First Love
"အချစ်စစ်ပွဲ သုံးပွဲ"
ဆိုင်တော့ မဆိုင်ဘူး
အင်္ဂလိပ်က ကျွန်တော်တို့နိုင်ငံကို စစ်ပွဲ သုံးပွဲ နဲ့ သိမ်းခဲ့တယ်
စစ်ပွဲ သုံးပွဲ အပြီးမှာ
ဘုရင်ခေတ်က ကိုယ့်ထီးကိုယ်နန်းနဲ့ နေခဲ့ရတာတွေ အကုန်ဆုံးရှုံး ခဲ့တယ်
အဲလိုပဲ
ကျွန်တော်ရဲ့ ငယ်ငယ်က လွတ်လွတ်လပ်လပ်ရှိနေတဲ့စိတ်တွေမှာ ဒီအချစ်ဆိုတာကြီးကို "သုံးခါတိတိ" ဝင်လာခွင့်ပေးလိုက်တဲ့နောက်ပိုင်း
ဒါမှမဟုတ်-
မိန်းခလေး သုံးယောက်ကို အရူးအမူး
ကြိုက်ခဲ့ မြတ်နိုးခဲ့ စွဲလမ်းခဲ့တဲ့ နောက်ပိုင်း
ငယ်ငယ်ထဲက စိတ်ထဲမှာ ရနေခဲ့တဲ့
ပျော်ရွှင်လွတ်လပ်ခွင့် ဆိုတဲ့အရာတွေကို
ကျွန်တော် ဆုံးရှုံးလိုက်ရပါတော့တယ်
"အချစ်စစ်ပွဲ (၁) ဒါမှမဟုတ် ပထမ အိပ်မက်"
ရန်ကုန်မြို့လမ်း များ အိမ်များ
နှစ်ကာလကြာမြင့်၍ မြင်ကွင်းများ အားလုံးပြောင်းလဲခဲ့ရာတွင်-
ယခင်မြင်ကွင်းနှင့် မတူပြောင်းလဲခဲ့သည့်
မြင်ကွင်းအသစ်များသည် ကျွန်တော့်အတွက်
တစိမ်းဆန် နယ်မြေအသစ်မြင်ကွင်းများအဖြစ်
အံ့သြထူးဆန်းစေခဲ့၏
မြင်ကွင်းများပြောင်းလဲခဲ့သော်လည်း-
"မ"ကို ချစ်မြတ်နိုးစွဲလမ်းခြင်းများ မပြောင်းလဲ
မြင်ကွင်းသစ်များက အသစ်အာရုံကို
ဖြစ်စေခဲ့လို-
"မ"ကို ချစ်သော တမ်းတလွမ်းဆွတ်မှုများက
လည်း ကျွန်တော့်ရင်ထဲတွင် အမြဲတန်း
အသစ်ဖြစ်နေ၏
"မ" ပျိုးခဲ့ စိုက်ပေးခဲ့သော ကျွန်တော့်
ရင်ထဲက အချစ်ပန်းသည် လန်းဆန်းနေဆဲဖြစ်၏
နွယ်ပင်ဆိုသည်မှာ-
ရစ်ပတ်တွယ်နှောင်တတ်သော အပင်ဖြစ်၏
"မ"အမည်တွင် "နွယ်" ပါနေသဖြင့်ကျွန်တော့်ကို
ရစ်ပတ်ချည်ချည်နှောင်ဆဲ ဖြစ်နေသည်ဟု ထင်မိ၏
မဟုတ်ဘူး
"နွယ်" နာမည်ကြောင့် မဟုတ်ဘူး
သူ့ကို ချစ်ခဲ့ခြင်းသည် နာမည်ကြောင့်
မဟုတ်
သူမှာ အခြားနာမည်ပါနေရှိနေလျှင်လည်း
စွဲလမ်းမှုသည် တူတူပဲ ဖြစ်လိမ့်မည်
"မ"နှင့် ပါတ်သက်သော အရာအားလုံးသည်
မနေ့တနေ့ကလို လန်းဆန်းလတ်ဆတ် နွေးထွေး
ရှိနေဆဲပါပဲ"မ"
သူ့နာမည်က
"ပန်းဝေနွယ်"
ကျွန်တော်က သူ့ကို မိနွယ်လို့ ခေါ်တယ်
သူက ကျွန်တော့်ရဲ့ ငယ်ချစ်ဦး
(သူက ဘာမှ မဖြစ်ဘူးနော်
အထင်မှားကြမှာ စိုးရိမ်လို့ ထပ်ပြောပါရစေ
သူက ကျွန်တော့်ကို ရိုးရိုးသူငယ်ချင်းထက် မပိုခဲ့ရှာဘူး)
ပြောရင် အကုန်လန့်သွားမယ်
သုံးတန်းလောက်ကတည်း က သူ့ကို ကြိုက်ခဲ့တာ
(ဖွန်ကြောင်တာလို့ တချို့က ပြောကြတယ်)
အချစ်ဝတ္ထုတွေလိုမျိုးဆိုရင်-
