The Son's Turn

"သားအလှည့်လာပါပြီ"


အဟမ်း အဟမ်း

ကျွန်တော်ကျတော့ ဘယ်လိုတော်လို့ ကျွန်တော့အချစ်(မိန်းမ)ကို ရခဲ့ပါသလဲ

ဖေဖေက "အားကစားသမား"မို့ မေမေ့စာမေးပွဲမှာ ဂုဏ်ထူးနဲ့အောင်ခဲ့သတဲ့

ကျွန်တော်ကျတော့- (နိုင်ငံရေးသိပ္ပံဆိုတဲ့ ပီအက်(စ်) ဘာသာကိုစိတ်ဝင်စားခဲ့တာကတချက်)

နောက်

("အနုပညာသမားဖြစ်လို့ "ဒါမှမဟုတ် "အနုပညာဝါသနာ နည်းနည်းပါလို့ ") ဆိုတာက တချက်ရယ် ကြောင့်

မီးအိမ်ရှင်ကို ရခဲ့တာပါ


အခန်း(၁)

နိုင်ငံရေးသိပ္ပံဘာသာနှင့်ကျွန်တော်

---------------------------------------------


အထင်မကြီးလိုက်နဲ့အုန်း ဒီလိုပါ ကျွန်တော်တို့က ဆိုရှယ်လစ်ခေတ်မှာကျောင်းတက်လာခဲ့ရတော့ ပထမ "ဘောဂဗေဒ" ဆိုတာနဲ့ စ, လေ့လာခဲ့ရတယ် "အပေါ်ထပ်အဆောက်အအုံ" "လူနဲ့အညမည"ဘာညာပေါ့ဗျာအသေကျက်ရတယ် နောက်"အာစီတူး" "ဒေသကောလိပ်" နောက်" ရာဇူး" ခေါ် "မိန်း" ထဲ မှာအဲဒီဘာသာက "နိုင်ငံရေးသိပ္ပံ" ဆိုပြီး "မိုင်နာ"အနေနဲ့ပါခဲ့ပါတယ် ပြောချင်တာက နိုင်ငံရေးသိပ္ပံ  စကားလုံးဝေါဟာရတွေကို ကျွန်တော်က နားရည်ဝတယ် အဲဒီစကားတွေနဲ့  ရွှီးတတ်တယ် စကားပြောရင်ထည့်သုံးတတ်တယ် ကျွန်တော်က ဖိုင်နယ်ရောက်တော့အတန်းမမှန်ဘူး တီးဝိုင်းအကြောင်းပြ စိတ်လေတာတွေလည်းပါပါတယ် အပျော်များသွားတာမျိုး အဲတုန်းက အိမ်ကို အဒေါ်ဆီကို လာလည်တဲ့"အချစ်"ကိုစ,တွေ့ ကြိုက်မိတယ်

ကျွန်တော်တို့အိမ်က သူတက်နေတဲ့"အီကို" နဲ့နီးတော့ သူ့အဖေ ကျွန်တော့်အဒေါ်ယောက္ခမကြီးက သူ့ကို (ဒီအိမ်ကနေကျောင်းတက်ရင်အချိန်ကုန်လူသက်သာမယ်) လို့စီစဉ်တော့ အဒေါ်တွေနေတဲ့အောက်ထပ်မှာ သူ့ကိုအမြဲမြင်နေရတဲ့သူ့ရဲ့အလှက ကျွန်တော့်အကြိုက်မျိုး ဖြစ်နေတာဆိုတော့ ကြိုက်တော့တာပေါ့ဗျာ

သူက သူ့သူငယ်ချင်းတွေနဲ့ဆိုပျော်ပျော်ပါးပါး နောက်နောက်ပြောင်ပြောင်နေတတ်ပေမဲ့ ကျွန်တော်နဲ့တွေ့ရင်တည်သလားမမေးနဲ့ တကယ်မလွယ်တဲ့ပုံ

