Fathers Day

အဖေနေ့ ဆိုတာ ကျွန်တော်ငယ်ငယ်တုံးက မသိခဲ့ဘူး။

အမေနေ့၊ အဖေနေ့၊ ချစ်သူများနေ့ ဒါတွေဟာ

ဘာသာတရား ယုံကြည်မှု့ တခုခုကနေ လာတာလို့ ဆို ရင် ဗုဒ္ဓဘာသာ ကနေလာတာတော့ မဟုတ်ဘူးလို့ နားလည်တယ်။

ဘာပဲဖြစ်ဖြစ် လူတော်တော်များများက အဖေကို သတိရလိုက်၊ အမေကို သတိရလိုက်၊ ချစ်သူကို သတိရလိုက် ဆိုတော့ ကျွန်တော်လည်း ကိုယ်နဲ့ ဆိုင်တာကို သတိရတဲ့ သဘောပါပဲ။

အဖေ မရှိတော့ တဲ့ သူငယ်ချင်း ဆွေမျိုးများ အတွက် ထပ်တူ ဝမ်းနည်းခံစားမိတာ အရင် ပြောချင်တယ်။

တူတော့ နဲနဲ မတူဘူး၊

ကျွန်တော်က အမေ မရှိတော့ တဲ့သူ။ နဲနဲတော့ ကွာမယ်၊ ဒါပေမဲ့ ကျွန်တော် သူတို့တွေရဲ့ အဖေကို လွမ်းဆွတ်တမ်းတမှုကို မျှဝေခံစားမိပါတယ်။

တကယ်ဆိုတော့-

အဖေ တွေဟာ အမေတွေလိုပဲ၊သားသမီးတွေအတွက် မှတ်မှတ်မိမိ လေးစားနေရမဲ့

ရင်ထဲက ကျေးဇူးရှင်တွေ။

ကဲ -

အဖေများနေ့ မှာ ကျွန်တော့် အဖေ အကြောင်း ပြောချင်တယ်။

သိထားတဲ့ သူငယ်ချင်း ဆွေမျိုးများ သည်းခံဖတ်ရှုပေးကြပါ။

ကျွန်တော် ဖေဖေ ခုထိ အသက်ရှင်နေသေးတယ်၊ရန်ကုန်မှာ တယောက်ထဲနေတယ်။

ညီမလေးက သူ အိမ်ထောင်နဲ့ ကလေးတွေနဲ့ သူ့ဟာသူ ကျွန်တော့်လို ရှုပ်နေတာ။

ဖေဖေ့ အကြောင်း စပြောရရင်-

သူက စနေသား၊ အချိန်တော်တော်များမှာ အေးဆေးပဲ၊

ဒေါသထွက်တဲ့အချိန် တော့ တော်တော်ကြောက်ဖို့ ကောင်းတယ်။

ချောက်မြို့ တဖက်ကမ်းက "ဆိပ်ဖြူ"လို့ ခေါ်တဲ့ မြို့နေ ဆွေကြီးမျိုးကြီး တစုထဲက ပေါက်ဖွားလာခဲ့တာ။

ကြက်သွန်ခင်းတွေ၊ လယ်ကွင်းတွေ၊ ဆီစက်တွေ ပိုင်တဲ့ ရဟန်းဒကာ၊ ဘုရား၊ ဘုန်းကြီးကျောင်း ပြဿဒ် အလှူရှင်တွေပေါ့။

ငယ်ငယ်တုံးက-

ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် တွေ၊ မြို့ အလှပဂေး လေးတွေ ရင်ခုံခဲ့တဲ့ အရပ်မြင့်မြင့်၊ ရင်အုပ်ကားကား ညိုညိုမောင်းမောင်း ပညာတတ်လေး။

"ဆိပ်ဖြူမောင်"ဘွဲ့ ရတဲ့ မောင်။

ကျွန်တော့် မေမေ့ အဖွားရဲ့ အဖေက အင်္ဂလန်သား၊

ရန်ကုန်မှာ တာဝန်ထမ်းဆောင်ရင်း မန္တလေးသူ နဲ့ အိမ်ထောင်ကျခဲ့တာ။

ရန်ကုန်မှာ အင်းယားကန် ပြည်လမ်း မှာ နေတဲ့ အကောက်ခွန်မင်းကြီးသမီး ယူနီဗာစီတီ ကျောင်းသူလေး  အဲဒီတုံးက ရှပ်ရှင်မင်းသမီး ဒေါ်ကြည်ကြည်ဌေးတို့ မေရီမြင့် တို့လို တောင့်တောင့်ဖြောင့်ဖြောင့် ခါးသေးရင်ချီ ရေဆေးငါး မေမေ့ကို ဖေဖေ ဘယ်လို ရယူခဲ့သလဲဆိုတာ တွေးကြည့်ကြပါ။