ရင်ခုံမိတာ ဘယ်တတ်နိုင်မလဲ
ကိုယ်က တမင်ခုံခိုင်း ခုံချင်တာမှ မဟုတ်တာ
သူ့ဖာသာဖြစ်လာခဲ့တာကိုး
ပြောပြပါ့မယ်
မူလတန်းကျောင်း "က" ပွဲ
ကျောင်းသူကျောင်းသားတွေ "က" တဲ့ပွဲ
ကျွန်တော်က "ဖိုးသာထူး အလွန်ဝတဲ့ဖိုးသာထူး"
ဆိုတဲ့ ကဗျာသရုပ်ဖော် "က" တယ်
သူက သင်္ကြန်အကတခုကို "က" တယ်
မင်းသမီးဝတ်စုံလေးနဲ့
အဲဒါလေးနဲ့ ကြိုက်ရသလားဆိုတော့
မကြိုက်သေးပါဘူး
အက တိုက်တဲ့အချိန် အက နားနေတဲ့ အချိန်မှာ-
အန်တီလှလှလေးတယောက်က
ကျွန်တော့နားကို လာပြီး ယုယုယယ စကားလာပြောခဲ့တာလေးက စ, ခဲ့တာပါ
အဲဒီ အန်တီ ကျွန်တော့်ကို လာ စကားပြောခဲ့တာဟာ
ကျွန်တော့်ရဲ့ ရင်ထဲမှာ
"မ" အမြဲတမ်းနေခွင့် လာလျှောက်လွှာတင်လိုက်တာပါပဲ လို့ ပုံခိုင်းချင်တယ်
ဒီလိုပါ
ကျွန်တော့်မေမေက-
ကျွန်တော်သုံးတန်းတက်တဲ့ နှစ်မှာပဲ နေမကောင်း
ဆေးမှားသောက်ရာကနေ အိမ်မှာ ဆုံးခဲ့တယ်
မေမေက အထက်တန်းကျောင်းဆရာမ
"မ"အမေ အန်တီလှလှလေးက မေမေ့ရဲ့ အချစ်ဆုံးသူငယ်ချင်း
အန်တီမေ လို့ဆိုပါစို့
အန်တီမေက-
အနားလာပြီး ကျွန်တော့်ပါးလေး ပုခုံးလေးကို
ယုယုယယ ဖက်ပြီး အားပေးခဲ့တယ်
သိပ်မကြာခဲ့တဲ့အချိန်တုံးက ကျွန်တော်
မေမေ့ကို ဆုံးရှုံးခဲ့ရတာ အန်တီမေက သိနေတယ်
မေမေ့ကို လွမ်းနေလို့ သတိရနေတာတွေကို အန်တီမေက နှစ်သိမ့်ပေးတယ်
ကျွန်တော် အန်တီ့ရင်ထဲမှာ အသံမထွက် မျက်ရည်မကျအောင်ထိန်းပြီး ငိုခဲ့တယ်
အနားမှာ အခြားကျောင်းသားတွေရော
မိဘတွေ ဆရာတွေပါရှိတော့ ရှက်တာကိုး
တိုတိုပြောရရင်-
အဲဒီအန်တီမေနဲ့ပဲ အိမ်ကိုလိုက်သွားချင်တယ်
မဟုတ်ဘူး
တခါထဲ တူတူ နေချင်တယ်
"သား" လို့ ခေါ်လိုက်တဲ့ အန်တီမေ့ မျက်ဝန်းတွေက
အမေတယောက်ရဲ့ မျက်လုံးတွေလိုပါလား
အန်တီမေ့ကို ချစ်တယ်
အန်တီ့မေ့ဆီက
မိခင်မေတ္တာကို ရတယ်
အဲဒီမှာ"မ" အမေမှန်းသိတော့
"မ" ကံကောင်းလိုက်တာ ဆိုပြီး
အားကျမိတယ်
"မ"ကို ဂရုပြုမိသွားတယ်
ကြည့်မိသွားတယ်
နောက်-
"မ" က, တာတွေကို သေချာအားပေးကြည့်လာမိတယ်
ကြည့်ရင်း တအားကြည့်မဝဘူး ဖြစ်လာတယ်
အိမ်မှာ တူတူနေရရင် သူ့အကတွေ ပိုကြည့်ရမှာပဲ ဘာညာပေါ့ ကလေးတွေးတွေ ဖြစ်ခဲ့တယ်
"မ""က" နေတဲ့အချိန်-
သူ့ မေးစေ့လေးဆတ်ကနဲ ပစ်"က" လိုက်တဲ့အချိန်
ကျွန်တော့် ရင်ဘတ်ကြီးပါ "ဘတ်ကနဲ စစ်ကနဲ" ဖြစ်ခဲ့တယ်
ထိုင်မသိမ်းအကအဝတ်နဲ့ ခြေခတ်လှည့်လိုက်လို့
သူ့ထမီအစတွေ ဝိုင်းလည်လွင့်သွားသလို-