အဲဒါနဲ့ ကျွန်တော်ရောကြည့်တယ် ဟာသတွေပြောတယ် မရီမပြုံးဘူး သူကသိပုံရတယ်( ဒီဘဲ ငါ့ကိုတော့ လာကြွိုင်နေပြီ သတိထားရမယ်) ဆိုတဲ့ပုံမျိုး ဘယ်လိုရောရမလဲ တွေးတယ်

သူက "အီကိုကျောင်းသူ" ကျွန်တော်က "ရူပဗေဒကျောင်းသား" မေဂျာကလည်းမတူ  သူ့လက်ရေးလေးတွေကိုလည်း ကြည့်ချင်တော့ ဘာစာအုပ်ဘယ်လိုငှားရမလဲတွေးလိုက်တော့ 

(ဘာငှားရမလဲ အင်္ဂလိပ်စာ ငှားရမလား  အင်္ဂလိပ်စာက (သင်ရိုးညွှန်းတန်းမတူဘူး) ဆိုပြီး  သူငြင်းလိုက်နိုင်တယ် သေချာတာကို ငှားရမယ်) ဟား ကျေးဇူးရှင် "ပီအက်စ်" ခေါ် "နိုင်ငံရေးသိပ္ပံ" ကိုသွားတွေ့ပြီး

(အန်တီညွန့်စိန် ကျနော့်ကို ပီအက်စ်ငှားပါ သင်တာအတူတူပါပဲ ကျွန်တော်ပီအက်စ်ဘာမှမတက်ထားလို့ပါ) လို့ ရွှီးပြီးသူ့စာအုပ်ငှားရတယ်  ရိုးရိုးငှားလို့တော့မရဘူး

တတ်ထား သိထားတဲ့ နိုင်ငံရေးသိပ္ပံ စာလုံးတွေ လျှောက်ရွတ်ပြရတာပေါ့ အဲဒီအခါကျမှ သူက ( ဪ သူစာဖတ်တာဟုတ်ပါလား တကယ်ကူးချင်တာထင်ပါရဲ့) ဆိုပြီး ငှားတာ

(အဒေါ်ကို အန်တီခေါ်သလို အဒေါ့်ယောကျာ်းညီမဆိုတော့ ကျွန်တော့်ဝမ်းကွဲမောင်နှမတွေက အန်တီညွန့်စိန်လို့ သူ့ကို ခေါ်သလိုကျွန်တော်ကလည်း အန်တီ လို့ခေါ်ခဲ့တာ) 

တရုပ်သိုင်းကား (တက္ကသိုလ်ဘုန်းကြွယ်ဘာသာပြန် သိန်းငှက်သူရဲကောင်း)ထဲက အချစ်စုံတွဲမှာ မင်းသား(မောင်မျှော်မြင်)က မင်းသမီး(နဂါးမယ်လေး)ကို အန်တီခေါ်သလိုမျိုး တအန်တီထဲတီခဲ့တာ

သူ့စာအုပ်လေးက အဖုံးလေးနဲ့သပ်သပ်ယပ်ယပ် စာတွေကများတော့ အချိန်ပေးပါဆိုပြီး သုံးရက်လောက်ဆွဲထားလိုက်တယ်

(တကယ်က ကျွန်တော်ကူးစရာမလိုပါဘူး အတန်းထဲက ကျွန်တော့်သူငယ်ချင်းကောင်မလေးတယောက်ကအမြဲကူးပေးပြီးသားပါ အဲဒီကောင်မလေးက ကျွန်တော့်ကို ရိုးရိုးခင်တာပါ)

ပြောရရင် သူ့ကိုသတိရတိုင်း ကျွန်တော့်ဘေးနားမှာထားတဲ့သူ့ စာအုပ်လေးကိုနမ်းရတယ် (ဏှာဘူးပေါ့)  စာအုပ်လေးကိုအိပ်ယာဘေးထားအိပ်ပြီး နိုးတာနဲ့ ကောက်ကောက်ကိုင်တော့ အဖွားက(အမယ်-ဒီကောင်စာကြိုးစားတယ်တော်တယ်)ဆိုုပီး မိန့်မိန့်ကြီးပြုံးရှာတယ်