ဒါက ကျွန်တော်လိုက်လို့ မမီတဲ့ ဖေဖေ့ အရည်အချင်းတခု။

ဆရာမင်းသိင်္ခလိုများ ရေးတတ်ရင်

"ဆိပ်ဖြူနမောင်ရဲ့ဘီအေသူ" ဆိုပြီး အင်္ဂလိပ်ခေတ်နဲ့ လွပ်လပ်ရေး ရပြီးခေတ် နောက်ခံ အချစ်ဝတ္တုကြီး ရေးလိုက်ချင်ပါတယ်။

နောက် ဘီအိုစီ ရေနံကုမ္ပဏီမှာ အရာရှိ၊ ချောက်မြို့

က မျက်နှာဖြူတွေ အတွက်ဆောက်ထားတဲ့ တောင်ကုန်းတွေပေါ်မှာ ရှိတဲ့ အိမ်ကြီးတွေမှာ လင့်ရိုဘာကားနဲ့  အမဲလိုက်တဲ့ လိုင်စင်သေနတ်နဲ့ ဒီလို နေခဲ့တာ။

ဖေဖေ ကံဆိုးတာက-

သူ ဂျာမဏီကို ၅နှစ် စာသင်ဖို့ လုပ်နေတုံး သူ့ ရဲ့

ချစ်ဇနီး ကျွန်တော်တို့ရဲ မေမေ ဖျားရာကနေ ဆေးသုံး ဆေးထိုး ဆေးမှားပြီး ရေတိမ်နစ်ရှာခဲ့တာ။

ကျွန်တော်မှတ်မိတယ်။

ဖေဖေပေါ့ ရှိုက်ရှိုက်ပြီး ငိုတာ။ (ကျွန်တော်တို့ ရှေ့မှာ မငိုဘူး)

ကျွန်တော်တို့ အိပ်နေတုံး။

ကျွန်တော် လန့်နိုးသွား ပေမဲ့ သူသိသွားမှာစိုးလို့ အသာလေးငြိမ်နေခဲ့ရတယ်။

 PA PA သီချင်းစာသားတွေက ဖေဖေ့ကို ရည်ညွှန်းစပ်ဆိုထားသလို ခံစားရတယ်။

မှတ်မိသေးတယ်။

အဲဒီတုံးက သူ နောက်မိန်း မ တယောက် ကောင်းကောင်း ယူလို့ ရတာ။

သုဝဏမြို့သစ်မှာနေတဲ့ အန်တီ ဖြူဖြူဖွေးဖွေး အရပ်မြင့်မြင့် တောင့်တောင့်ဖြောင့်ဖြောင့် တယောက်ဆိုရင် ကျွန်တော်တို့ကို သားသား သမီး လို့ ခေါ်တယ်၊ နမ်းနမ်းပြီးသိပ်ချစ်တာ။

ဖေဖေ သူ့ကို ယူလိုက်ရင် သားတို့ သမီးတို့လို မျိုး နောက်ထပ်ကလေးတွေ ရလာမှာတဲ့။

သူက မင်းတို့ကို ချစ်လည်း သူ့သားသမီးတွေကို ပို ဦးစားပေးမှာ ဆို ပြီး သူ မယူခဲ့ဘူး။

အဲဒါ ဖေဖေရဲ့ ကျွန်တော် မလုပ်နိုင်တဲ့ အရာ နောက်တခု။

နောင် နှစ်များများကြာမှ ဂျာမဏီမှာ တွေ့ခဲ့ခင်ခဲ့တဲ့ သွေးဆုံး အပျိုကြီးကို

ဆေးပေးမီးယူ အဖြစ်လက်ထပ်ခဲ့တယ်။

ကျွန်တော်တို့ သူနဲ့ လိုက်မနေတော့ဘူး။

အမေ့ဖက်က အဖွားနဲ့ပဲ နေတော့တယ်။

ဖေဖေ့ကို နားလည်မှု မရှိခဲ့ဘူး။

ဖေဖေ ဘယ်လို ခံစားရမလဲ မတွေးခဲ့ဘူး။ မတရားဘူးပေါ့ ။

ခု မေမေစုက ဆုံးသွားရှာပြီ။

အရင်က အမဲလိုက်၊ ငါးမြှား၊ ဒေါသ သိပ်ပြီး ကြီးတဲ့ ဖေဖေဟာ-

ခုတော့ တရားထိုင်နေပါပြီ။

ကျွန်တော် ခရစ်ယာန်မလေးကို လက်ထပ်ဖို့ ပြောခဲ့တော့ ဖေဖေက "အေးလေ မင်းအကြောင်းပဲ ငါ ဘာမှ မတားပါဘူး"တဲ့ ။ အဲလို တရား နဲ့ ပြောခဲ့တယ်။

