလေကာမှန်၏အပြင်ဖက် ကား၏အရှေ့တွင်အရွယ်မျိုးစုံ အရောင်မျိုးစုံ လူစီးကားမျိုးစုံ မော်တော်ဆိုင်ကယ်မျိုးစုံတို့ကိုမြင်နိုင်သလို ထီးများမိုးကာများဖြင့် လမ်းလျှောက်နေသူများကို မြင်တွေ့နိုင်သည်။

သေသေချာချာပြန်ကြည့်ပါက လမ်းလျှောက်နေသူများမှာ ကျောင်းဝတ်စုံ အဖြူအစိမ်းဝတ်စုံဝတ်ကလေးများနှင့် သူတို့၏လူကြီးမိဘအုပ်ထိန်းသူများဖြစ်နေသလို သွားလိုက်ရပ်လိုက်ဖြစ်နေသော ကားကြီး ကားငယ်များ မော်တော်ဆိုင်ကယ်များ၏ အပေါ်တွင်လည်း ကလေးများနှင့် မိဘလူကြီးများထိုင်နေကြသည်။

ထိုအချိန်က အင်းလျားလမ်းမှာ တဖက်ကားတစ်စီးသာမောင်း၍ရသောနှစ်ဖက်သွားကတ္တရာလမ်းဖြစ်ပြီး ကားလမ်း၏တဖက်တချက်တွင်မြက်ခင်းစိမ်းများကိုမြင်နိုင်သည်။

ကားလမ်း၏အရှေ့ဖက်ခြမ်းမြက်ခင်းရှိ လူလျှောက်ရန်"ပလက်ဖောင်း"သေသေချာချာခင်းထားသော လူသွားလမ်းလေးတွင် ထီးဆောင်းပြီးကျောင်းလာနေကြသူများဖြင့်ပြည့်နေသလို လမ်း၏အနောက်ဖက်ခြမ်းရှိ အသွားအလာများ၍ အလိုအလျောက်လမ်းလျှောက်လမ်းကလေးဖြစ်နေသောမြေနီအမာလမ်းအသေးလေးပေါ်တွင်လည်းကျောင်းဝတ်စုံကျောင်းသားကျောင်းသူများနှင့်ထီးဆောင်းလူကြီးများကို မြင်တွေ့နိုင်သည်။

ကျောင်းရှေ့မရောက်မီကားလမ်းနှစ်ဖက်စလုံးတွင်ကားများပိတ်နေသည်။ တချို့ကားများမှ ကျောင်းသားများမိဘများက ကားပေါ်မှဆင်းနေသလိုတချို့ကားများကလမ်းဘေးနှစ်ဖက်စလုံးတွင်ကားရပ် "ပါကင်"ထိုးဖို့ပြင်နေကြသည်။

ကျောင်းရှေ့၌ပို၍ကားကြပ်နေသည်။ လမ်းဖြတ်ကူးသူများပိုများလာသည်။ ကားရပ်စရာနေရာအကုန်ပြည့်နေသည်။

ကျောင်း၏အခြမ်း ကျောင်းရှေ့နှင့် ကပ်နေသော ခရစ်ယန်ဘုရားကျောင်းအခြမ်းရှေ့တွင်အစိမ်းရောင်အပြာရောင် သစ်သားကျောင်းကားကြီးများကလမ်းဘေးတွင်ခပ်စောင်းစောင်းထိုးရပ်ထားသလို ကားလမ်းအနောက်ဖက်ရှိ စစ်မှုထမ်းရိပ်သာခေါ် လူနေတိုက်တန်းများ၏အပြင်ဖက် သံတိုင်နှင့်အုတ်စည်းရိုးများကာရံထားသည့် အပြင်ခြမ်းအရှေ့တွင် သစ်ပင်ကြီးများပေါက်နေပြီး သစ်ပင်များလွတ်ရာနေရာတိုင်းတွင်လည်းကျောင်းပို့ကားကြီးကားငယ်များကခပ်စောင်းစောင်းအပြည့်နေရာယူထားကြသည်။