နောက် ပြန်ပေးခါနီးကျတော့ ခဲတံလေးနဲ့ စာအုပ်စာမျက်နှာအဆုံးမှာ (ချစ်တယ်) လို့ ရေးပစ်လိုက်တယ်

ဟောဗျာ လူကြီးတွေကို သွားပြတယ် အဒေါ်က ခေါ်ဆူရော ( မင်းအဲလိုမလုပ်ပါနဲ့)တဲ့

အဲဒီမှာ သူ့အချစ်ကိုရဖို့ အစပျိုးလိုက်နိုင်တာက နိုင်ငံရေးသိပ္ပံ ဘာသာကြောင့် ဆိုပြီး ကျွန်တော်က ကောက်ချက်ချရတာ (ခန့်ငြားအောင်ပြောရရင်) ကျွန်တော်နိုင်ငံရေးသိပ္ပံ သမားမို့ သူ့ကိုချစ်တယ်ပြောလိုက်နိုင်တာ 


အခန်း(၂)

အနုပညာသမားတယောက်အကြောင်း

---------------------------------------------------

ကျွန်တော်ဆိုတဲ့အကောင်က ဟိုးငယ်ငယ်ကနေကောလိပ်, ရာဇူး (မိန်း)ထဲရောက်တဲ့အထိ  ကောင်မလေးတွေကို ယဉ်ယဉ်လှလှ နုနု ချစ်စရာလေး တွေ တွေ့တာနဲ့ ကိုယ့်မျက်လုံးထဲ မိုက်သွားရင်  ဟာ ဒါ ငါ့ ဖူးစာရှင်လားမသိဘူး ဆိုပြီး ညိညိသွားတော့တာပါပဲ

ငယ်ငယ်ကကြိုက်ခဲ့တဲ့တယောက်ဆိုရင် ပထမအတန်းတူနေရာကနေ နယ်ပြောင်း ကျောင်းပြောင်းသွားတော့ သူ့ကိုမမြင်ရတော့လို့ သူ့မျက်နှာလေးကို မြင်ယောင်ပုံဆွဲရင်း မျက်နှာပုံရေးတတ်ခဲ့တယ် တကယ်က "ကြောင်"နေတာပါ လူကြီးတွေက အမယ် ဒီကောင်ပန်းချီပိုးပါတယ် အနုပညာသမားပဲ ဆိုခဲ့တာပေါ့ဗျာ

ကိုယ်ကြိုက်ခဲ့သမျှကောင်မလေးတွေအထဲက တချို့က အပြတ်ငြင်းတယ်

တချို့က (ဟုတ်သလိုလိုနဲ့ ) ဒို့ကရိုးရိုးခင်တာပါဆိုတာမျိုး

တချို့ကျတော့ ကြိုက်မှန်းလည်းသိရော ပြေးတော့တာပါပဲ

တချို့က (ဒီအကောင် ဏှာဗူး မုန်းတီးရွံရှာစရာအကောင်)လို့တောင် သတ်မှတ်လိုက်ပုံပါပဲ

အဲလိုမျိုး ကောင်မလေးတွေက နည်းမျိုးစုံနဲ့ငြင်းပယ်ခံခဲ့ရတော့ ကျွန်တော်က အိမ်မှာအဆွေးသီချင်းတွေဂီတာတီးအော်ဆိုတော့တာပါပဲ

အဲဒီအခါမှာ အဒေါ့်ယောကျာ်းနဲ့အမျိုးတော်တဲ့ ကျွန်တော့ဇနီးလောင်းကောင်မလေးက အိမ်လာလည်ရင်း ကျွန်တော်သီချင်းဆိုတာမိုက်သွားလို့ ခိုက်သွားတယ်ထင်ပါသလား အဲလိုထင်ရင်မှားသွားမယ်

ရှင်းပြပါ့မယ်ဗျာ ကျွန်တော်က ကီးအမြင့်ကျင့်ကျင့်နေကျ သီချင်းတွေကို အော်ပြီး ရင်ဖွင့်ဆိုလေ့ရှိပါတယ်

