Me and Guiter
"ဂီတာစတီးလာပုံနဲ့ ဟိုရောက်ဒီရောက် ကျွန်တော့်ဘဝအတိတ်များ"
အပိုင်း(၁)
အဖွားက သီချင်းတီးတာဆိုတာတွေကို အားမပေးဘူး သဘင်သည် (သယ် ဟုဖတ်ပါ) ဆိုတဲ့သူတွေဟာ ငရဲကြီးတတ်တယ်လို့ သူကစိုးရိမ်ပြီး ခဏခဏဆုံးမပါတယ် (သဘင်သည်တွေက ဟန်ဆောင်ရတယ် မာယာများရတယ် ရင်ထဲမှာငိုနေပေမဲ့သူများပျော်ဖို့ရီဖို့ ညာရတယ်) လို့ပြောပါတယ်
(သရုပ်ဆောင်တာပဲဖြစ်ဖြစ် သီချင်းဆိုတာပဲဖြစ်ဖြစ် ကိုယ့်ရင်ထဲမှာ ခံစားနေရတာတွေနဲ့ ကိုယ်က အနုပညာဆိုပြီး ပရိဿတ်ကို ချပြ လုပ်ပြ ဆိုပြရတာတွေက တူချင်မှတူမယ် တကဲ့ဘဝက ပျော်စရာ စိတ်ချမ်းသာစရာဘဝဖြစ်ပေမဲ့ ရုပ်ရှင်ထဲမှာ တကဲ့ကို စုတ်ပြတ်သတ်ရစရာမရှိတဲ့ဘဝသမားအဖြစ် ဟန်ဆောင်ရတတ်သလို-
တကဲ့ လက်တွေ့မိသားစု ဘဝ က ရင်ထဲမှာ တစစီကြေကွဲရင်နင့်နေရပေမဲ့ ဟာသရုပ်ရှင် ဒါမှမဟုတ် ဆပ်ကပ်ပွဲ စင်မြင့်အထက်ပေါ်မှာ ပရိဿတ်အကြိုက် ပျော်စရာ လူရွှင်တော်အဖြစ် "ညာ"ရတာတွေလည်းရှိတယ် ဟန်ဆောင်ကောင်းလို့ သိပ်ပီပြင်ရင် "အော်စကာဆု"တွေ "အကယ်ဒမီ" ရနိုင်တယ်)
အဲလိုရှင်းပြလေ့ရှိပြီး ဆုံးမလေ့ရှိပါတယ်
ဘယ်လိုပဲဖြစ်ဖြစ်-
ကျွန်တော့် လူကြီးတွေက ကျွန်တော့်ကို စာတတ်စာတော်စေချင်တဲ့အတွက် သီချင်းဆိုသီချင်းတီး တွေနဲ့အချိန်ကုန်သွားမှာကိုစိုးရိမ်ခဲ့ကြလို့တားခဲ့ကြတာလို့နားလည်ပေးပါတယ်
တခါ-
ငယ်ငယ်က ကြားဖူးဖတ်ဖူးကြည့်ဖူးတဲ့ ( မီဒီယာတချို့ရဲ့ ပုံသွင်းပြုပြင်မှု့တွေပေါ့ဗျာ) အသံလွှင့်ဇာတ်လမ်း ကာတွန်း နဲ့ ရုပ်ရှင်တွေအရ ဂီတာကြီးကိုင်တီးနေတဲ့သူတွေကို လမ်းသရဲ လူမိုက်လို့ ခေါ်တဲ့ လူရှုပ်လူပွေအဖြစ် ခေါ်ကြောင်း သိထားခဲ့ရပါတယ်
အဲဒီမီဒီယာတွေထဲမှာ ဂီတာတီးတဲ့လူငယ်တွေကို လမ်းဆုံလမ်းလေးဒေါင့်အုတ်ခုံပေါ်မှာ ညဖက် အချိန်မတော်ထိုင်ပြီး အသံသေးအသံကြောင်အော်ဆိုရင်း ရပ်ကွက်ကို ဆူညံစေတဲ့ ဆိုးသွမ်းလူငယ်တွေအဖြစ် တော်တော်များများပုံဖော်ပြလေ့ရှိပါတယ် ဖြတ်သွားတဲ့ မိန်းမပျိုလေးတွေကို ရိတိတိပြောမယ် ပြောင်မယ်နောက်မယ် ဒါနဲ့တင်မကသေးဘူး စီးကရက်လေးဖွာမယ် အရက်လေးသောက်နေမယ် မူးနေမယ် ဒါမှမဟုတ် မူးယစ်ဆေးဝါး သုံးနေမယ် မူးယစ်ပြီး ဆေးကြောင်နေမယ်