အနက်ရောင်ဗောက်ဆောကားရှေ့ခန်းတွင် "ကားစတီယာရင်"ကို ဆုတ်ကိုင်ထားသောလက်နှစ်ဖက်မှ လက်ချောင်းလေးများမှာစိတ်မရှည်သောပုံ ဒါမှမဟုတ် စိတ်ကိုဆွဲဆန့်ထားသလို ပုံမျိုး လှုပ်ခါနေသည်။ ကားမောင်းလာသောကိုမောင်မောင်တင့်မှာအလုပ်နောက်ကျမည်ကိုစိုးရိမ်နေပုံရသည်။ သူ့ဘေးတွင်သူ၏မိခင်ကြီးထိုင်နေသည်။ ကားနောက်ခန်းတွင် ဆံပင်တိုတိုညှပ်ထားသော ကိုးနှစ်ဆယ်နှစ်ခန့်ယောကျာ်းလေးထိုင်နေသည်။ ကောင်ကလေး၏မျက်နှာတွင် စိတ်လှုပ်ရှားနေသလိုပုံစံနှင့် အရာရာကို စူးစမ်နေသောအကြည့်များကရောမွှေထားသည်။

ကျောင်းရှေ့အရောက်ကားအရပ်၌ကားပေါ်မှခပ်ဝဝအမျိုးသမီးကြီးကစာရွက်စာတမ်းများပါသောလက်ကိုင်အိတ်ကြီးကိုလက်တဖက်နှင့်ဆွဲ၍နောက်လက် တဖက်ကထီးကြီးကိုဖွင့်ဆောင်းရင်းဆင်းလိုက်သည်။ ကားနောက်ခန်းမှလွယ်အိတ်လေးလွယ်ထားသောကျောင်းစိမ်းဘောင်းဘီတိုအကျီဖြူဖြင့် ကောင်ကလေးပါထပ်ဆင်းအပြီးတွင် ကားက ရှေ့သို့ဆက်လက်ထွက်ခွာသွားသည်။

ကျောင်းအဝင်ဝရှိ "အကုန်အပြည့်"ဖွင့်ထားသော တံခါးကြီးနှစ်ဖက်လုံးအပြင် နံဘေးရှိလူဝင်ပေါက်တံခါးလေးမှ ကျောင်းသူကျောင်းသားဆရာမဆရာများနှင့် လူကြီးမိဘများ ထီးများ မိုးကာများဖြင့် တဖွဲဖွဲဝင်နေကြသည်။ ကျောင်းဝင်းအတွင်းသို့ကားများ ပေးမဝင်ပါ။

ကျောင်းထဲသို့စဝင်ပြီး ဘယ်ဖက်ခြမ်းရှိလူလျှောက်"ကော်ရစ်ဒါ"မှတဆင့် စာသင်ခန်းနှစ်ခန်းကိုဖြတ်ကျော်ပြီးသည့်အခါ ကျောင်းအုပ်ဆရာမကြီး၏ရုံးခန်းကိုမြင်နိုင်သည်။

ကျောင်းအဝင်ဝအနားရှိစာသင်ခန်းနှင့် ကျောင်းကော်ရစ်ဒါမှာ ကျောင်းအဝင်လမ်းထက်အနည်းငယ်မြင့်သော်လည်း ဆရာမကြီးရုံးခန်းမှတဆင့် အခြားရုံးခန်းတခန်း၊ ဆရာများနားနေခန်း၊ အပေါ်ထပ်စာသင်ခန်းများသို့တက်ရာလှေခါးခန်း နှင့် အခြားစာသင်ခန်းနှစ်ခန်းတို့မှာ ကျောင်းအဝင်လမ်းထက်အနည်းငယ်နိမ့်နေသည်။

ကျောင်းကော်ရစ်ဒါနှင့်ကျောင်းအဝင်လမ်းအကြားတွင် မိုးရေစီးဆင်းရန်အုတ်ရေမြောင်းလေးနှင့် လမ်းပေါ်ဖက်မှ ကော်ရစ်ဒါဖက်သို့နိမ့်ဆင်းသွားသောအုတ်ဘောင်လေးကိုမြင်နိုင်သည်။

ဆရာမကြီး၏ရုံးခန်းမှာအတွင်းထဲတွင်ရှိပြီး ဝင်ပေါက်တွင်အပြည့်ဖွင့်ထားသောသံဘာဂျာတံခါးနှင့် အမြဲဖွင့်လိုက်ပိတ်လိုက်လုပ်၍ရသော သစ်သားဆင်နားရွက်တံခါးရှိသည်။