တလမ်းထဲအတူနေငယ်သူငယ်ချင်း "တယ်ရီ" ခေါ်"မင်းဆက်"က ကျွန်တော့်ကို (ဟေ့ရောင်မင်း တာမွေဗလီမှာ အလုပ်သွားလျှောက်ပါလား မင်းအသံနဲ့ဆို ဗလီဆရာတွေသေချာပေါက်မင်းကို ဗလီပေါ်မှာ အော်ဖို့ ခန့်လိမ့်မယ်) လို့ အနားလာလာပြီးအမြဲအားပေးနေကျကိုး

ဟော- ကျွန်တော့်အချစ်လောင်းလေးက ကျွန်တော်သီချင်း ဟဲနေတဲ့အချိန် ကြားတဲ့အခါ ကျွန်တော့်အဒေါ်ကို အမ.. ( သူ့အကိုက ကျွန်တော့်အဒေါ်အမျိုးသားမို့လို့ ကျွန်တော့်အဒေါ်ကိုသူက အမခေါ်တာပါ) (အမရေ ဘယ်က ကလေးငိုနေတာလည်း) လို့ မေးသတဲ့ ကဲ အဲလိုဆိုရင် -"ကျွန်တော်က အနုပညာသမား သီချင်းဆိုကောင်းလို့"  အချစ်က "ခိုက်" သွားတာမဟုတ်ဘူးဆိုတာသိကြလောက်ပါပြီ

အခုအိမ်ထောင်သက်ရလာတော့လည်း ကျွန်တော်အိမ်မှာသီချင်းဆိုတဲ့အခါ(ယောကျာ်းရယ်ရိုးရိုးဆိုပါအသံကြီးကို "သ," ပြီးမဆိုစမ်းပါနဲ့ )လို့ ပြောနေကျချီးကျူးနေကျပေါ့ဗျာ

နေအုန်း  "ဆို"တာကိုပဲချီးကျူးတာလားမဟုတ်သေးဘူး အသံတွေဘာတွေကောင်းအောင်ဗွီဒီယိုတွေဘာတွေလုပ်တဲ့အခါသူ့နားထောင်ခိုင်းရင် (ဘာမှထူးမလာပါဘူးဒီအတိုင်းပဲအချိန်ကုန်တာပဲရှိမယ်ထင်တယ်)လို့သြဘာပေးလေ့ရှိပါတယ်

"ပုံဆွဲဒီဇိုင်းဘာညာ"ဆိုရင်လည်း (ရှု့ခင်းလေးတွေလုပ်ပါ လူတွေနားမလည်နိုင်တာတွေကိုအချိန်ကုန်မခံနေပါစေနဲ့) ဆိုပြီးထောက်ခံလေ့ရှိပါတယ်

စာလေးဘာလေးရေးတဲ့အခါကျတော့ (တော်တော်အားနေတယ်ထင်တယ်) လို့အားပေးပါတယ်ဗျာ

ကဲ ဒါဆိုဘာ့ကြောင့်အနုပညာသမားဖြစ်လို့သူကခိုက်သွားရသလဲ

ရှင်းပြပါ့မယ်

ဒီလိုပါ သူကမြို့ထဲမှာ ကွန်ပျုတာသင်တန်းတက်တုန်းက

( အဲတုန်းက ကွန်ပျုတာပေါ်ခါစဆိုတော့ "အမာထည်" "အပျော့ထည်" "အင်ပွတ်" "အောက်ပွတ်"  "ဒစ်စ်အော်ပရေးရှင်းစစ်စတမ် ၃.၀" " ဝေါ့ဒ်ပါဖက်ဖ်၅.၁" " အိပ်ဇဲလ်၃.၀" ( မှားရေးမိတာကို ကိုသိန်းဆွေက ထောက်ပြလို့ အိပ်ဇဲလ်နေရာမှာ Lotus 123 နဲ့ပြင်ပြီးဖတ်ပေးပါ တောင်းပန် ပါတယ်ဗျာ )ဆိုတဲ့ အပလီကေးရှင်းတွေ "ပါစကယ်" " ကိုဘော့" " ဘေ့ဆစ်" ဆိုတဲ့ ပရိုဂရမ်တွေ သင်ရတယ်  ဝင်းဒိုးစ်တွေဘာတွေမလာသေးဘူး)

