Seik Phyu
"အညာမြေခရီး နဲ့ မြို့သား လူပေလူတေကျွန်တော်"
ကျွန်တော် ဆိပ်ဖြူကို ၁၉၈၆ လောက်က
ကိုယ်တယောက်ထဲသွား ပဥ္ဇင်းဝတ်ခဲ့တယ်။
"မြေလတ်သား" ချောက် - ရန်ကုန် လွန်းပျံဟီးနိုးကားကြီးနဲ့ သွားခဲ့တာ။ ၄၅ ကျပ်။
ဆိပ်ဖြူ မရောက်ဖြစ်ခဲ့တာ နှစ်၃၀ ကျော်ခဲ့ပြီ။
"အခု ရေးမှာတွေက-
၁၉၆၄ ကနေ ၁၉၇ရ ကြား အကြိမ်ကြိမ်သွားခဲ့တုံးက
အဖြစ်အပျက် မှုံဝါးဝါး အတိတ်ပုံလေးတွေ"
ဆိပ်ဖြူကို ငယ်ငယ်တုံးက လူကြီးတွေနဲ့ ခဏခဏ
ရောက်ခဲ့တယ်။ ကိုရင်လဲ ခဏခဏ ဝတ်ခဲ့တယ်။
ကိုရင်ဝတ်တုံးက အာရုံဆွမ်းခံရင် (တပါတ်တရက်
လောက်လား၊ နှစ်ရက်လောက်လား မမှတ်မိဘူး)
ဆွမ်းလောင်းအသင်း ရှိတဲ့နေရာကို ကြွရတယ်။
ကျန်တဲ့ရက်တွေကျတော့ ရိုးရိုးအိမ်တွေ့ရှေ့မှာ
ကျောင်းသားလေးတွေက ကြေးစည်ကြီးထု၊
"ဆွမ်းတော်" ဆိုပြီး သံဃာတန်း အရှေ့ကနေ
အော်တဲ့အနောက်မှာ ဝါစဉ်အလိုက်ရပ်ပြီး တန်းစီ
ဆွမ်းခံရတယ်။
သပိတ်ထဲ ဆွမ်းတွေ၊ ဟင်းတွေ ပြည့်လာရင်
လမ်းဆုံတွေမှာ ကြိုစောင့်နေကြတဲ့ ဘုန်းကြီးကျောင်းသားတွေက သူတို့ အိုးတွေထဲ ပြောင်းယူပြီး
ဘုန်းကြီးကျောင်းကို ထမ်းပိုးတွေနဲ့ သယ်သွားကြ
တယ်။
လောင်းမဲ့အိမ်ကမကုန်သေးလို့ အဲလို သပိတ်တွေကို ရှင်းပြီးတော့ ကျန်တဲ့အိမ်တွေကို ဆက်ဆွမ်းခံရတာ။
အလှူဒါန စေတနာ သိပ်ကောင်း ရက်ရောတဲ့ အညာမြေ။
အဲဒီခေတ် စားနိုင် သောက်နိုင် လှူနိုင်တာလေး
သတိပြုနိုင်တယ်။
ကိုယ်က ဝါအငယ်ဆုံးဆိုတော့ ဟိုးနောက်ဆုံးကနေ
လိုက်ရတယ်။
ပထမ နှစ်ရက်လောက် အထိ ဆွမ်းဟင်းရပ်ပြီးရင်
ကျောင်းကို ဘယ်လမ်းကနေ ပြန်ရမှန်းမသိ ခဏခဏ လမ်းပျောက် လမ်းပြန် ရှာရတယ်။
မျက်မှန်သမားဖြစ်မဲ့ မျက်လုံးအမြင်က အားနည်းတယ်။
မနက်၄:၀၀လောက်ဆိုတော့ မလင်းသေးဘူး။
ဓာတ်မီးတိုင်တွေကလဲ ခပ်ကျဲကျဲ မှိန်တိန်တိန်။
လမ်းကလဲမကျွမ်းကျင်။
ကျောင်းရောက်အောင် မနဲပြန်ရတယ်။
ဆွမ်းလောင်းအသင်းနေ့ ဆိုရင်တော့ ဆွမ်းခံသွားရမဲ့နေရာကို သိလွယ်တယ်။