အခန်း၏အပြင်ခန်းတွင်ကျောင်းစာရေးအမှုထမ်းစားပွဲများ၊ ရေသောက်ရေအိုးစင်တခု၊ အလှထားအရွက်စိမ်းပန်းပင်တအိုးနှင့် ဧည့်သည်များထိုင်စရာခုံများရှိသည်။ နံရံပေါ်တွင်ဆောင်ပုဒ်တချို့ချိတ်ဆွဲထားသလို ကျောက်သင်ပုန်းအမဲကြီးပေါ်တွင် ဇယားအကွက်အချို့နှင့် ရေးမှတ်ထားသောအရာများရှိသည်။ မျက်နှာကျက်ပေါ်တွင် ပန်ကာတလုံး၊ မီးချောင်းတချောင်းနှင့်ထွက်ပေါက်အနားရှိအထက်နံရံတွင် အချိန်ပြောင်းလျှပ်စစ်ခေါင်းဘောင်း (ဘဲလ်)ကြီးတခုကိုတပ်ဆင်ထားသည်။

ဆရာမကြီး၏အခန်းအပြင်မှနောက်တခန်းသို့ကူး၍ထွက်နိုင်သောနောက်ထပ်ရုံးခန်းထဲတွင်စာအုပ်ဘီဒိုများ နှင့်စားပွဲထိုင်ခုံများရှိသည်။ ရုံးခန်းနှင့်ကပ်ရက်တွင် ဆရာဆရာမများအတွက် ဝင်ပေါက်ထွက်ပေါက်နှစ်ပေါက်ဖောက်ထားသော နားနေခန်းရှိသည်။

ထိုအခန်းများ၏အရှေ့ဝင်ပေါက်အပေါ်ဆင်ဝင်ပေါ်တွင် တလူလူလွင့်နေသောနိုင်ငံတော်အလံအပြင် ကျောင်းကောင်စီအလံနှင့် အဝါအပြာအစိမ်းအနီအသင်းလေးသင်းအလံငယ်များ လွှင့်ထူထားသည်။ နိုင်ငံတော်အလံမှာ အနီရောင်ဖြစ်ပြီး ဘယ်ဖက်အပေါ်ဒေါင့်တွင်အပြာရောင်လေးထောင့်အကွက်တခုပါရှိသည်။ အပြာရောင်အကွက်အထဲတွင် စပါးနှံတခိုင်ကို စက်ဂီယာကြီးတခုအထဲတွင်ထည့်သွင်းလျက်ကြယ်ဖြူအသေးဆယ့်လေးခုက စက်ဝိုင်းတခုအသွင်ဝန်းရံ၍ထားသည်။ အဝါ၊ အပြာ၊ အစိမ်းနှင့် အနီရောင်အလံများကအနော်ရထာ ကျန်စစ်သား၊ အလောင်းဘုရား နှင့် ဘုရင့်နောင်အသင်း များကို ကိုယ်စားပြုထားခြင်းဖြစ်သည်။

အခန်းများ၏အရှေ့တဖက်ခြမ်းတွင်တည်ရှိသောခရစ်ယန်ဘုရားရှိခိုးကျောင်းကို သံချောင်းများလိမ်ကျစ်ထားသောစည်းရိုးဖြင့်ကာရံထားသည်။ ကျောင်းတက်၍ အထက်တန်းအရောက်တွင် နာမည်ကျော်အနုပညာရှင်ဦးဝင်းဦး၏ဈာပနကိုထိုဘုရားရှိခိုးကျောင်းတွင်ပြုလုပ်ခဲ့သည်ကို မြင်ဖူးခဲ့သည်။


အခန်း-၂

ဖွားဖွားမမ်မီက ကျွန်တော့်ကိုဆရာမကြီးရုံးခန်းအရှေ့၌ခဏစောင့်ခိုင်းထားပြီးအရှေ့တွင်ကာရံထားသောဆင်နားရွက်တံခါးကို"ကျိကနဲ"တွန်းဖွင့်၍ရုံးခန်းထဲသိုဝင်သွားသည်။ အဖွားဝင်သွား၍ စက္ကဲန့်ပိုင်းအချိန်အတွင်းတွင် ပင်နီတိုက်ပုံအကျီ င်္ကျောင်းစိမ်းပုဆိုးများဖြင့်ဆရာနှစ်ဦး ထွက်လာသည်။