ကျွန်တော်သူကျူရှင်မတက်ခင် အဝင်အပြင်မှာ သွားစောင့်တယ် (ကျူရှင်ပြီးရင် ကျွန်တော်ပြောစရာရှိလို့ စောင့်နေမယ်) လို့ ပြောလိုက်တော့ ခပ်တည်တည်ပြန်ကြည့်တယ်

(အင်း လို့လည်းမပြောဘူး ဟင့်အင်း လို့လည်းမပြောဘူး)

ကျူရှင်လည်းပြီးရော သူငယ်ချင်းတယောက်နဲ့တွဲဆင်းလာတယ်

ကျွန်တော်က ( အန်တီညွန့်စိန် ) ဆိုပြီးလှမ်းပြောလိုက်တော့ လှည့်ကြည့်ပြီး (ဒို့ကိစ္စရှိလို့ နောက်မှပြော) တဲ့

(ဟာဗျာ အစောထည်းကပြောသင့်တာပေါ့ )

အဲတုန်းက မြို့ထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်းစောင့်ခဲ့ရတာခုခေတ်လို ဖုံးလေး အင်တာနက်လေးပွတ်အချိန်ဖြုန်းလို့ရတဲ့ခေတ်မှမဟုတ်တာ

စိတ်ဓာတ်တော်တော်ကျသွားတယ်

သူ့အချစ်ကို လွယ်လွယ်ရခဲ့တာတော့မဟုတ်ဘူး တော်တော်ခက်တာပါ

နောက် ရက်တော်တော်ကြာလာပြီးနောက်ပိုင်း အိမ်အောက်မှာ အိမ်အပြင်ဖက်ခြံထဲထိုင်တဲ့ခုံရှည်ကြီးပေါ်မှာထိုင်ရင်း နှစ်ယောက်စကားပြောဖြစ်ကြတယ်

ကျွန်တော်က သူ့ကို "ချစ်ကြောင်းမြတ်နိုးကြောင်း" ဘာမှမပြောတော့ဘူး

(တော်ပါပြီ အန်တီညွန့်စိန်ရယ် ကျွန်တော့်ဘဝမှာ မိန်းခလေးတွေနဲ့ အချိန်ကုန်ခဲ့တာများပါပြီ ဘယ်သူကမှ အကောင်းမမြင်ဘူး အကုန်လုံးလိုလိုက မုန်းကြတယ် ရွံကြတယ် ဝေးဝေးရှောင်ကြတယ်) ပြောရင်း တကယ်ဝမ်းနည်းလာလို့ သူ့အနားကနေ ရုတ်တရက်ထထွက်သွားမိတယ်

မထလို့မဖြစ်တော့ဘူး ကျွန်တော့် စိတ်ထဲမှာ ဒါဏ်ရာတွေကများနေပြီဆိုတော့ ရင်ထဲက မျက်ရည်တွေက ဆည်ကျိုးသလို မျက်လုံးမှာပြည့်လာတာကို သူ့ရှေ့မှာမပြချင်ဘူး

(နောက်မှ သူပြန်ပြောပြတာက ကျွန်တော်အဲလိုပြောပြီးထထွက်သွားတဲ့အချိန်မှာ သူဘယ်လိုခံစားလိုက်ရတယ်ဆိုတဲ့အကြောင်းပါပဲ ပါတ်ဝန်းကျင်တခုလုံးအကုန်ဝါးသွားသတဲ့ ငူငူကြီးကျန်ခဲ့ပြီး သူ့ကိုယ်သူပြန်သတိထားမိတဲ့အချိန်မှာ သူလည်းမျက်ရည်တွေကျနေသတဲ့လေ)