ကျွန်တော့်ရင်ထဲမှာလည်း ဘာတွေလည်ပြီး လွင့်လွင့်သွားသလဲ မသိဘူး
မဆန်းဘူးလား
အချစ်ဝတ္ထု အချစ်ရုပ်ရှင် ဘာမှ မဖတ် မကြည့်ဖူးတဲ့ အရွယ် ကလေးလေး ဘဝမှာ
ချစ်တာကြိုက်တာတွေ လုံးဝ မသိသေးတဲ့အရွယ်မှာ
"မ" ကြောင့် ကျွန်တော်ရင်ခုံခဲ့တာလေး
"မ"က စာတော်တယ်
ဆုနှစ်တိုင်းရတယ်
အဲဒီအခါ ကိုယ်လဲစာတော်ချင်လာတယ်
ဆုယူရင် တူတူထိုင်ချင်လို့ တူတူ တန်းစီချင်လို့
(ရည်ရွယ်ချက်က ကြီးတယ်
အဖေ အဖွား ဦးလေး နဲ့ အဒေါ်တွေသာ သိရင် ပက်လက်လန်သွားနိုင်တယ်)
"မ" နဲ့ ပါတ်သက်ရင် သဝန်တိုတတ်ခဲ့တာ အဲဒီတုံးကထဲက ဆိုတာကို နောက် အထက်တန်းကျောင်း ရှစ်တန်းရောက်တဲ့ အချိန်ကျမှ ပြန်စဉ်းစားသိလာရတယ်
"မ"အနားကပ်နေတဲ့ ရိုးရိုးယောကျာ်းလေးသူငယ်ချင်းတွေအားလုံးကို "မ"နဲ့ ခပ်ဝေးဝေးကို တွန်းပို့ချင်တယ်
"မင်းတို့ ဘာလို့ "မ"နဲ့ စကားပြောရတာလဲ
သွားကြစမ်း အဝေးကို သွားကြ"
"မ"အနား ကိုယ်ကလွဲလို့ ဘယ်သူမှ ရှိမနေရဘူး
"မ"အနား မှာ အမြဲထိုင်နေချင်တယ်
သူစကားပြောတာတွေ နားထောင်ချင်တယ်
သူလိုတာ ကူပေးချင်တယ်
ကိုညီ (ကိုင်ဇာ)ရဲ့ ကိုယ်ရံတော်တပ်မှူးလေး သီချင်းလိုပေါ့
ကျောင်းပိတ်ရက် အိမ်မှာကစားရင်
ကစားစရာကားလေးကို လက်နဲ့ကိုင် တွန်းမောင်းကစားတဲ့ အခါ-
"မ"ကို စိတ်ကူးယဉ်လေ့ရှိတယ်
ကိုယ်က ကားမောင်း "မ"က ဘေးကထိုင်လိုက်တာမျိုး
အိမ်တအိမ်လုံးရန်ကုန်မြို့ လို စိတ်ထဲက သဘောထားပြီး ကားမောင်း ကားတွန်းရင် "မ"ပါတယ်
အိပ်ခန်းက ကျွန်တော်နဲ့ "မ"နဲ့ နေတဲ့
မိသားစု အိမ်လေးပေါ့
ဘုရားခန်းက ရွှေတိဂုံဘုရား
မီးဖိုချောင်က စျေး
ဧည့်ခန်းက မြို့ထဲပေါ့
ဧည့်သည်တွေကို ဧည့်ခံတဲ့ ကော်ဖီစားပွဲက
သိမ်ကြီးစျေး
တခါးပေါက်နား တခါတလေ မိုးရွာလို့ ရေလေးတွေ အပြင်ဖက် လသာဆောင် ကြမ်းခင်းမှာ နည်းနည်းရှိ
နေရင် ဒါ ကမ်းနားလမ်းဆိပ်ကမ်းပေါ့
အဲဒီနား ကားလေးထိုးပြီး "မ"နဲ့ စကားတွေပြော
လေညှင်းခံကြတယ်
(ကျွန်တော်တို့ငယ်ငယ်က လူကြီးတွေ ညဖက် ရုပ်ရှင်ကြည့်အပြီး တရုတ်တန်း ဖက် တခုခုထပ်စားကြပြီးရင် ကမ်းနားမှာ ကားထိုး လေညှင်းခံစကားပြောကြတာမျိုးပေါ့)
စိတ်ကူးယဉ်ပြီး ပါးစပ်က တိုးတိုးလေး ပြောနေတာ
တခါတလေ လူကြီးတွေက ကိုယ့်ကို ရူးနေသလားလို့ တောင်မေးဖူးတယ်
စိတ်ကူးယဉ်နေတဲ့ ကောင်ပဲတဲ့
ကြမ်းပေါ် ကားလိုက်တွန်းတာ ဒူးတွေလည်းမဲ နာလို့
