Dad and Mom

"အဖေက အမေကို ရယူခဲ့ပုံ"

ဖေဖေက- အားကစားသမားဖြစ်လို့

မေမေ့ကိုရခဲ့တာဆိုပဲ

ဖေဖေက ဘောလုံးကန် ခြင်းလုံးခတ်လို့ မေမေ့ကို 

ရခဲ့တယ်ပေါ့

မေမေက ခုခေတ်လိုဆိုရင် "မန်ယူဖဲန် လေဒီ" ဖြစ်ရင်ဖြစ်နေမှာပေါ့

-----

(အဖေတို့ခေတ်အကြောင်းဆိုတော့ အဲဒီခေတ်ကဝတ္ထုအရေးအသားလေးတွေနဲ့ ကြိုးစားရေးပြပါရစေဗျာ)

------

ခရစ်သက္ကရာဇ် ၁၉၅၇/၅၈ ခုနှစ်ခန့်၊ တပို့တွဲလအခါသမာယ၊ နေသာသောညနေခင်းတခုတွင် ရန်ကုန်မြို့ ငါးမိုင်ခွဲ ပြည်လမ်းမကြီးပေါ်၌တောင်ဖက်မှ မြောက်ဖက်သို့ မောင်းနှင်လာသော အနက်ရောင်အော်စတင်ဆီဒင်ကားတစီးသည် ရဲန်ဂွန်းယူနီဗာစီတီအနီးအင်းယားကန်နှင့် မနီးမဝေးအရပ်၌ သစ်ပင်ကြီးများပေါက်ရောက်ခြံရံလျှက်အရိပ်အာဝါသထုထုထည်ထည်၏အောက်တွင် ဖောက်လုပ်ထားသည့် ကျောက်ခင်းလမ်းလေးအထဲသို့ ချိုးကွေ့လိုက်ပြီးလျှင် လမ်းအလည်မကျတကျရှိ သရက်ပင် အုန်းပင် ကွမ်းသီးပင် မလကာပင် မကျည်းပင် စသည့်သစ်ပင်ကြီးများဖြင့်သိုက်သိုက်မြိုက်မြိုက်ရှိသော ခြံဝန်းကြီးထဲမှ အဖြူရောင်နှစ်ထပ်တိုက်ကြီး၏အရှေ့ ဆင်ဝင်အောက်၌ငြင်သာစွာထိုးရပ်လိုက်၏။

ကားပေါ်မှ အသက်ငါးဆယ်ကျော်ခန့် ဝဝဖြိုးဖြိုးတယောက် နှင့် အနေတော်လူကြီးတယောက်အပြင် အသက်နှစ်ဆယ်အစိတ်ခန့်ထောင်ထောင်မောင်းမောင်းလူရွယ်တဦးတို့တစုံတရာကိုပြောဆိုပွဲကျရီမောရင်းဆင်းလာကြသောအခါအိမ်မကြီးတံခါးဝအနားတွင်ရပ်နေသောအသက်လေးဆယ် ခန့်ငြားလှပသောအမျိုးသမီးကြီးတယောက်က သစ်လွင်တောက်ပသောအပြုံးကလေးဖြင့်ကြိုဆိုနှုတ်ဆက်ပြီးဧည့်ခမ်းအတွင်းသို့ ခေါ်ယူသွားပြီးလျှင်မဟော်ဂနီအရောင်သစ်သားကြိမ်ဆက်တီခုံကြီးများကိုညွှန်ပြနေရာထိုင်ခင်းပေး၍ အနားတွင်သီချင်းဖွင့်ထားသည့်နီညိုရောင် နေရှင်နယ်ရေဒီယိုကြီးကိုဧည့်သည်များစိတ်အနှောက်အယှက်မဖြစ်စေချင်းအလို့ငှာ ဒေါက်ကထဲပိတ်လိုက်၏။


ပလူကြီး။   ။နည်းနည်းနောက်ကျသွားတယ်ကွယ် ကမာရွတ်အဝိုင်းမှာ ကားအက်ဆီးဒဲန့်လေးတခုရှိလို့လမ်းပိတ်နေလို့ ကဲကဲ စားဖို့ပြင်တော့ မစားခင်ကိုယ်တို့နည်းနည်းလေး သောက်ဖို့ ပြင်ပေးပါအုန်းမခင်သန်းရေ (အပေါ်အကျီကြယ်သီးများကို ဖြုတ်လျက်)


မခင်သန်း။    ။ဟုတ်ကဲ့ပါတော် ပြင်ထားပြီပါပြီ


ကိုဘထွန်းကြီးတို့များမမြင်ရတာတော်တော်ကြာပြီမှတ်တယ်ထင်တယ်တော် အလုပ်တော်တော်များပုံရတယ်