ထိုသူနှစ်ဦးမှာ ဒုတိယကျောင်းအုပ်ကြီး ဆရာဦးစိုးတင့် နှင့် ဆရာဦးသိန်းအောင် တို့ ဟူ၍ နောင်တွင်မှတ်မိသိရှိရသည်။ သူတို့နှစ်ဦးအပြင် ဆရာဦးပြေသိမ်းခေါ် "ဗိုလ်ပြေ" ဆရာဦးကျော်မြ ဆရာဦးကျော်သန်း ခေါ် " ဆရာဇော်ဝမ်း" တို့မှာ ကျွန်တော်တို့ခေတ်ဆရာများအဖြစ် အတော်ကြောက် အတော်ချစ်ရသောဆရာများဖြစ်သည်။ အသက်ငယ်သော ကာယလေ့ကျင့်ရေးဆရာ ဆရာဦးအောင်မင်း ခေါ်"ဆရာအော်စကာ" တချို့က "အော်စကီး" ခေါ်သူဆရာတယောက်ကလည်း တော်တော်တက်ကြွသောလူငယ်ဆရာတစ်ဦးဖြစ်သည်။

ကျွန်တော်တို့၏ကျောင်းအုပ်ဆရာမကြီးမှာ ဒေါ်စန်းရင်ဖြစ်သည်။ (၂၀၁၀ တုန်းက အယ်လေ ကာလီဖိုးနီးယားမှာ ဆုံးသွားသည် ဟု ကိုဝင်းမော်ထံမှ ကြားရပါသည် )

ကျွန်တော်မှတ်မိသော ကျွန်တော်တို့ကို သင်ပေးသောဆရာဆရာမများဖြစ်သည့် ဒေါ်တင်ကြည်၊ ဒေါ်ဝင်းကြည်၊ ဒေါ်ဂရေစီလှ၊ဒေါ်အေးအေးသန်း၊ ဒေါ်သက်ဉာဏ်၊ ဒေါ်ကြည်ကြည်ခင်၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်စိန်တီ၊ ဒေါ်သင်းသင်းအေး၊ဒေါ်ကြည်ကြည်စိန်၊ဒေါ်ခင်ယောမေ၊ ဒေါ်သင်းနွဲ ့၊ ဒေါ်မြင့်မြင်အေး (အမေ)၊ ဒေါ်သန်းသန်းနု၊ ဒေါ်မြမြ၊ နှင့် ရုပ်ရှင်မင်းသမီးခင်သန်းနုကဲ့သို့ ကိုယ်လုံးရောမျက်နှာပါ ချောမောလှပသည့် ဆရာမတစ်ဦး (နံမည်မမှတ်မိပါ ဆယ်တန်းအေအတန်းပိုင်ရှင်ဟုထင်ပါသည် ) ( ဆရာမဒေါ်ခင်အေး ဖြစ်ကြောင်း အေတန်းအတန်းပိုင် မြန်မာစာ ဆရာမ ဟူ၍ ဘီတန်းမှ Win Mawgyii ကိုဝင်းမော်မှ ကူညီပြောပြပေးပါသည် ) တို့ကို ယခုထိ သတိရနေပါသည်။ အပြင်တွင်လွယ်အိတ်လေးလွယ်၍ယောင်ချာချာရပ်နေသောကျွန်တော့်အဖို့ "စိန့်အာဂက်စတဲန်း" ဆိုသည့် နာမည်ကြီးကျောင်းအရှိန်အဟုန်မြင်ကွင်းများကြောင့်ရင်ခုံနေမိသည်။ ကျွန်တော့်မျက်လုံးကိုအနီးကပ်ကြည့်လျှင် စူးစမ်းသောအကြည့် အားငယ်သောအကြည့် ကြောက်လန့်သောအကြည့်များရောယှက်နေမည့်မျက်လုံးဝိုင်းများဖြစ်နေမှာသေချာသည်။

ကျွန်တော် လေးတန်းအထိတက်ခဲ့သော"အ-မ-က (၁၀)လှိုင်ထက်အများကြီး ကြီးသလို ရှေ့တွင်မြင်နေရသည့် ခန့်ငြားထယ်ဝါစွာသည့်ခရစ်ယန်ဘုရားရှိခိုးကျောင်းကြီးကိုငေးကြည့်နေရင်းရင်တွေတုန်နေမိသည်။

"ဂရင် ရင် ရင် ရင် ရင် ရင်" အချိန်ပြောင်းလျှပ်စစ်ခေါင်းလောင်းနှင့် မောင်းတံတို့ ငါးစက္ကန့်ခန့်ရိုက်ခတ်မြည်တီးလိုက်သည့်အသံက ရင်ခုံနေသောကျွန်တော့်ကိုထပ်မံ၍ထိပ်လန့်စေလိုက်ပြန်သည်။