ဒါပေမဲ့ ပျော်တယ်
စိတ်ထဲမှာ "မ"နဲ့ အမြဲတမ်းတူတူကိုး
သူ့ကို စျေးပို့ပေးလိုက် ဘုရားပို့ပေးလိုက်နဲ့
ဒီလိုနဲ့ မူလတန်းကျောင်းကနေ
အထက်တန်းကျောင်း နှစ်ယောက်လုံး
ရောက်သွားတယ်
အတန်းခွဲ တူတူကျတယ်
အတန်းခွဲ တူဖို့ မလွယ်ဘူး
ပျော်လိုက်တာမပြောနဲ့
အတန်းထဲမှာ သူ့အနောက်ကခုံမှာ ရအောင်
ထိုင်တယ်
"မ"ခဲတံ ခဲဖျက် ပေတံ ပြုတ်ကျရင် ကောက်ပေးတယ်
ခဲတန်ကျိုးရင် ချွန်ပေးတယ်
ဆရာမက သူ့စားပွဲပေါ် အိမ်စာ စာအုပ်လာထပ်ကြပါ
လို့ ဆိုလိုက်ရင်-
သူ့စာအုပ်လေးပါ လှမ်းယူ ပြေးထပ်ပေးရတာ
အဲဒီလိုမျိုး-
ကျွန်တော် သူ့အတွက် သူ့အနောက်ကနေ ထိုင်ပြီး
ဖြည့်ဆီးကူညီ မြတ်နိုးနေမိခဲ့တာတွေကို
"မ" မမှတ်မိနိုင်ပါဘူး
သူက ရိုးရှင်းတာလေ
စာသင်ရင် ဆရာမက အတန်းသားတွေကို
ဖတ်စာအုပ်ကနေ စာဖတ်ခိုင်းလေ့ရှိတယ်
"မ"ဖတ်ပြီးတဲ့ အချိန် ဆရာမက-
" ကဲ မောင်စန်းအောင် ဆက်ဖတ်"
ဆိုရင် တက်ကြွသလားမမေးနဲ့
ဆရာမ ဖတ်ခိုင်းချင်တာထက် ပိုသွားတတ်လို့ ဆရာမက လက်ကလေးပြ တားယူခဲ့ဖူးတယ်
ပထမအချစ်စစ်ပွဲမှာ ဒါဏ်ရာလေးတခုရတာ ပြောရအုံးမယ်
ခြောက်တန်းနှစ်မှာ-
"မ"တို့ အဖေအမေက နယ်ပြောင်းတော့ "မ"ကို ကျောင်းထုတ် သွားတယ်ဗျာ
"မ"ပျောက်သွားတယ်
"မ"နဲ့ထိုင်လေ့ရှိတဲ့သူငယ်ချင်းတွေနားမှာ
ကျွန်တော် မထိုင်ချင်တော့ဘူး
ဘေးမှာ သပ်သပ်သွားထိုင်တယ်
ကျောင်းတက်ရတာ စိတ်မပါတော့ဘူး
စာမေးပွဲ အမှတ်တွေလည်းကျလာတယ်
အဆင့်တွေ မကောင်းတော့ဘူး
လွမ်းတယ် ဆိုတာကို သေသေချာချာမသိသေးပဲ
လွမ်းနေတယ်
ရင်ထဲမှာ လေခိုနေသလို တခုခု ရှိနေတယ်
ဒါပေမဲ့ အဲဒီတခုခု က ဘာမှ လည်း ရှိမနေဘူးပေါ့
ဘာမှန်းလည်းမသိဘူး
ပျောက်နေတာကို ရင်ထဲမှာ သိနေတာ
အဲဒီမှာ-
"မ"မျက်လုံးလေး
ဆံပင် အလယ်တွန့်လေး ပါအောင် "မ"ပုံတွေ ဖိ ဆွဲရင်း လူပုံ မျက်နှာပုံ ရေးတတ်လာခဲ့တယ်
ကျွန်တော့ညီမလေးက ရိပ်မိတယ်
"အင်း ငါ့ အကိုတော့ ဒါနဲ့ပဲ သေမှာပဲ" တဲ့
ညီမလေးက ပုံတွေ မြင်တာနဲ့ သူက သိတယ်
မသိတဲ့ အိမ်က လူကြီးတွေက-
"အမယ်..ဒီကောင် ပန်းချီဝါသနာပါတယ် မဆိုးဘူး"
ဆိုပြီး ကောက်ချက်ချကြတယ်
(တိတ်တခိုးစွဲလမ်းနေတဲ့ ကောင်မလေးတယောက်
မြင်ကွင်းက ပျောက်သွားလို့ အလွမ်းပြေ ပုံဆွဲနေမှန်းသိရင် တဏှာရူးပဲလို့ ပြောင်းပြောကြမယ်)
တဏှာရူးမဟုတ်ဘူး
ပြောပြအုံးမယ်
"မ"ကို ဏှာဗူးကျပြီး ကြိုက်တာတော့ မဟုတ်ဘူး
သိပ်သေချာတယ်