" ပေါက်"နေမယ် တချို့ဆို လက်ကို ဘရိတ်ဒါးနဲ့လှီးပြီး သေကြောင်းကြံမယ် ဆံပင်ဘုတ်သိုက် နဲ့ ဆံရှည် ကိုယ်တော်
နောက်- ခေါင်းလောင်းဘောင်းဘီဝတ်ထားမယ် ရင်ဘတ်မှာ "ပိစ်" တံဆိပ်အဝိုင်းဆွဲထားမယ် မြန်မာ့ယဉ်ကျေးမှု့လူ့ဘောင်အတွက် အရုပ်ဆိုးအကျည်းတန်စေတဲ့ သရုပ်ပျက် လူငယ် စသည်ဖြင့် ပုံဖော်ခဲ့လို့ ဂစ်တာမသင်ရဲ မတီးရဲ ခဲ့ပါဘူး
ကျွန်တော် ရှစ်တန်းအထိ ဂီတာမတီးတတ်ခဲ့ပါဘူး
ကျွန်တော့်သူငယ်ချင်းတချို့ကတော့ တီးနေကြပါပြီကျွန်တော်တို့ "လီယို"ဝိုင်းက ကိုအောင်ဇေယျဆိုရင် မြန်မာဂီတာ အနောက်တိုင်းဂီတာ အကုန်ပိုင်ပိုင်နိုင်နိုင်တီးတတ်နေခဲ့ပါပြီ
ကျွန်တော်တို့အထက်တန်းကျောင်းအတန်းထဲက သူငယ်ချင်းတချို့လည်း တော်တော်တီးတတ်ကြနေပါပြီ အဲဒီတုန်းက နာမယ်ကျော် " အီးမရှဲင်း" "သည်အေးစစ်" "ပလေးဘွိုင်း" အဖွဲ့ တွေပေါ်နေပါပြီ
ကိုးတန်းအရောက်မှာ ရှစ်မိုင်က သူငယ်ချင်း ဇော်ထိုက်ရဲ့ အိ်မ်က သူ့အခန်းလေးမှာ ဂီတာတီးဆိုနေကြတဲ့ အတန်းထဲက သူငယ်ချင်းတွေကို ဒီစာရေးရင်း မြင်လာမိပါတယ်
(လမ်းဆက်လျောက်မယ်) သီချင်း တို့ "စဲန်တားနား" သီချင်းတွေတီးခဲ့ဆိုခဲ့ကြသလို "မောင်ငိုမယ်မိုးသည်းထဲမှာကွယ်" တို့ "သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ် ပန်စာပြန်စာသူကလေးကပေးလာ" တို့ "စနေဒေါင့်ပန်းလှူမယ်" တို့ ဆွဲခဲ့ကြ ဆိုခဲ့ကြတာက ကျွန်တော့သူငယ်ချင်းတွေပါ ကျွန်တော်က ကုတင်အောက်ကနေ စားပွဲတင်မီးခွက်လေးအပေါ်ကို အနီအစိမ်းဆီစိမ်စက္ကူ (မီးပုံးလုပ်တဲ့စက္ကူမျိုး နဲ့) အုပ် မီးပိတ်မီးဖွင့်ကစားပေး မီးထိုးတဲ့သူပေါ့ တီးကြတဲ့အခန်းက အဲးကွန်ဒဲင်းရှင်းအခန်း၊
လိုက်ကာတွေပိတ်ထားပြီး " ဟော့တ်" တဲ့ သီချင်းတွေမှာ အခန်းမီးပိတ်ပြီး ကျွန်တော်က မီးထိုး မီးကစားပေးတဲ့ မီးသမားလေးပေါ့ ဘယ်ဟာက "လိဒ်" ဘယ်ဟာက "ဘေ့စ်" ခေါ်တယ်ဘယ်ဟာက "ရီသမ်မ်" မသိသေးပါဘူး သူတို့ ဂီတာသုံးလက်တီးတယ် တလုံးက တဂျုံးဂျုံးခေါက်တယ် တလုံးက အလိုက်လေးတွေ တီးတယ် တလုံးက အပေါ်ကြိုးတွေ တဒူဒူတီးတယ်ဆိုတာလောက်ပဲသိခဲ့တာပါ