ကိုဘထွန်း။    ။မင်းကတော်ကြီးလည်း မတွေ့တာအတော်ကြာလို့ထင်ပါရဲ့ ဝနေလှနေလိုက်တာ အရင်တုန်းကတည်းကလိုပါပဲဗျာ(ရီမောလျက်)ကိုစံတင့်တို့များမိန်းမရတယ်ကံကောင်းသကိုး(ပလူကြီးအား ကြည့်လျှက်)


မခင်သန်း။   ။ကိုဘထွန်းကြီးကပြောရော့မယ် ဒီအရေးပိုင်ဝန်ထောက်ကြီးကလည်း မတွေ့တွေ့တာနဲ့မြှောက်တော့တာပဲ (ရှက်ပြုံးလေးဖြင့်) ဟင်းတွေစုံနေအောင်ချက်ထားပါတယ်ရှင် ကဲ ထမင်းစားခန်းကိုကြွကြပါ


ကိုဘထွန်း။   ။မိတ်ဆက်ပေးရအုန်းမယ် ဟောဒါ ကျွန်တော်ပြောပြောနေတဲ့ မောင်တင်အောင်ဆိုတဲ့သူငယ်ပေါ့ ဘိလပ်ကပြန်လာတာမကြာသေးဘူး(လက်ဖြင့် လူရွယ်ဖက်သို့ညွှန်ပြလျှက်)


မောင်တင်အောင် ဒါက မခင်သန်း မင်းကတော်ကြီးမခင်သန်း မမ်မီမခင်သန်းပေါ့ကွယ်(လက်ဖြင့် မခင်သန်းဖက်ကိုညွှန်ပြလျှက်)


မောင်တင်အောင်။   ။(ခါးနှင့်ကိုယ်ကိုရို့လျက်)ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာကျွန်တော်တင်အောင်ပါအန်တီ(လက်ကိုဆန့်တန်းနှုတ်ဆက်ကြ၏)


များမကြာမီအချိန်အတွင်းတွင် ဆာလောင်နေကြပုံရသောလူကြီးနှစ်ဦးနှင့် တာဝန်ကျေစားနေပုံရသောလူရွယ်တို့ သုံးဦးကို စုံလင်သောအရောင်မျိုးစုံအရွယ်မျိုးစုံ ရသာမျိုးစုံ ဟင်းခွက်များ၊ ဝီစကီ ဆော်ဒါ ပုလင်း ဖန်ခွက်များ၊ အမြည်းနှင့် ထမင်းပွဲများတည်ခင်းဧည့်ခံထားသော ထမင်းစား စားပွဲကြီး၌ တွေ့မြင်နိုင်ကြရမည်ဖြစ်၏။


ကိုဘထွန်း။   ။ဒါနဲ့စကားမစပ် အယ်လီဇဘက် မတွေ့သေးပါလား (ပါတ်ဝန်းကျင်ကိုတချက်ဖြန့်ကြည့်လျှက်)


မခင်သန်း။   ။လာပါလိမ့်မယ်ရှင် ရေချိုးအလှပြင်နေထင်ပါရဲ့(ထမင်းဝိုင်းကိုယပ်ခတ်လျှက်)


အယ်လီဇဘက်။   ။သမီးဒီမှာပါအန်ကယ်  အန်ကယ်တို့ရောက်နေတာမသိလိုက်လို့ပါ (အခန်းတွင်းဝင်လာလျှက်)


ကိုဘထွန်း။   ။ ကဲမောင်တင်အောင် ဟောဒါပဲ အန်ကယ်မောင်ရင့်ကိုပြချင်တဲ့ အယ်လီဇဘက် ဘာကွဲ့ (ခေါင်းကို မခင်သန်းဖက်သို့အနည်းငယ်လှည့်၍) ကြည်ကြည် ဟုတ်လား အယ်လီဇဘက်ကြည်ကြည် ဟုတ်တယ်မဟုတ်လား


မခင်သန်း။   ။အယ်လီဇဘက်ကြည်ကြည်တင့် လို့ခေါ်ပါတယ် ကိုဘထွန်း (ယပ်ကို တချက်ခတ်လိုက်ပြန်၏)