သူ့ကို စတွေ့မှတ်မိတဲ့အချိန်ကနေ ခုချိန်ထိပဲဆိုတာ
ကျွန်တော် အာမ, ခံရဲတယ်
ကျွန်တော်တို့ ယောကျားလေးတွေက
မိန်းခလေးတွေကိုဆိုရင် နှုတ်ခမ်းလေးတွေ ကို
နမ်းချင်သလို ကြည့်တတ်ကြတယ်။
မိန်းခလေးတွေရဲ့ တင်သားတွေ ရင်သား
တွေနဲ့ ပေါင်တံတွေ ခါးလေးတွေ ခြေသလုံးသား
လေးတွေ လက်မောင်းအိုး အသားလေးတွေ
ဆံပင်လေးတွေ မျက်တောင်လေးတွေ
ကိုယ်သင်းနံ့လေးတွေ ကို ချောင်းကြည့်/သိသိ
သာသာကြည့်ပြီး ရင်ခုံတတ်ကြတယ်။
ကျွန်တော် "မ"ကို အဲဒီစိတ်တွေ ဘာမှ မဖြစ်ခဲ့တာကို ဪ-
ကိုယ်က ငယ်သေးလို့ ကလေးမို့ အဲဒီတုန်းက
အဲဒီစိတ်တွေ မဖြစ်သေးတာပဲ လို့ ထင်ခဲ့တယ်
အသက်လေး နည်းနည်းကြီးလာတော့
၈ တန်းကနေ လိမ္မော်ရောင် ရီဂျင်နယ်ကောလိပ် ရောက်တဲ့အထိ..
ကျွန်တော် "မ"ကို တွေ့တိုင်း မြင်တိုင်း ...
အို.. မဟုတ်ဘူး အခုအထိပါပဲ
"မ"ကို အခုပြန်တွေ့တော့ အဲဒီလိုမျိုး သားစိတ်မယားစိတ်တွေ တခုမှ လုံးဝမဖြစ်ပါလားဆိုတာကို
ကိုယ့်ကိုကိုယ် သတိပြုစစ်ဆေးတွေ့မိတယ်
သူက အရုပ်ဆိုးလို့၊ ရွဲလို့
ခုတော့လည်း အိုသွားလို့
ဆိုပြီး ဘာညာစိတ်တွေ မဖြစ်တာတော့ မဟုတ်ဘူး
အခု အသက်တွေကြီးမှ ပြန်တွေ့ရတဲ့အချိန်မှာ
သူ့ကို အိုသွားပါလားလို့ ထင်ကိုမထင်တာ
မညာဘူူး
သူ့မျက်လုံးလေးတွေကို ကျွန်တော်က မှတ်မိနေတာ
စွဲလမ်းနေတာ
"မ"မျက်လုံးလေးတွေက အရင်အတိုင်း
ထက်ထက်မြက်မြက် လွင်လွင်လေး
သူ့ ရဲ့မိန်းခလေးတို့ ယောကျာ်းလေးတွေကို ဆွဲဆောင်တဲ့နေရာအစိပ်အပိုင်းတွေကို
ကျွန်တော် ဘယ်တုံးကမှ စူးစမ်းသလိုဖြစ်ဖြစ် စိတ်ဝင်စားသလိုဖြစ်ဖြစ်၊ သာယာချင် ပျော်မြူးချင်သလိုဖြစ်ဖြစ် မကြည့်ခဲ့ဖူးဘူး
နောင်လဲ ကြည့်မှာမဟုတ်ဘူး
လူနဲ့ တူတဲ့ အကိုတယောက် ဒါမှမဟုတ်
မောင်လေးတယောက်ဟာ သူ့ညီမ သူ့အမကို
အဲလို စိတ်မျိုးတွေနဲ့ ဘယ်တော့မှ စိတ်ထဲမှာ မဖြစ်
သလိုပေါ့
ရုပ်ရှင်ဝတ္တုတွေ မှာ မင်းသားက မင်းသမီးကို
ချစ်တယ်ပြောပြီး နှုတ်ခမ်းနမ်းတာတို့ ပါးလေးနမ်းတာတို့ကို ကြည့်ဖူးဖတ်ဖူးတဲ့အခါ
ကျွန်တော် နားမလည်နိုင်ခဲ့ဘူး
ဟုတ်တယ်
ကျွန်တော်သိတ်ချစ်တဲ့ သူ့ကို တခါမှ အဲလို
နမ်းလိုက်မဟဲ့၊ ဖက်လိုက်မဟဲ့၊ စိတ်ဖြစ်မှ မဖြစ်တာ
ဆိုတော့ ဘာလဲဟ ဆိုပြီး ဖြစ်ခဲ့တာ
မဆန်းဘူးလား
"ကြောင်တယ်" ခေါ်ရင် ခေါ်
"မ"ကို ကြည့်နေချင်တယ်
အကုန်လုံး ကူညီပေးချင်တယ်
အနားမှာ နေချင်တယ်
မဖက်ချင်ဘူး