နောက် ကျွန်တော့်အိမ်အရှေ့မျက်စောင်းထိုးမှာနေတဲ့က သူငယ်ချင်းအစ်ကိုတယောက်ရဲ့ ဂီတာကို ယူယူကိုင်ရင်း တီးချင်လာတာနဲ့စ, မိခဲ့တယ်ဆိုပါစို့
အဖွားကသိတ်ချစ်တော့ "ဂီတာမြို့တော်" ကနေ တလုံးဝယ်ပေးတယ် အဲဒီတုန်းက မုံ့ဟင်းခါးတပွဲ အကျော်နဲ့တကျပ်ဝယ်စားပြီး ဟင်းရည်တမတ်ဖိုးတောင်းဝယ်သောက်လို့ရတဲ့ခေတ်မှာ တရာ့ငါးဆယ်တန်ဂီတာလေးတလုံးရတော့ မထိရက်မကိုင်ရက်ပေါ့ဗျာ ကြိုးလည်းမညီပါဘူးတီးမှမတီးတတ်တာ ထုံးစံအတိုင်း ဒင်းဒင်းဒေါင်ဒေါင်ညှိရတာပေါ့
စတီးတဲ့သီချင်းက ကိုလားရှိုးသိန်းအောင်ရဲ့သီချင်းပေါ့ "စီ" "အေမိုင်နာ" "အက်ဖ် " "ဂျီဆဲဗဲန်း " ကော့်ဒ် လေးခုပဲပါတာလေး တီးလိုက်တာဆိုတာ လက်တွေ နာသလားမမေးနဲ့ အရည်ကြည်ဖုတွေဘာတွေပေါက် ကုန်တာ
သူငယ်ချင်းအောင်ဇေယျအိမ်ကိုလာလည်တော့သူကထပ်ပြပေးတယ် သင်ပေးတယ် နောက် စောဝေကလည်း ကော်ဒ်သီအိုရီတွေရှင်းပြပေးတယ် သူနေတာက အေဝမ်းခြံထဲမှာနေတာဆိုတော့ သူ့အိမ်သွားသွားလည်တိုင်း သမန်းကျားကိုမြင့်တို့ သူတို့
ခြံထဲမှာ အပျော်တီးနေကြတာကို ကျွန်တော်တို့သွားသွားငမ်းလေ့ရှိပါတယ် အားကျခဲ့တာပေါ့ဗျာ
နောက်ပိုင်းတွေမှာ ရှစ်မိုင်ခွဲမိုင်က သူ့အိမ်လေးမှာကျွန်တော်တို့သုံးယောက် ညဖက်စုစုတီးလေ့တော့တာပါပဲ တီးတာတွေက တီးလုံးတွေပါ မိုးအလင်းအခန်းထဲမှာတီးပြီး သူ့ရဲ့ ကက်ဆက်လေးနဲ့အသံဖမ်းထားခဲ့တာကို မနက်အိပ်ယာနိုးရင် ပြန်နားထောင်ရတာကလည်း အလုပ်တခုပါပဲ ကျွန်တော်က ရီသမ်မ် အောင်ဇေယျက လိဒ် စောဝေက ဘေ့စ်ပါ နောက် လှည်းတန်းကသူငယ်ချင်းတယောက် ကို ဒရမ်မ်စ်ခေါ်တီးခိုင်းပါတယ်
(သူက အခု "အင်ပါယာ"က ကိုဇော်မျိုးထွဋ် "အင်ပါယာ" မဖြစ်ခင် တက္ကသိုလ်ဓမ္မာရုံရှေ့မှာစတိတ်ရှိုးပွဲ တခု သူငယ်ချင်းတွေစုတီးကြတုန်းက ဒရမ်မ်မာပါ လိဒ်က ဝင်ဒါမီယာထဲမှာ နေတဲ့ ကိုအောင်ခင်မြင့် ကိုဇော်မျိုးထွဋ်က အဲတုန်းက ဘေ့စ်တီးတာပါ အဆိုတော် မေခလာလို့ ဖြစ်လာမဲ့ မငယ်က အဲဒီတုန်းက တက္ကသိုလ်မေခလာ ဆိုုပြီး စင်ပေါ်မှာ ခရမ်းရောင်ဝမ်းဆက်နဲ့၊ မျက်လုံးတွေမဲမဲကြီးနဲ့၊ အားနဲ့မာန်နဲ့၊ ဝေ့ဗ်ကြီးတွေနဲ့ ဆိုခဲ့တာကို ကျွန်တော်တို့က မိုက်တယ်ကွဆိုုပြီး အားပေးခဲ့ ငမ်းခဲ့ကြတာပါ)