ကျွန်တော် အိမ်ထောင်ကျပြီးတဲ့ အချိန်အထိ ဆိပ်ဖြူမှာရော ရန်ကုန်မှာပါ ကိုရင်၊ ရဟန်း ခဏခဏ ဝတ်ပေးခဲ့ပါတယ် ။

မိဘကျေးဇူးဆပ်တဲ့ အထဲမှာ ကိုရင်ဝတ် ရဟန်းဝတ်တာလဲ တခုအပါအဝင်ဖြစ်ပါတယ်။

ဒါပေမဲ့ ခရစ်ယာန်နဲ့ လက်ထပ်ခဲ့လို့ ဖေဖေ့ ရင်ထဲ ဘယ်လိုခံစားခဲ့မလဲ ဆိုတာ အဲဒီတုံးက မွှန်နေလို့ မသိခဲ့တာ ခွင့်လွှတ်ပါ။

ဒါပေမဲ့ သူ ကျွန်တော့်မိန်းမကို ချစ်ပါတယ်၊ သမီးနဲ့ရမှပဲ မောင်စန်းအောင် ကို စိတ်ချရတော့တယ်လို့ပြောပါတယ်။

ဖေဖေသင်ပေးခဲ့တာ၊ ဆုံးမခဲ့တာ အများကြီး။

လက်ရေး ဘယ်လိုရေးရမလဲ အစ၊ စာဘယ်လိုကျက်ရမလဲ အဆုံး။ လက်ရေးရေးရင် 

တည့်တည့်ရေးနိုင်ရင် အကောင်းဆုံး မရေးနိုင်ရင် မင်းရဲ ့ ညာဖက်ကို စောင်းရေးလို့ သင်ပေးခဲ့တယ်။

ဂဏန်းသခ်ျာဆိုရင် ဥပမာ ၁၂၃ နဲ့ ၁၂၃ နဲ့မြှောက်

မယ်ဆိုရင်  ၁ နဲ့ ၁ ကို အရင် စမြှောက် ရာဂဏန်းဖက်ကို ရာဂဏန်းနဲ့ စမြှောက်ပါတဲ ့။ လူဆိုတာ အရင်စ လုပ်တာက အမှား ပိုနည်းတတ်တယ် ကြာလာရင် အမှား ပါလာတတ်တယ်။

မင်းမြှောက်တဲ့ ရလဒ်က ခုဂဏန်းနေရာမှားတာက အနီးဆုံး ရလဒ်ဆိုပြီး ဆရာက လက်ခံနိုင်တယ်၊ရာဂဏန်းမှာ မှား ရင် သေချာပေါက်မှားမယ် ဆိုပြီး

သင်ပေးခဲ့တယ်။

ချိုးချန်ချွေတာ တဲ့နေရာလဲ ကျွန်တော် မမှီဘူး။

ငယ်ငယ်တုံးက သံပုရာသီးစျေးကြီးတဲ့အချိန် ရှိခဲ့ဖူးတယ်။

သူ ၀ယ်မစားခဲ့ဘူး။ တနေ့ ကျွန်တော်တို့ကို ပြောတယ်။

အသိအိမ်သွားလည်တုံးက

"သူတို့က ချမ်းသာတယ်ကွ၊ သံပုရာရည် တိုက်မှာ မင်းတို့ အရမ်းစွတ်မသောက်ကြနဲ့ ဖြေးဖြေးသောက်" ဆိုပြီး။

တခါ ကျွန်တော် ဒုတိယနှစ် RC2 မှာ သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးသွားဖို့ ဖေဖေ့ဆီ မုံ့ဖိုုးသွားတောင်းတုံးကဖြတ်ခဏဲ အိပ်ခန်းထဲဝင်သွားပြီး တခုခု သွားယူတော့ ဒီက ကောင်က ပျော်ပြီပေါ့ဗျာ။

ကြည့်ရတာ ငါတော့ ရ၅ တန် အုပ်လိုက်ပဲလား ၉၀ တန် အုပ်လိုက်ပဲလားပေါ့။

မှန်းချက်က လွဲပုံ။

လား လား  သူယူလာတာက

ကျိုက်ထီးရိုးက တောင်ပေါ်မှာ ရောင်းတဲ့ တောင်ဝှေး နဲ့ မြက်ဦးထုပ်ဗျာ။

သူက ပြောသေးတယ်၊

သား ..