မနမ်းချင်ဘူး
သားမယားလို စိတ်မဖြစ်ဘူး
စကားပြန်ကောက်ရရင်-
ခြောက်တန်းမှာ"မ" ကျွန်တော့်အနားက ပျောက်သွားတယ်
ကျွန်တော် ဆွဲထားတဲ့ သူ့ပုံလေးတွေ ကတော့
အနားမှာ အများကြီး
ရင်ထဲမှာ ဆူပွက်နေတယ်
ပူလောင်နေတယ်
တရားလည်းမသိ
အရက်လည်း မသောက်တတ်
နောက် ရှစ်တန်းကျောင်းပြန်ဖွင့်တော့-
"မ"ပြန်လာတယ်
ဒါပေမဲ့ အတန်းခွဲ မတူတော့ဘူး
ဒါပေမဲ့ "မ"အရမ်းလှလာတယ်
"မ"ကို ပြန်မြင်ရတဲ့နေ့မှာ ရင်တွေ အရမ်းခုံခဲ့တယ်
ပြန်မြင်ရတဲ့ အချိန်မှာ "ထုံ" ကနဲ တကိုယ်လုံးမှာ စီးနေတဲ့ သွေးတွေ ရပ်သွားတယ်
ဒါပေမဲ့ ရင်ထဲတနေရာမှာတော့ မုန်တိုင်းအသေးစားလေး
ကိုယ့်ကိုကိုယ်ဝန်ခံလိုက်တယ်
"မ"ကို အရမ်းချစ်တယ်
သူ့ကိုပြောပြမယ်ပေါ့
ဆယ်တန်းအထိတော့ စောင့်အုန်းမယ်
သူက ဆယ်တန်းမအောင်သေးရင် စဉ်းစားချင်မှ စဉ်းစားမှာ
ဒီလိုနဲ့ အတန်းခွဲမတူတော့ အနားမှာ နေလို့ မရဘူး
မနက်တခါ
မုံ့စားကျောင်းဆင်းရင် တခါ
ညနေကျောင်းလွှတ်ရင်တခါ စောင့် ကြည့် ရင်း
ရူးခဲ့တယ်
အဲဒါတွေ အားလုံး"မ" ဘာမှ မသိခဲ့ရှာဘူး
တနေ့
အဲဒီတနေ့ကတော့
ကျွန်တော့်အတွက် ရင်အနာရဆုံးနေ့
ဆယ်တန်းဖြေခါနီး
ကျောင်းမပိတ်ခင် "မ"ကို ရီးစားစာ ပေးဖို့
ဆုံးဖြတ်လိုက်တဲ့နေ့
အတန်းထဲက လူရိုးကြီး " ကိုကြည်ရွှင်" ကလည်း
ဒီ့ပြင်အတန်းခွဲတခုက ကောင်မလေးကို
အရမ်းကြိုက်နေတဲ့ အချိန်
ကျွန်တော်က-
"ခင်ဗျား
ဒီလိုနေလို့ မရဘူး
သူသိအောင် ပြောရမယ်
ရီးစားစာပေးလေဗျာ" လို့ သူ့ကို အားပေးမိတယ်
သူက-
"မင်းပေးပေး မလား ရေးလည်းပေးကွာ"
ဆိုတော့ ကူရေးပြီး
နေ့လည်မုံ့စားဆင်း ကျောင်းပြန်မတက်ချိန်
လူရှင်းတဲ့တနေရာမှာ သူ့ကောင်မလေးကို
စာလှမ်းပေးရင်း
" မ**** ဒါလေးယူပြီးဖတ်ပေးပါ
ကျွန်တော် က ကျွန်တော့် သူငယ်ချင်း ကို ****
အတွက် ပေး ပေးတာပါ" လို့ လှမ်းအပေးလိုက်မှာ-
မိန်းခလေးကျောင်းအိမ်သာထဲက ထွက်လာတဲ့
"မ" မြင်သွားတယ်
ကျွန်တော့်ကို လှမ်းကြည့်တယ်
ပြီးတော့ သူ့ဖာသာ
သူ့အတန်းထဲပြန်ဝင်သွားတယ်
ကျွန်တော်ကလည်း
မဟုတ်တာမလုပ်ဘူး ဆိုပြီး
ကိုယ့်ဖာသာစိတ်လုံတော့ ဘာမှ မတွေး မပူမိဘူး
အဲဒါနဲ့
ကျောင်းဆင်းချိန်ရောက်တော့ နည်းနည်း စောထွက် ကြိုစောင့်ပြီး
""မ" ဒါလေးဖတ်ကြည့်ပေးပါ" ဆိုပြီး
သူ့ကို စာလှမ်းပေးတော့-
မီးဝင်းဝင်းတောက်တဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်
မယူဘူး