နောက်တော့ ကျွန်တော်သူနဲ့ပြန်မတွေ့အောင်နေခဲ့တယ် တော်တော်ကြာသွားတယ်

တနေ့သူနဲ့ညီအမလိုခင်တဲ့သူ့အချစ်ဆုံးသူငယ်ချင်းတယောက်ကကျွန်တော့်ရုံးကို (အဲဒီတုန်းက ယူစီစီ မှာ ကျွန်တော် အလုပ်ဝင်နေပြီ)ဖုံးဆက်လာပြီး ပြန်စေ့စပ်ပေးလို့ သူကျွန်တော့်ကိုချစ်မှန်းသိခဲ့ရတယ်

"ကြည်ကြတယ်" ဆိုပါစို့ဗျာ

(ကျွန်တော်နဲ့သူနဲ့ဆိုရင်သူက နစ်နာတယ် သူကဘယ်သူ့ကိုမှမချစ်/မကြိုက်ခဲ့ဖူးဘူး သူ့အချစ်ဦး /သူ့ယောကျာ်းကကျွန်တော်တယောက်ထဲပဲ ကျွန်တော်ကတော့ အကုန်ကြိုက်ခဲ့တာ)

ပြန်စဉ်းစားကြည့်မိတော့ ကျွန်တော့်ရဲ့ ခံစားတတ်တဲ့ အနုပညာဓာတ်ခံတွေကြောင့် သူ့ကို ဖမ်းစားနိူင်လိုက်တာ ဟန်ဆောင်ပြီး တမင်သရုပ်ဆောင်တာတော့မဟုတ်ပါဘူး

(တကယ့်ကိုရင်ထဲ မှာ ဝမ်းနည်းလာတယ် တုန်ရီလာတယ် နောက်ခြာကနဲ ထ, ထွက်သွားတယ်)ဆိုတာက အကယ်ဒမီဇာတ်ညွှန်း အကယ်ဒမီဒါရိုက်တာ နဲ့ အကယ်ဒမီမင်းသားတွေရဲ့ လုပ်ပုံလုပ်နည်းတွေအတိုင်း ရင်ထဲကနေ လုပ်မိသွားတာပါ


အခန်း(၃) နိဂုံး

သုံးသပ်ချက်

-------------------


ဒါကြောင့် သူ့အချစ်ကို ရဖို့ -

ပထမ  ချစ်တယ်ပြောဖို့လိုတယ် ( နိုင်ငံရေးသိပ္ပံဘာသာ အတန်း"လက်ချာ"ယူထားတဲ့ သူ့စာအုပ်ထဲမှာ ရေးလိုက်မိရတဲ့ ကျွန်တော့်ရဲ့စာကြောင်းလေး)

ဒုတိယ  သူက သူ့ကိုယ်သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာကို ဝန်ခံဖို့ ဖြေဖို့လိုတယ် 

(သီချင်းဆို/ ပန်းချီရေး /ဓာတ်ပုံ ဗွီဒီယို/ စာရေး တာတွေကြောင့်တော့မဟုတ်ပေမဲ့ ကျွန်တော့်ရဲ့တကယ်ခံစားခဲ့ရတဲ့ ရင်ထဲကဝမ်းနည်းခြင်း ကို အနုပညာဆန်ဆန်ဖော်ပြမိ ပြောမိ လုပ်မိတာ) တွေကြောင့်ပါပဲ

ကျွန်တော့်အနေနဲ့ (နိုင်ငံရေးသိပ္ပံဆိုတဲ့ ပီအက်(စ်) ဘာသာကိုစိတ်ဝင်စားခဲ့တာကတချက်) နောက် ("အနုပညာသမားဖြစ်လိုဒါမှမဟုတ် "အနုပညာဝါသနာ နည်းနည်းပါလို့ ") ဆိုတာက တချက်ရယ် ကြောင့် မီးအိမ်ရှင်ခေါ် ပဲ့ကိုင်ရှင်ကို ရခဲ့တာပါလို့ပြောပြပါရစေ

အားလုံးကျေးဇူးပါဗျာ

စန်းအောင်

ဇန်နဝါရီ-၂၇-၂၀၁၈