လော်စပီကာကြီးနဲ့ ဘုရားသီချင်းတွေဖွင့်နေတဲ့နေရာဆီကို သွားတဲ့ သံဃာအတန်းကြီးနောက်
မှန်မှန်လိုက်သွားလိုက်ရုံပဲ။
ရိုးရိုးအိ်မ်ရှေ့ဆွမ်းခံတဲ့အခါမှာလဲ လမ်းကွေ့တွေ့မှာ ရှေ့က ကိုရင်တွေကိုမနဲ ပြန်ရှာရတယ်။
ဘုန်းကြီးကျောင်းဝိုင်းကြီးက အကြီးကြီး။
အပင်ကြီးတွေရဲ့ အရိပ်ကောင်းကောင်း
ပြောင်ရှင်းသန့်ပြန့်နေတဲ့ကွင်းထဲမှာ စေတီလေးနဲ့
ကျောင်းဆောင်တွေကို သပ်သပ်ရပ်ရပ် မြင်နိုင်တယ်။
ကျောင်းသားကိုရင်တွေက အောက်ခြေမြေကြီးကို အမြဲတမ်း လှဲကျင်းထားတာဆိုတော့ အမြဲ ပြောင်ရှင်းသန့်နေတာ။
မနက်စောစောတိုင်း ကျောင်းထိုင်ဆရာတော်ကြီး
ကိုယ်တော်တိုင် တုံးခေါက်တယ်။
တုံးကို ဖြေးဖြေး လေးလေး တချက်ချင်း ထွက်
နေရာကနေ အသံအရမ်းစိပ်ပြီး ဆက်လုနီးပါး
ဖြစ်သွားတဲ့ အထိခေါက်ရတယ်။
ဆရာတော်ကြီးက တရားနဲ့ မှတ်ခေါက်ပုံရတယ်။
"တောက်.... တောက်... ထောက်.. ထောက်...
ထောက်. ထောက်. ထောက်. ထောက်ထောက်ထောက်ထောာက်" နဲ့ နားထောင်လို့ကောင်းတယ်။
တုံးခေါက်သံဆိုတာ-
ကျောင်းက ကျောင်းသား၊ကိုရင်၊ နဲ့ ဦးပဇဉ်းတွေ
အတွက်သာမက တမြို့လုံးမှာရှိတဲ့သူတွေ၊ မနက်ထ
ကြရမဲ့ ဆွမ်းပြင်လှူရမဲ့ အလှူရှင်တွေ၊ အလုပ်သွားမဲ့ မြို့သူမြို့သားတွေအားလုံးအတွက် နှိုးစက်နာရီပါပဲ။
ကျောင်းဝိုင်း မြေပြောင်ပြောင်ပေါ်မှာ
အတုံးအရုံး လုံးထွေးအိပ်နေရကြရာကနေ
နိုးထလာကြတဲ့ (ကျောင်းအိပ်ကျောင်းစား၊ နီနီနက်နက်ဖြူဖြူ ပျောက်ကြား ရောင်စုံ အသွေးစုံ အိုအို ပျိုပျို သားသယ်အမေတွေ ပေါက်ခါစလေးတွေရော အလတ်လေးတွေရောပါတဲ့) ခွေးအုပ်ကြီးက ဘုန်းဘုန်းရဲ့ တုံးခေါက်သံအနောက်ကနေ မနက်တိုင်း
ဟာမိုနီလိုက်အော်ကြတယ်။
(ကျောင်းက ခွေးတွေက ဘုန်းဘုန်းနောက်မှာ
သာဓု ခေါ်ကြတာတဲ့)
ဆရာတော်ကြီးအိပ်ကျောင်းဆောင်နဲ့ နဲနဲဝေးတဲ့
ကျောင်းထဲမှာ ဖင်ပေါ်ခါးပေါ်ထပ်အိပ်၊
ကားအိပ်၊ ခွအိပ်နေကြတဲ့ကျောင်းသားလေးတွေ
ကိုရင်လေးတွေကို ခပ်ငယ်ငယ်ဦးပဇင်းက-
"ဟေ့ရောင်တွေ ထတော့! ထစမ်း!