အပြင်တွင်ကျောင်းသားကျောင်းသူများမရှိတော့။ လာပို့ကြသူလူကြီးများလည်းပြန်ကြပြီ။ ကျောင်းတံခါးမကြီးကိုကျောင်းစောင့်ဝန်ထမ်းဟုယူဆရသူတယောက် ( ဦးကျော် ဟု နောင်တွင်သိရပါသည်)က"ဗြောင်းကနဲ"ပိတ်လိုက်ပြီ။

တံခါးမကြီး၏နံဘးကပ်ရက်ဖောက်ထားသော "တစ်ယောက်ဝင်တံခါး"မှ တချို့ကျောင်းသားမိဘများပြန်ထွက်သွားကြသည်။ အင်းလျားလမ်းပေါ်ဘေးတဖက်တချက်တွင်"ပါကင်"ထိုးထားသောကားကြီးကားငယ်တချို့လည်းမောင်းထွက်သွားကြပြီ။ တဖွဲဖွဲရွာနေသောမိုးပြေးလေးက လေအတိုက်တွင် ပိုသည်းလာပြန်သည်။ အမိုးအောက် ကော်ရစ်ဒါတွင်ရပ်နေသောကျွန်တော့်မျက်နှာကိုမိုးစက်မှုန်များကထိလာသဖြင့် ကျောင်းနံရံဖက်သို့မျက်နှာကိုပြန်လှည့်လိုက်မိသည်။ ဆင်နားရွက်တံခါးပွင့်လာပြီး အဖွား၏လက်ယပ်ခေါ်မှုကြောင့်အတွင်းထဲသို့ဝင်လိုက်ချိန်တွင် ရုံးခန်းစားပွဲပေါ်ရှိစာရွက်စာတမ်းအထပ်များနှင့်ရုံးစာရေးဝန်ထမ်းတယောက်ကိုမြင်လိုက်ရသည်။

အဖွားက စာရွက်စာတမ်းအိတ်ကိုကိုင်၍စာရေးဝန်ထမ်းဖြစ်သူရှင်းပြနေသောအတန်းတည်ရှိရာမြေပုံကိုတချက်ပြန်ကြည့်ပြီး ကျေးဇူးတင်စကားပြန်ပြောလိုက်သည်။

ရုံးခန်းမှပြန်အထွက်တွင် ခပ်ပိန်ပိန်ယောကျာ်းကြီးတယောက်နှင့် အရပ်ခပ်မြင့်မြင့် ရှမ်းတရုပ်စပ် ကျောင်းသားတယောက်တို့ ရုံးခန်းအတွင်းသို့ ဝင်ရန်စောင့်နေသည်။ ကောင်ကလေးမှာ ကျွန်တော်နှင့်အသက်တူမည်ဟုခန့်မှန်းရသည်။ ဆံပင်အတော်လေးတို၍ သူ့မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်နေပုံရသောအကြည့်များကိုတွေ့ရသည်။

(ထိုသူငယ်လေးကား နောင်တချိန်တွင် ငါးတန်းမှ စ၍ ဆယ်တန်း နောက် အာစီတူးခေါ်ဒေသကောလိပ်(၂) ဒုတိယနှစ်အထိ အတန်းတူတူ ကျူရှင်တူတူ တက်တူတူသွားလာလက်တွဲရမည့် ကျွန်တော့်သူငယ်ချင်းတစ်ဦးဟု ထိုစဉ်က ကျွန်တော်မသိခဲ့။ ထိုစဉ်က ရှိခဲ့သော ကမာရွတ်လမ်းစဉ်လူငယ်အဖွဲ့တွင်တူတူ နောက် ကျောင်းကောင်စီအဖွဲ့တွင်တူတူ လက်တွဲလုပ်ကိုင်ရင်း ကျွန်တော်နှင့်တော်တော်လေး အခင်ဆုံး အရင်းနှီးဆုံးဖြစ်သလို တယောက်နှင့်တယောက်နားလည်မှု ့လွဲ၍ မျက်နှာချင်းမဆိုင်ချင်တော့လောက်အောင် မုန်းတီးမှုစိတ်နာကျည်းမှုများဖြစ်ခဲ့ကြုံခဲ့ရအုန်းမည်ဟုလည်း ထိုစဉ်က မသိခဲ့ရ။ သူ့အမှားတော့မဟုတ်ပါ။ ကျွန်တော့်စိတ်မှ ဒါဏ်ရာ"ဆူး" များကြောင့်သာဖြစ်ခဲ့ရပါသည်။ ယခုအခါသူက နေပြည်တော်တွင် ဌာနဆိုင်ရာတစ်ခု၏ညွှန်ကြားရေးမှူးချုပ်ဖြစ်နေပြီ။)