ကျွန်တော် ဘယ်လောက်တုံးသလဲ
"ယူပါဟာ ဖတ်ကြည့်"
ဆိုပြီး ပွင့်နေတဲ့ သူ့လွယ်အိတ်ထဲ
ပစ်ထည့်လိုက်တော့ သူကပြန်ဆွဲထုတ်ပြီး လမ်းဘေးကို လွှင့်ပစ်လိုက်တယ်
ကျွန်တော့်မျက်လုံးတွေ ပြာကနဲဖြစ်သွားတယ်
ဘေးကကျောင်းသားတွေ အနောက်က ကျောင်းသားတွေ အကုန်လုံးကို ရှက်တာလား
မဟုတ်ဘူး
ယူကြုံးမရ ဖြစ်မိတာ
ရင်ထဲက အချစ် ဆိုတာကြီး ပေါက်ကွဲလွင့်စင်သွားတာ
ကွဲကြေစုတ်ပြတ်သွားတဲ့ ရင်ကိုလွယ်ပြီး အိမ်ပြန်ခဲ့တယ်
အဲဒီနေ့က ကျောင်းဆင်းချိန်
အိမ်အပြန်လမ်းမှာ မိုးတွေရွာနေတယ်
ကျွန်တော် ထီးမပါဘူး
မိုးမခိုဘူူး
ကျွန်တော့ မျက်နှာမှာ
မိုးရေလားမျက်ရေလား မခွဲနိုင်ဘူး
မျက်လုံးထဲမှာ ပြည့်နေတယ်
စိုနေတယ်
တကိုယ်လုံးရွှဲနေတယ်
(ကိုအောင်မင်းရေးတဲ့ ကိုယ်အပြန်လမ်းပန်းခင်းထားမယ် သီချင်း စာသားလေးတွေနဲ့ သွားတူနေတယ်ဗျာ)
ဘယ်အချိန်အိမ်ပြန်ရောက်ခဲ့သလဲ မသိဘူး
တကိုယ်လုံးရွှဲနေ ချမ်းနေတယ်
အဖွားက ဆူပြီး ဆေးတိုက်တယ်
အိပ်ခိုင်းတယ်
အိပ်လို့လည်းမရ
အိပ်လည်းအိပ်ချင်တယ်
အိပ်ပျော်သွားရင် ရင်ထဲမှာ ဖြစ်နေတာတွေ
နည်းနည်းသက်သာသွားမလားလို့ တွေးနေမိခဲ့တယ်
အဲဒီနေ့က ဖျားတယ်
အကြီးအကျယ်ဖျားတယ်
အန်တယ်
အချစ်ကြောင့် ဖြစ်တဲ့ ခံစားရတဲ့ ဒုက္ခအရာကြီးကို
ဖျားတော့ ခံစားရသလို
အန်တော့ ခံစားရသလို ကြောက်မိခဲ့တယ်
အေးလေ-
"မ"မှာ အပြစ်မရှိပါဘူး
"မ"ကိုချစ်ဆဲ
"မ"ကို ငါ ဆုံးရှုံးရတယ်
နောင်လဲ မရနိုင်ဘူးလို့တော့ နားလည်လိုက်တယ်
သူ့ကို မေ့ပစ်ရမယ်လို့လည်း
ဦးဏှောက်က အသိရတယ်
ဒါပေမဲ့ ရင်ထဲက "မ"က ပြုံးပြနေတယ်
အော် ဟုတ်သားပဲ
ငါ့ရင်ထဲမှာ "မ"ရှိနေတာပဲ
အပြင်က"မ"သူ စိတ်ချမ်းသာသလိုနေပါစေ
သူ ငါ့ကို မမြင်ချင်ဘူးဆိုတော့ မမြင်ရအောင် နေပေး
ရမှာပေါ့
ရင်ထဲက "မ"ကို ယုယအားပေးရင်း မျက်ရည်တွေ သုတ်လိုက်တယ်
"ပထမ အချစ်စစ်ပွဲ ဒါမှမဟုတ် ပထမအိပ်မက်"
ခံတပ်ကြီး တစစီ ကျိုးပျက် ကြေမွ ပျက်စီးခဲ့တာလေး
စန်းအောင်
နိုဝင်ဘာ-၁၂-၂၀၁ရ
-------------------------
(ဒီနေရာမှာ တခု ပြောချင်တယ်
ကျွန်တော်ကြိုက်ခဲ့တဲ့ မိန်းခလေးတွေက ကျွန်တော့်ကို သူတို့ ဘာမှ မလုပ်ဘူး
ချစ်ပြီးမှ လမ်းခွဲထားခဲ့တာတို့ မဟုတ်ဘူး
"အထာ" ပေးပြီး ဒုက္ခရောက်အောင် လုပ်ခဲ့တာ
မဟုတ်ဘူး
သူတို့ဖာသာ သူတို့ နေတယ်
ကျွန်တော်ကသာ ကိုယ်ဖာသာသွား ကြိုက်တာ
စွဲလမ်းတယ်
ဒုက္ခရောက်တယ်