ဘုန်းကြီးသူ့ကျောင်းထဲပြန်ဝင်သွားပြီ။
ပြင်ကြ။
ဆွမ်းခံထွက်ဖို့"
ဆိုပြီး တယောက်စီ လိုက်နှိုုးလေ့ရှိတယ်။
ဆိပ်ဖြူကို သတင်းကျွတ် တော်သလင်းကျောင်းပိတ်ရက်တွေဆို ခဏခဏ သွားလည်တုံး
ကိုရင်ဘဝ မြင်ခဲ့ရတာတွေ။
ရောင်စုံသူပုန်ခေတ်တုံးက လူကြီးတွေနဲ့
သွားခဲ့ရတုံးက တခေါက်ဆိုရင်-
ကျိုးပျက်နေတဲ့ လမ်းတံတားတွေ၊
သူပုန်တွေမီးရှို့ပြီးထားလို့ မီးလောင်နေတဲ့
ဘတ်စကားကြီးတွေ့ဖူးတယ်။
ကျွန်တော်တို့မရောက်ခင်ဖြစ်သွားခဲ့တာတဲ့။
ကားက ပုံမှန်လမ်းပေါ်မသွားနိုင်ဘဲ
လမ်းလွှဲ လှည်းလမ်းပေါ်ထွက်မောင်း၊
ချောင်းရေထဲဖြတ်ဆိုရင် ကျွန်တော်တို့က ကလေးသဘာဝ ပျော်နေတာ။
လူကြီးတွေကတော့ ဘုရားစာရွတ် မျက်နှာသေလေးနဲ့။
ရန်ကုန်ပြည်လမ်းက ခုလို မကြီးဘူး မကျယ်ဘူး။
တောင်တွင်းကြီးကျော် မကွေးကို သွားရာလမ်းကနေစပြီး ကားတစီးစာပဲ မောင်းလို့ရတော့တယ်။
အများအားဖြင့် လမ်းကဖြောင့်တော့ ရှေ့မှာ လာနေတာဖြစ်ဖြစ် သွားနေတဲ့ကားဖြစ်ဖြစ် မိုးကုတ်စက်ဝိုင်းထဲမှာ အစက်လေး တခုလို ပေါ်လာတတ်တယ်။
လှည်းရဲ့ နှစ်ဆသုံးဆလောက်မြင့်တဲ့ကောက်ရိုး
ထင်းတွေတင်ထားတဲ့ နွားလှည်းတွေ
လမ်းပေါ် ဇိမ်နဲ့ တအိအိတက်မောင်းရင်လဲ မြင်နိုင်
တယ်။
ကားသမားတွေက အဲလို စပြီး လှမ်းမြင်လိုက်တာနဲ့ ကားဟွန်းရှည်ကြီးနဲ့ လမ်းတောင်းရတဲ့ခေတ်။
လှည်းတွေ တအိအိနဲ့လမ်းဘေးဆင်း လမ်းရှင်းသွားမှ အရှိန်ပြန်ယူမောင်းကြတယ်။
တီအီးလို့ ခေါ်တဲ့ ဟီးနိုး ကုန်ကားကြီး (ဆိပ်ဖြူက အကိုတွေက အာတီဘီကားလို့ ခေါ်တဲ့ ခေါင်းအပြာရင့်ရောင်နဲ့ ကားကြီး)တွေကိုတော့ ကြောက်ရတယ်။
လမ်းမဖယ်ပေးလို့ ဒါမှမဟုတ် သေချာ မလွတ်လို့
လွင့်သွားအောင် အတိုက်ခံလိုက်ရတဲ့
ချောက် ရေနံချောင်းရေနံမြေက ရေနံလင့်ရိုဘာကားတွေ အကြောင်း ကြားဖူးတယ်။