တခါ ဒရမ်မာက မအားလို့လား ကျွန်တော်တို့ကိုအားမရလို့လားမသိဘူး အထက်တန်းကျောင်းအတန်းတူတဲ့ ကိုကျော်ကျော်ဦးနဲ့ပြောဖြစ်ပြီးသူနဲ့ပြောင်းတီးဖြစ်ပါတယ် တီးဝိုင်းပစ္စည်းတွေ အီလက်ထရစ်ဂီတာတွေ ဒရမ်စက်တွေ မစ်ဆာတွေ ပီအေတွေတော့ကိုယ်ပိုင်မရှိပါဘူး ငှားတီးကြတာပါ တခါတလေအားလပ်ရက်အပတ်တညလုံးမနက်အထိငှားတီးကြပါတယ်
စောဝေတို့မိဘတွေကို တော်တော်အားနာစရာကောင်းခဲ့တာပါ
စောဝေအမေက သားသူငယ်ချင်းတွေစားဖို့ပိုပြီးဖွယ်ဖွယ်ရာရာချက်ပြုတ်ကျွေးခဲ့သလို မနက်ပစ္စည်းတွေဖြုတ်ပြီးပြန်ပို့ဖို့ပြင်တဲ့အခါမှာလည်း စောဝေအဖေ က ပြုံးပြပြီး သားတို့ညက အဆင်ပြေကြရဲ့လားလို့ မေးတတ်ပါတယ် သူတို့ကတော့နားရက်အပါတ်ညတွေကိုကျွန်တော်တို့ရဲ့ ဆူညံတဲ့တီးသံတွေနဲ့အိပ်ရေးပျက်ခဲ့ရရှာတာပါ
စောဝေက ဘယ်လောက်လိမ္မာသိတတ်သလည်းဆိုရင်- ကျွန်တော်တို့နဲ့ အဲဒီကိစ္စကို ဆွေးနွေးတိုင်ပင်ရင်းနောက်ထပ်ညလုံးပေါက်မတီးတော့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်
တကယ်"တော်"တဲ့မိဘဆိုတာ မဆူဘဲ မပွက်ဘဲ သားသမီးကို အဲလိုမျိုး ငြင်ငြင်သာသာ ကိုင်တွယ်ပြုပြင်တတ်ပါလား လို့လည်း သင်ခန်းစာရခဲ့ပါတယ်
နောက်တခါ စံရိပ်ငြိမ်မှာနေတဲ့ကျွန်တော့်သူငယ်ချင်းမွေးနေ့ကို ကျွန်တော်တို့တီးဖို့အကြောင်းဖန်လာတဲ့အခါ အခု မင်းသမီးမမေ (မေဝင်းမောင်)ရဲ့အမျိုးသား ကိုဝင်ကီ (ကိုသက်ဝင်း) နဲ့ပါသိသွားခင်သွားရပါတယ်
စံရိပ်ငြိမ်ပွဲမှာကိုဝင်ကီက ဒရမ်မ်စ်တီးပါတယ် မငယ် နဲ့တခါပြန်ဆုံရပါတယ် ကိုကိုရေနွေးရပြီဆိုပြီး နောက်လေ့ရှိတဲ့ ကိုကိုရေနွေရောက်ပြီ ဆိုတဲ့သီချင်းရယ် ဘီးကလေးစီး ဆိုတာနှစ်ပုဒ်သူ့ကိုတီးပေးရပါတယ်