သူတို့ ပယောဂ ဘာမှ မပါဘူး
ဒါကြောင့် အဲဒီဇာတ်လမ်းတွေ ပြန်ပြောပြတဲ့အခါ
သူတို့ကို မထိခိုက်ဘူးလို့ နားလည်တယ်
ဒါပေမဲ့လည်း
သူတို့ နေရထိုင်ရ လွတ်လပ်အောင်
ပြန်ရေးတဲ့ အခါ
နာမည်အရင်းတွေကိုတော့ မသုံးထားဘူး
နာမည်ဆိုတာ အကုန်ပေါ့
နေရာတွေ အကုန်လွှဲရေးထားတယ်
(ကျွန်တော့်သူငယ်ချင်းတွေ သူတို့သူငယ်ချင်းတွေ
နောက် မြင်သူ ကြားသူ စသည်ဖြင့်
နည်းအမျိုးမျိုးနဲ့ ရိပ်မိ စဉ်းစားမိ သေချာ သိတဲ့သူတွေကို အရင် တောင်းပန်ပါရစေ
ဘာမှ ဝင်မရေး မပြော မနောက်ကြပါနဲ့
ကျွန်တော် အပါအဝင် အကုန်လုံး ကိုယ့်ဘဝနဲ့
ကိုယ် ကိုယ့်မိသားစုနဲ့ ကိုယ် နေကြ ပျော်နေကြ အလုပ်များနေကြတာ မပျက်စီးစေချင်ဘူး
ဒါဆို မင်းက ဘာလို့ ရေးသေးလဲ လို့ မေးစရာ ရှိလာ
မယ်
ဒါက ဒီလိုပါ
ကျွန်တော့်ဘဝ အကြောင်း ကိုယ့်ဖာသာ
စာစီထားတော့
(ကိုယ်က အောင်မြင်ကျော်ကြားတဲ့ သူတော့ မဟုတ်ဘူး
ဒါပေမဲ့ ကိုယ်သေသွားခဲ့ရင် တခုခု ထားခဲ့ချင်တာတွေထဲမှာ ကိုယ့်အကြောင်းလည်း ပါနေတယ်
ဖတ်မိတဲ့ သူတွေ နောက်လာနောက်သား လူငယ်လေးတယောက်လောက်က ဖတ်မိပြီး သူ့အတွက် တခုခု အကျိုးရှိလာနိုင်ဖို့ မျှော်လင့်တာ
မကောင်းတာတွေလည်း ရှိတယ်
ဒါပေမဲ့
မကောင်းတာတွေ ကို ကြိုက်မိအောင် လမ်းလွဲသွား
စေမဲ့ ရည်ရွယ်ချက် လွဲသွားမှာကို စိုးလို့
မကောင်းတာတွေ အတုခိုးမမှားအောင် မရေးတာ
ကောင်းမယ်လို့ စဉ်းစားမိတယ်
(ဆရာကြီး ဦးသုခ ရင်နာစေခဲ့တဲ့ ရုပ်ရှင်
ကြားဖူးတယ်
အရက်မကောင်းတာကို ပြချင်တဲ့ "ဦးကျော်ဆွေ" ကား "သည်ဆောင်းဟေမာန်"
အဲဒီကားထဲက သီချင်း"ဂုဏ်" က "ပေါက်"
သွားတော့ လူတွေက အရက်သောက်ရင်း
အဲဒီသီချင်းကို လှိမ့်ဆိုကြတယ်
အရက်သောက်တာ မကောင်းဘူး ဆိုတဲ့
ဆရာကြီးရဲ့ "မက်ဆေ့ချ်" ကို မရဘဲ
အရက်သောက်ရင် အဲဒီသီချင်း ဆို "မိုက်"တယ်
ဆိုတာ ဖြစ်သွားလို့ ဆရာကြီး က ယူကျုံးမရ ဖြစ်ရှာတယ်တဲ့
ဒါကြောင့် တတ်နိုင်သလောက် ကြိုးစားရေးထားတာ
ဆရာ့ဆရာများ မကြိုက်တာတွေပါရင် တွေ့ရင်
ခွင့်လွှတ်ပေးကြပါ
နည်းနည်းတော့ ခံစားရေးတယ်
ဒီအသက်အရွယ် ခံစားနေရသေးသလား
ဘုရားတရားလုပ်ရမဲ့အရွယ်မှာ
"ကျွတ်!ကျွတ်!ကျွတ်!ကျွတ်! ဆိုပြီး
စာဖတ်သူတွေ စိတ်ထဲမှာ ဖြစ်လာရင်လည်း
ခွင့်လွှတ်ပေးပါ
လုပ်တတ်သလောက်
လုပ်နိုင်သလောက် အနုပညာသေးသေးလေး
တခုဖန်တီးမိတာပါလို့ ပြောပါရစေ)
ကျေးဇူးပါဗျာ
စန်းအောင်