ရှေ့မှာ သွားနေတဲ့ သစ်သားဘတ်စ်ကားကြီးတွေ
ရိုးရိုးလော်ရီကားကြီးတွေ သူတို့ကို ကျော်တက်သွားစေချင်ရင်-
ဘယ်ဖက်က အချက်ပေးမီးတွေ ဖွင့်ပြတယ်။
ညာဖက်ကပ်မောင်း စံနစ်မှာ
အဲဒီ အချက်ပြတဲ့နည်းက အရမ်း အန္တရာယ်များ
ခဲ့တယ်။
သူ့လူနဲ့ သူကတော့ အေးဆေးပဲ။
မျိုးကြီး သီချင်းလို သူ့ အရပ်နဲ့ သူဇာတ်
ဟုတ်နေတာမျိုး။
ညာဖက်က အချက်ပြရင် ဒါဟာ နောက်က ကားသမားကို "သူ့ကို ကျော်မတက်နဲ့အုံး၊
ရှေ့မှာ လမ်းမလွတ်ဘူး " လို့ ဆိုလိုတာ။
နိုင်ငံတကာနဲ့ ဆိုရင် အကုန်ဆန့်ကျင်ဖက်
အယူအဆတွေ။
မြန်မာ့နည်း မြန်မာ့ အယူအဆတွေမှာ တခါတလေ ထူးဆန်းတာလေးတွေ ပါတယ်။
ဘယ်တုံးက စခဲ့သလဲဆိုတာတော့ မသိဘူး။
လိုင်စင်ဖြေတုန်းက ကျက်ခဲ့မှတ်ခဲ့တဲ့အထဲ
အဲဒီ အယူအဆမပါဘူး။
ညာဖက်ပြရင် ညာကွေ့မယ်၊
ဘယ်ဖက်ပြရင် ဘယ်ကွေ့မယ်ပဲ ပါတယ်။
လမ်းပေါ်မှာ ရှေ့က ကားရဲ့ ညာဖက်မီး ပြနေရင်
"ဒီကား ညာဖက်ဆင်းတော့မယ်။
ဘယ်ဖက်မှာကျော်လို့ ရပြီ ရှင်းပြီ" ယူဆပြီး
ဘယ်ဖက်ကို ကျော်တက်လိုက်လို့ကတော့
မလွတ်ဖူးလို့ ဆိုလိုထားတဲ့ အရှေ့က လာနေတဲ့
ကားခေါင်းထဲ ပြေးဝင်သွားမှာ။
တော်တော်ကြောက်စရာကောင်းတဲ့ ဘယ်မီး ညာမီး အချက်ပြစံနစ်။
အဲတုံးက ထော်လာဂျီဆိုတာမပေါ်သေးဘူး။
လယ်ထွန်စက် ကို ထွန်တုံးမချိတ်ဘဲ လူတင်၊ ပစ္စည်းတွေ အကုန်တင်နိုင်အောင် အနောက်ကနေ ဘီးလေးဘီး ပါတဲ့ နောက်တွဲလှည်းတခုကို ထပ်တွဲထားတဲ့ ဗမာလုပ် ကျေးလက် ပစ်ကပ်တွေတော့ ပေါ်နေ သုံးနေကြပြီ။
အဲလို ငယ်ငယ်တုံးက-
ရေနံရုံးကားတွေ လင့်ရိုဘာ Land Rover နဲ့ ရော
ဖေ့ဖေ့ လိပ်ခုံးကားနဲ့ရော ဆိပ်ဖြူကို သွားခဲ့တယ်။
ကားလမ်းနဲ့ မီးရထားလမ်းနဲ့က တခါတလေအပြိုင်။
ကြေးနီကိုသွားနေတဲ့ ရထားနဲ့ ဘေးချင်းကပ်တွေ့ခဲ့ရချိန်တုံးက ကားနဲ့ ရထား ပြိုင်ဖို့ အဖေ့ကို ပြိုင်မောင်းခိုင်းရတာတွေ၊