ထမင်းပန်းကန်ကိုသာစိုက်ကြည့်၍စားနေသော မောင်တင်အောင်က ထမင်းစားခန်းတွင်းသို့ ဆင်မယဉ်သာဟန်လေးဖြင့်နွဲ့နွဲ့နှောင်းနှောင်းဝင်လာသောအက်လီဇဘက်ကြည်ကြည်တင့်ကို တချက်လှမ်းကြည့်လိုက်ရာ စူးစမ်းသလို သူ့ကိုကြည့်နေသောသူမ၏ရွှေသမင်မျက်ဝန်းတစုံနှင့် အကြည့်ချင်းဆုံသွားသည့်ခဏတာ နှစ်ဦးစလုံး၏ရင်ဘတ်တွင်း၌ဒိတ်ကနဲရင်ခုန်သွားကြပြီးလျှင်နှစ်ဦးစလုံးက၎င်းတို့၏အကြည့်များကိုကိုယ်စီရုတ်သိမ်းလိုက်ကြ၏။


ထိုကဲ့သို့ အကြည့်ချင်းဆုံပြီးရင်ခုန်ကြပြီးသည့်နောက်တွင်တဦးနှင့်တဦးထပ်မကြည့်ဖြစ်အောင်နှစ်ယောက်စလုံးကအထူးသတိထား၍နေသော်ငြားလည်းတချက်တချက်တွင် လူကြီးများအလစ်၌အကြည့်ချင်းထပ်ဆုံမိကြပြန်၏။ ရင်များ ဒိတ်ကနဲထပ်ခုန်ကြပြန်၏။သူတို့နှစ်ယောက်စလုံးကလူကြီးများ၏စကားပြောများကို နား၌ကြားနေရသော်လည်း ဘာကိုပြောနေကြမှန်းရေရေရာရာမသိနိုင်ကြတော့။ သူတို့ကြားနေရသည်ကသူတို့၏ရင်ခုန်သံများပင်တည်း။လူကြီးများက သောက်လိုက်စကားပြောလိုက် ရီလိုက်ဟားလိုက်စားလိုက်ရှိသလိုလူငယ်နှစ်ယောက်ကလည်း ခိုးကြည့်လိုက်ရင်ခုန်လိုက်အကြည့်ချင်းလွှဲလိုက်ဖြင့်မကြာမီအချိန်တွင်စားသောက်တွေ့ဆုံပွဲပြီးစီး၍ဧည့်သည်များပြန်ရတော့မည့်အချိန်သို့ရောက်လာ၏။ဧည့်သည်များမပြန်ခင်အချိန်မီးဖိုချောင်တွင်း၌သမီးဖြစ်သူကမအေကြီးအနားသို့ကပ်၍တစုံတရာကိုတီးတိုးပြောဆိုလိုက်ရာမင်းကတော်ကြီးကခေါင်းတချက်ညိမ့်လိုက်ပြီးဧည့်သည်များစကားပြောနေကြသောဧည့်ခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီးလျှင် မောင်တင်အောင်နှင့်မနီးမဝေးတွင်ဝင်ထိုင်လိုက်၏။


များမကြာမီအချိန်တွင်ရန်ကုန်မြို့ကမ်းနားလမ်းရှိစထရဲင်းဟော်တယ်၌နှစ်ဖက်သောမိဘဆွေမျိုးမိတ်သင်္ဂဟများခြံရံလျှက်သိုက်မြိုက်ဝင့်ကြွားစွာကျင်းပသောမင်္ဂလာလက်ထပ်ပွဲတခုကိုမြင်ကြရမည်ဖြစ်၏။


"အခါတော်ပေးတာကနတ်ရွေးငယ်ရွှေစာ."စသည်ဖြင့် မြန်မာလူမျိုးတို့၏ မင်္ဂလာပွဲတိုင်း၌ မပါမဖြစ်အမြဲပါဝင်သီဆိုလေ့ရှိသည့် မင်္ဂလာတီးလုံးတေးသွားအလိုက်ရင်ခုန်စွာလမ်းလျှောက်လာသော၊ နံသာရောင်ခေါင်းပေါင်း ရင်ဖုံးတိုက်ပုံအကျီနှင့် တောင်ရှည်ပိုးပုဆိုးကို ခန့်ငြားသပ်ယပ်စွာဝတ်ဆင်ထားသည့် ယောကျာ်းပီသ၍ အသားညိုညို အရပ်မြင့်မြင့် မပြုံးတပြုံး သတို့သားမောင်တင်အောင်နှင့် နံသာရောင်ထိုင်မသိမ်းအကျပုဝါ ဆံထုံးအမြင့် ရတနာရွှေငွေများဖြင့်အတိပြီးသော ချစ်စဖွယ်ရှက်ပြုံးလေးဖြင့် ခေါင်းငုံ့၍ လှချင်တိုင်းလှ နေသည့် အက်လီဇဘက်ကြည်ကြည်တင့်တို့အတွဲကို ခမ်းမကြီးအတွင်းရှိဧည့်ပရိဿတ်များကဝိုင်းဝန်းသြဘာပေးလက်ခုတ်တီးကြပြီး  မှတ်တမ်းတင်ကင်မရာမင်းများက မီးများတဖြောင်းဖြောင်းပွင့်လျှက်ဓာတ်ပုံရိုက်ယူကြရာတွင် ခမ်းမကြီးတခုလုံးတလက်လက်တဝင်းဝင်းဖြစ်နေလျှက်ရှိတော့၏။