ကျန်တဲ့သူတွေက ကျွန်တော်တို့အတန်းထဲကသူငယ်ချင်းတွေပဲဆိုကြတာပါ ရဲကျော်ဆိုတဲ့ ကျွန်တော်အားကျရတဲ့သူငယ်ချင်းတယောက်က ကိုစိန်လွင်ရဲ့ တစိမ်းတွေလိုနေလိုက်မယ်ကို ဆိုပါတယ်ကျွန်တော်တို့ကတော့အတီးသက်သက်ပါပဲ
ကိုဝင်ကီနဲ့ သိပြီးခင်ပြီးတဲ့နောက်ပိုင်း သူ့အိမ်ကိုလည်းခဏခဏရောက်ဖြစ်ပါတယ်
သူက ပြည်ထောင်စုရိပ်သာမှာနေတာပါ (ကိုသက်ဝင်းက သူ့အိမ်အောက်ကားဂိုဒေါင်မှာ စာအုပ်အငှားဆိုင်ဖွင့်ထားတော့ကျွန်တော့်အကြိုက်ပေါ့) သူ့မိဘတွေကလည်း စောဝေမိဘတွေလိုပါပဲ ကျွန်တော့်ကို သားအရင်းလိုဆက်ဆံပါတယ် ကျွန်တော်က အဲဒီကတည်းက အင်္ဂါနေ့တွေသက်သတ်လွတ်စားနေတာဆိုတော့အင်္ဂါနေ့သွားလည်တဲ့အခါအန်တီက စားလို့ရအောင်စီစဉ်ပေးခဲ့တာတွေကို ခုထိမှတ်မိကျေးဇူးတင်နေမိပါတယ် (သူတို့တွေတင်မကပါဘူး စောဝေမိဘ၊ ရီမာတို့မိဘ၊ ကယ်ဗင်လဲ့လဲ့တို့ မိဘကိုအောင်မင်းမိဘ၊ အောင်ဇေယျမိဘတွေကအစကျွန်တော့်ကိုသားအရင်းလို ဂရုစိုက်ချစ်ခဲ့ကြပါတယ်
ကျွန်တော်က အဖေအမေမစုံလို့ အဖေနဲ့လည်းတူတူသိပ်မနေခဲ့တာတွေကြောင့်မိသားစုဘဝ သိပ်မရလို့ သူငယ်ချင်းတွေအိမ်ရောက်တိုင်း သူတို့မိဘတွေက သားအရင်းလိုဂရုစိုက်ရင် ကြည်နူးခဲ့ရပါတယ်) ကိုဝင်ကီနဲ့ပါတ်သက်ပြီး ကိုဇျန်မရနဲ့သိခဲ့ရပြီး သူ့ရဲ့လိုကယ်တယ်လဲန့်မှာလွှင့်ဖို့ သီချင်းတွေထပ်တီးခဲ့ကြရပါတယ် သူက ကိုရဲခေါင်နဲ့လည်းခင်ပါတယ် မေစတူဒီယိုအားချိန်မှာကိုရဲခေါင်က တချို့သီချင်းတွေကို သူ့ဆီမှာ သွားသွင်းပါတယ် ကီးဘုတ်ကသူတီးတယ်လို့ထင်ပါတယ် "ကန်းထရီးဆောင်း" တွေပါ တချို့က မြန်မာ့အသံထဲမှာပဲ တခါထည်းသွင်းပါတယ် ရေဒီယိုကပြန်လာတာကို စောင့်ပြီးနားထောင်ရပါတယ်အသံပြန်ဖမ်းထားတဲ့ကက်ဆက်ခွေလေးကိုတခါထပ်ပြီးဖွင့်ရင်းကြည်နူးခဲ့ရပါတယ်တီးဝိုင်းနာမည်တွေတော့မေ့သွားပါပြီ
ကိုအောင်မင်းက ကျွန်တော်တို့ခြံဘေးကအိမ်မှာနေတာပါ သူကအေးအေးသမား တခါတလေကျွန်တော်လှည်းတန်းကနေမာလာအရှေ့ကိုလမ်းလျှောက်ပြန်လာတိုင်း သူနဲ့ဆုံခဲ့ရပါတယ် ဂျင်းဂျာကင်နဲ့ ဂျင်းဘောင်းဘီနဲ့ တခါတလေပုဆိုးနဲ့ ပိန်ပိန်ပါးပါးပေါ့ (ကျွန်တော်တို့လမ်းကို ဒေါ်အရှာခြံလမ်းလို့ ခေါ်ပါတယ် အရင်က