ကိုယ်ကကျော်တော့မဲ့အချိန် ဖေ့ဖေ့ဟွန်းကို
သွားတီးလို့ ဖေဖေက တားခဲ့တာလေးတွေ၊
အမယ်-
ရထားကပိုမြန်သွားတဲ့အချိန်တွေမှာ ရထားမောင်းတဲ့သူက-
(ဒီဖက်ကားပေါ်ဖက်ကလေးတွေကိုတွေ့လို့ အပျော်သဘောအနေနဲ့)
ဥသြရှည်ရှည် တောင် ပြန်ဆွဲသွားသေးခဲ့တာလေး
တွေ၊
ကားနဲ့ရထား ဖြတ်တဲ့နေရာနား၊ ရထားလမ်း ကျော်တဲ့နေရာလွတ်အောင် ဖေဖေက ကြိုးစား
မောင်းရှာတယ်။
တခါတလေ လွတ်တယ်။
တခါတလေ မိရော။
ကားကရပ်ရတော့ ကျန်ခဲ့ရော။
ဖေဖေ့ ပြန်ကျော် ဆိုပြီး ပူဆာပေါ့။
ဖေဖေက "ဟို မဟုတ်တာ၊ တော်ပြီ၊ အကုန်သေကုန်လိမ့်မယ်" ဆိုပြီး ပြန်ပြောတာလေးတွေ၊ သတိတရ
ဖြစ်မိတယ်။
ချောက်ရောက်တော့ ရေနံရုံးထဲ ကားသွားထား၊
မြင်းလှည်းနဲ့ လှေဆိပ်ဆင်း၊
ဧရာဝတီမြစ်ဆို ညဖက် မော်တော်မမှီရင် ငှက်နဲ့ကူးရတယ်။
မှောင်နေတော့ မော်တော်က မရှိတော့ဘူူး။
လေကြီးမိုးကြီးမကျတဲ့အချိန်ဆိုတော့
ငှက် လို့ခေါ်တဲ့ သမ္မာန်လေးနဲ့ တကျွိကျွိ ကူးရတယ်။
၁၉၈၆ ရောက်ခဲ့တဲ့အချိန်တုံးအထိ
ခု တံတားကြီး ဆိုတာ မရှိသေးဘူး။
ဟိုဖက်ကမ်းရောက်တော့-
မြစ်ရေနည်းတဲ့အချိန်၊
ကမ်းပါးက ချောက်ကြီးတွေ ချိုင့်ကြီးတွေနဲ့။
မြစ်ကမ်းကပ်မိခါနီးလို့ ဆိပ်ဖြူမြို့ကို လှမ်းကြည့်လိုက်
တဲ့အခါ-
ဟိုးအဝေး သစ်ပင်စု အိမ်စုကြီးတွေကြားမှာ မခို့တရို့
သပ္ပာယ်စွာ ပေါ်ထွန်းနေတဲ့ ရွှေမင်းဝန်ဘုရားကြီးကို လှမ်းဖူးပြီး ကဲ.. ဆိပ်ဖြူတော့ တခေါက် ရောက်
ပြန်ပြီဆို ပြီး ကျေနပ်မိခဲ့တယ်။
ညဖက်အချိန် အထူးသဖြင့် ဘုရားပွဲတော်အချိန် လည်ခဲ့တုံးကဆိုရင်
ဘုရားကြီးမှာ ပူဇော်ထားတဲ့ မီးရောင်တွေရဲ့ အလင်း
တွေရယ်၊ ကောင်းကင်က ပြည့်လုနီးပါး လမင်းကြီးရယ်
နောက် လမင်းကြီးရဲ့ အပေါင်းပါ ကြယ်စုလေးတွေရဲ့ အလင်းတွေကို မြင်လိုက်ရရင် ခရီးပမ်းလာတာတွေ