( ဟူး.. ဖေဖေတို့ခေတ်လိုတွေးရေးရတာ မလွယ်ဘူးဗျာ)

အဲဒီမှာ ဖေဖေ့ကို မေမေက အချက်တွေနဲ့ ကြည့်ပြီး လက်ခံခဲ့တယ်လို့ ဖေဖေက ပြောပြပါတယ်

အရပ်မြင့်ရမယ်-  ဖေဖေ့အရပ်က ခြောက်ပေလောက်ရှိတော့ အိုခေပေါ့ 

ဝိတ်အလှကစားတဲ့ ဆိပ်ဖြူမောင်ဆိုတော့ အရပ်နဲ့ဘော်ဒီကလည်း မိုက်တယ်ပေါ့ဗျာ

နောက် ဘိလပ်ပြန်စာတတ်ရမယ် ဘိုလိုလည်းပြောနိုင်ရမယ်-

ဖေဖေကစာတော်တော့ ပညာတော်သင်အင်္ဂလန်မှာစာသင်အလွှတ်ခံရတဲ့ကျောင်းသား

"ဘွတ်ရွှတ်"ရတယ် "တဲန်ဂို" "ချာချာချာ" အက အကုန်ရ

(အဲဒီခေတ်က အဲလိုဇာတ်လမ်းတွေများခဲ့တယ်လို့ကြားဖူးပါတယ် အတွင်းဝင်ဦးဘထွန်း (ဖိုးလေးဦးဘထွန်းက အကောက်ခွန်မင်းကြီးသမီးကြီးအတွက် ဘိလပ်ပြန်တယောက်ကိုရှာပေး "မြန်း"ပေးခဲ့တာလို့ဆိုကြပါစို့)

အသောက်အစား "ဆိုရှယ်လောက်"ဆိုတာလည်း

ပါသေးသတဲ့

နောက်ဆုံးအချက်ကတော့ ခပ်ဆန်းဆန်း

အပေါ်မှာရေးထားသလို မေမေက ဖွားဖွားမမ်မီကို ကပ်ပြောလိုက်တာက-

သူကြိုက်တယ်ပေါ့

ဒါပေမဲ့ ဖေဖေ့ခြေသလုံးမှာ အမွှေးတွေရှိရင်တော့ သူမယူပါရစေနဲ့ ရှိ/မရှိ မမ်မီ ( အဖွား ဒေါ်ခင်သန်း ) ကပဲ ဖေဖေ့ကို စစ်ပေးကြည့်ပေးပါဆိုလိုက်လို့

မင်းအဖွားက ဖေဖေ့ကို အဲဒီနေ့က မပြန်ခင် အိမ်တံခါးအထွက်နားမှာ အားတော့နာပါတယ်မောင်တင်အောင်ရယ် အန်တီကို ခြေသလုံးလေးတွေလှစ်ပြစမ်းပါလို့ဆိုလို့ ပြလိုက်ရသတဲ့ ဖေဖေက သူညစ်ပတ်/မညစ်ပတ် အနာရွတ်တွေ အနာတွေရှိ/မရှိစစ်တာလို့

ထင်ခဲ့သတဲ့

နောက်မှ အမွှေးရှိ/မရှိ စစ်တာသိရသတဲ့

ဖေဖေက  ဘောလုံးသမား ခြင်းခတ်တော့ အမွှေးတွေအကုန်ပြောင်နေတာလို့ သူကရီရီမောမောပြောပြရှာပါတယ်

စာနဲ့လှအောင်ရေးရရင်-

ဖေဖေ ဘောလုံးကန် ခြင်းလုံးခတ်လို့ မေမေ့ကို 

ခဲ့တယ်ပေါ့


(ဖေဖေပြောပြဖူးတာလေးကို-

မမြင်ဖူးမတွေ့ဖူးလိုက်ရတဲ့

ဖေဖေနဲ့မေမေ တွေ့ဆုံပုံ အဖြစ် လွမ်းမောသတိရစွာ

ရေးဖွဲ့မိပါတယ်)


သားအခန်း မကြာမီ လာပါ့မယ်ဗျာ

စန်းအောင်

ဇန်နဝါရီ-၂၀-၂၀၁၈