ဒေါ်အရှာဆိုတဲ့ကုလားသူဋ္ဌေးမကြီးနာမည်ကိုမှည့်ခဲ့တာပါ အဲဒီခြံကြီးတခုလုံးကိုသူကပိုင်ပြီး ခြံတွေခွဲရောင်းခဲ့တာပါ တည့်တည့် လမ်းအဆုံးမှာ ချက်ကိုစလိုဗက်ကီးယားသံရုံးရှိပါတယ် လမ်းထိပ်မှာ ချက် အဝါအမဲကြား သံရုံးဆိုင်းဘုတ်ရှိတာကလွဲလို့ လမ်းနာမည်ဆိုင်းဘုတ်မရှိပါဘူး ကိုအောင်မင်းတို့ပြောင်းလာတော့ သူ့အဖေက သူတို့မိတ်ဆွေတွေလာလည်တဲ့အခါ ရှာရလွယ်အောင် မာလာဆောင်ရှေ့တည့်တည့်မှာရှိလို့ မာလာလမ်းဆိုုပြီးသူကစခေါ်ဆိုင်းဘုတ်တင်ခဲ့လို့ ဒေါ်အရှာခြံလမ်း နာမည်ပျောက်ပြီး မာလာလမ်းရယ်လို့ဖြစ်ခဲ့ပါတယ်)
ကျွန်တော့်ညီမလေးက ကိုအောင်မင်းနဲ့စခင်တာပါသူ့ဆီကနေကျွန်တော်ကို ကီးဘုတ်တီးတတ်တယ်လို့ ကိုအောင်မင်းက ထင်သွားပြီးကျွန်တော့်ကိုခေါ်တွေ့ပါတယ်သူက အဲဒီတုန်းက "အီးမရှဲင်း"မှာတီးနေတာပါ နောက်သုံးရာသီဆိုတဲ့တီးဝိုင်းလည်းသူလုပ်ထားပြီးပါပြီ ကိုသိန်းဆွေကြီးက ကီးဘုတ်ပေါ့ ကိုပီတာကြီးက ဘေ့စ် ကိုချိုးတီက လိဒ် ကိုစံလင်းက ဒရမ်စ် သူတို့အိမ်ခန်းထဲသီချင်းတိုက်ကြရင်ကျွန်တော့်အခန်းကကြားရလို့မနေနိုင်တဲ့ကျွန်တော်က အပြေးလေးသွားနားထောင်ကြည့်ရပါတယ် စိုးစံက ကိုထင်လင်း ကလည်း ကိုအောင်မင်းနဲ့တော်တော်ရင်းနှီးပါတယ် သူ့ကိုလည်းအဲဒီမှာကျွန်တော်သိခဲ့ရတာပါ နောက် ကိုစိုးဟန် ပြုံးပြုံးပျော်ပျော်နဲ့ခင်စရာအကိုကြီးတယောက်နဲ့လည်းစသိခဲ့ရတာပါပဲ
ကိုသိန်းဆွေအဖိုးက ကျွန်တော်တို့အိမ်အရှေ့မှာနေတာပါ ဆရာကား ဆိုတဲ့ တက္ကသိုလ်ပါမောက္ခကြီးပါကျွန်တော်တို့က ဖိုးဖိုးကာလို့ခေါ်ပါတယ် ဆရာကား အမျိုးသမီးတွေ ရဲ့ကိန်မုန့်တွေ နံကထိုင် (ဆိပ်ဖြူအခေါ် လျှာပေါ်ဝဲ) တွေသူတို့အိမ်မှာ ခဏခဏဖုတ်လို့ကျွန်တော်တို့အိမ်အထိ ထောပတ်အနံ့တွေမွှေးနေတတ်ပါတယ် ကျွန်တော့်အဖွားကကြိုက်လွန်းလို့တောင်းပန်ပြီး ရောင်းခိုင်းခဲ့ရဖူးပါတယ် ကိုသိန်းဆွေနဲ့နောက်ပိုင်းကိုအောင်မင်းနဲ့ပါတ်သက်ပြီးခင်ခဲ့ရပါတယ် လက်မှာအမွှေးကြီးတွေနဲ့ မျက်ခုံးကောင်းကောင်း တကယ်ချစ်စရာခင်စရာကောင်းတဲ့ပညာတတ်ကြီးပါ
(ဆက်ပါအုံးမည်)
စန်းအောင်
မတ်-၁၀-၂၀၁၈