အဖွားကအတန်းကိုရှာ၍ကျွန်တော့်ကိုလိုက်ပို့သည်။ ရုံးခန်းအဆောက်အဦးကိုကျော်သွားသည်နှင့်လူကူးစင်္ကြံတစ်ခုကိုတွေ့ရသည်။ ထိုလူကူးစင်္ကြံ၏ဘေးတွင်နောင်အခါ အစားအသောက်ရောင်းချသည့်ဆိုင်လေးများ၏မြေနေရာအလွတ်ကို မြင်ခဲ့ရသည်။ ထိုစဉ်က အစားအသောက် "ကင်တဲန်း"က ကျောင်း၏ အတွင်းကျကျ အနောက်ဖက်အကျဆုံး (တိတိကျကျ ရေးရလျှင်) နောင်တွင် ကျောင်းဆောင်အသစ်များဆောက်လုပ်မည့်နေရာလွတ်၌တည်ရှိခဲ့သည်။

လူကူးစင်္ကြံအဆုံးတွင် စင်မြင့်ကြီးတစ်ခုပါရှိသောအခန်းကျယ်ကြီးတစ်ခုကိုမြင်ရသည်။

( ထိုအခန်းကြီးကား တေဇခမ်းမကြီး ဖြစ်၍ ကျောင်းစတက်ချိန်တွင် အတန်းလိုက်စုရုံး ရသော " အက်စန်ဗလီ"ဟောကြီးဖြစ်သည်။ ဆုပေးရာ တီးဝိုင်းတီးရာ ဆရာကန်တော့ပွဲကျင်းပရာနေရာကြီးဖြစ်သည်။)

ထိုအခန်းကျယ်"ဟော"ကြီးတွင် ကျောင်းစိမ်းများတန်းစီ၍ပြည့်နေသည်။ စင်ပေါ်တွင်ဆရာများဟုယူဆနိုင်သူကျောင်းစိမ်းတိုက်ပုံဝတ်လူကြီးတစ်ယောက်စနှစ်ယောက်စက စကားပြောနေသည်။

"ဟော"ကြီး၏တည့်တည့်တွင်နှစ်ထပ်တိုက်အဆောင်တစ်ခုရှိသည်။ အောက်ထပ်အခန်းသည်သိပ္ပံအခန်းဖြစ်ပြီးအပေါ်ထပ်သည်စာကြည့်တိုက်ဖြစ်သည်။ နောင်တွင် စာကြည့်တိုက်အခန်း၌ အချိန်တချိန်ရယူ၍ အတန်းသားများစုရုံးခဲ့ပုံ စကားရည်လုပွဲ ကျဘန်းပြောပွဲစသည်တို့ကို ဆရာဆရာမများက လေ့ကျင့်ပေးခဲ့ပုံတို့ကို ပြန်အမှတ်ရမိသည်။

" ဟော"ကြီးထဲမှ ခပ်စောင်းစောက်းဖောက်ထားသောစင်္ကြံမှတဆင့် နောက်ထပ်ကျောင်းဆောင်တစ်ခုသို့သွားရသည်။

ကျောင်းဆောင်အဆုံးတွင် ရှိသောအတန်းမှာ ကျွန်တော့်အတန်း "ဒီ" အတန်းဖြစ်သည်။


(ဆက်ပါအုန်းမည်)

-----------------

၁၉၇၄ခုနှစ် ဇွန်လ ကျောင်းပြန်ဖွင့်စအချိန်တွင် နာမည်ကျော် "စိန့်အာဂက်စတိဲန်း"၌ ကျောင်းအပ်ဖို့ သွားခဲ့စဉ်က တွေ့မြင်ခံစားရသည်များကို မှတ်မိသလောက် တွေးရေးခြင်းဖြစ်ပါသည်။

စန်းအောင်

ဖေဖော်ဝါရီ-၁၈-၂၀၁၈

(ဓာတ်ပုံမှာ ကျွန်တော့်သူငယ်ချင်း ဌေးမြင့်နှင့်သူ့သူငယ်ချင်းများ၏ပုံဖြစ်သည်)

ကျွန်တော်တို့ချစ်ရသောဆရာမကြီးဒေါ်စန်းရင်၏ပုံများကို ကိုဝင်းမော်ထံမှ ရပါသည်)