မင်းဒါတွေ ယူသွားလေ ငါ ဟိုတခေါက်တုံးက ၀ယ်ခဲ့တာ အလတ်ကြီးပဲ ရှိသေးတယ် မင်းဟိုရောက်ရင် ပိုက်ဆံမကုန်တော့ဘူးပေါ့

ဆိုပြီး ပြောတော့-

ကျွန်တော်က မျက်လုံးမျက်ဆန် ပြူးပြီး 

ဟာ ..

ဖေဖေကလဲ 

ဒါတွေကိုင်ထားရင် လူတွေက ကျွန်တော့်ကို ဝိုင်းကြည့်ကြမှာပေါ့ ဟုတ်လား 

ရာမည ကားဂိတ်မှာ တောင်ဝှေးတွေ ဝါးသေနတ်တွေ မြက်ဦးထုပ်တွေကိုင်ထားတဲ့သူတွေကို ကြည့်

ဒါဟာ ကျိုက်ထီးရိုး တောင်ပေါ်ပြန်ဆိုတာ လူတိုင်းလက်ခံတယ်။

ခုတော့ မနက်စောစောကြီး အသွား ကားဂိတ်မှာ မလုပ်ပါနဲ့ ဖေဖေရယ် ဆိုတော့ သူ အတင်း မပေးပါဘူး။

ဘာပဲပြောပြော အဲလို ချိုးချံချွေတာကို ခုထိမှတ်မိနေခဲ့တယ်။

သား ဖြစ်သူကိုလဲ အထင်ကြီးတယ် အားပေးတယ်။

တကယ်က သူက ပိုသာတာ။

မြန်မာ အင်္ဂလိပ် ဂျာမဏီ  ဘာသာတွေ တကယ်ကျွမ်း။

SHELL Company ရဲ့ ၁၉၈၈တုံးက ဒါရိုက်တာ ၅ ယောက်ထဲက ၂ယောက်လောက်ဟာ ဖေ့ဖေ့ ကျောင်းနေဖက် သူငယ်ချင်းတွေ။

မဆလ ခေတ်တုံးက ကျွန်တော်သူ့ကို မေးဖူးတယ်။

ဖေဖေ၊ ဖေဖေ က ဘာလို့ ဝန်ကြီးမဖြစ်တာလဲ ?

ဖေဖေ့သူငယ်ချင်းတွေ ဦးအောင်ခင်တို့ ဦးသန်းညွန့်တို့ ဝန်ကြီးဖြစ်ကုန်ပြီ  ကျွန်တော် ၉၂၉ လေး ၃၂၃ လေး မောင်းချင်လို့ဆိုတော့

သူက - ငါနောက်တန်းမှာပဲ နေချင်တယ် မင်းမသိပါဘူး

လူကြီးဖြစ်ရင် ကျားစာ ကျွေးခံရမယ်တဲ့ 

ငါက ဂွကျကျပြောတတ်တာ ခဏနဲ့ အလုပ်ပြုတ်သွားမယ် တဲ့။

ဓာတ်ဆီဆိုင်မှာ ဆီထဲ့ပေးတဲ့ ဝန်ထမ်းကို ဘောက်ချာထဲ ကျပ်တန်တွေ ညှပ်ပြီး ဆီကို ဂိတ်ပြည့် ထဲ့ဖို့ ကျွန်တော်က ပေးမိတာ သူတွေ့

သွားလို့ စိတ်ဆိုးခဲ့တဲ့ဖေဖေ။ မင်း ဝန်ထမ်းကို ဖျက်ဆီးတဲ့ကောင်ပဲ မင်း လှူချင်ရင် အဲဒီကောင်အိမ်မှာ သွားပေး။

သူတာဝန်ထမ်းဆောင်တဲ့အချိန်မပေးရဘူး

ဒါ အပြစ်ပဲလို့ ဆုံးမခဲ့တဲ့ဖေဖေ။

အများကြီး။

ရေးရင် မပြီးနိုင်ဘူး။

အနှစ်ချုပ်ရရင် -

ကျွန်တော့်ဖေဖေက ကျွန်တော့်ထက် အစစ အရာရာ သာလွန်တယ် ဆိုတာကို ပြောပြရသလို

သူငယ်ချင်းများရဲ့ အဖေတွေ ကို ပါ ဂုဏ်ပြုရင်း  အဖေများနေ့ 

အကြောင်းပြုပြီး ရေးသား ဝေငှလိုက်ရပါကြောင်း။