ပျောက်ပြီး အမျိုးတွေကို တွေ့ချင်စိတ်နဲ့
တခါထဲလန်းဆန်းသွားခဲ့တယ်။
မိုးတွင်း မြစ်ရေတက်တဲ့ အချိန်တော့ တခါမှ မရောက်ဖူးခဲ့ဘူး။
မတ်စောက်တဲ့ လှေဆိပ် ကမ်းပါးယံကြီးတွေကို ဝဖီးနေတဲ့ နွားတရှည်းတတ်လှည်းကြီးတွေက အေးဆေးစွာ
ဖြတ်နိုင်တက်နိုင်တယ်။
လှေဆိပ်ကနေ ဆိပ်ဖြူထဲရောက်အောင်
လှည်းကြမ်းကြီးနဲ့ဆို နာရီဝက်လောက်
ထပ်သွားရသေးတယ်။
မိုးတွင်းဆို ရေတွေဖုံးနေမဲ့လယ်ကွက်တွေ
ပြောင်းခင်းတွေ ကြား ကွေ့ကောက်ပြီး တအိအိနဲ့ နွားလှည်းစီးရတဲ့အချိန်လေးတွေ
သတိတရဖြစ်မိတယ်။
တခါတလေ ညနေ ရောက်သွားခဲ့ချိန်တွေ ဆို မြင်းလှည်းစီး။
မြင်းလှည်းစီးရတာကြိုက်ပေမဲ့ မောင်းတဲ့လူက
"ဟဲ့ ဒီမြင်း" ဆိုပြီး ကြာပွတ်လှမ်းထဲ့လိုက်ရင်
စိတ်မကောင်းဘူး။
"ဦးကြီး မရိုက်ပါနဲ့ဗျာ" ဆိုတော့ တချို့က
နားထောင်ပေးတယ်။
တချို့ခရီးသည်တွေက မြင်းလှည်းနှေးတာမကြိုက်လို့ မောင်းသူက မြန်အောင် မြင်းကိုရိုက်ရတာကိုး။
သနားစရာပါ။
မြင်းလှည်း ဟွန်းတီးတာလဲ အဆန်း။
သွားနေတဲ့ ဘီးကြားထဲ ကြာပွတ်ဒုတ်လေး မထိတတထိ လှမ်းသွင်းလိုက်တယ်ဆိုရင် လည်နေတဲ့ ဘီးလက်တံတွေနဲ့ ကြာပွတ်ဒုတ် ထိပြီး
"ဒတ်ဒတ်ဒတ်ဒတ်" နဲ့။
တချို့ကျ ရှေ့မှာတပ်ထားတဲ့ ခေါင်းလောင်းလေးကို
"ချွင်" ကနဲတီးလိုက်တာ။
မြင်းလှည်းနာမည်လေးတွေကလဲ
ခပ်ဆန်းဆန်းလေးတွေ။
ပန်းပွားတွေရွှေရောင်စာလုံးတွေနဲ့။
ဆိပ်ဖြူဖက်လှေဆိပ်ကနေ မြို့ထဲကို ရောက်ဖို့-
လှည်းကို ကျယ်ပြန့်လှတဲ့ ပြောင်းဖူးခင်း၊ ကြက်သွန်ခင်း၊ နောက် ဇီးသီးချုံအပင်တွေကြားထဲ ဖြတ်မောင်းရတယ်။
လမ်းပဲလျှောက်ချင်သူတွေအတွက် လူသွားလမ်း
လေးတွေလဲ သပ်သပ်ရှိတယ်။
မိုးတွင်းချိန် မြစ်ရေ၊ ချောင်းရေတက်လာပြီး
ရေရောက်နိုင်ဖုံးနိုင်တဲ့နေရာ မြေသားတွေက-
နွေရာသီ နဲ့ ဆောင်းရာသီမှာ ပဲ၊ ကြက်သွန်နီ၊ ပြောင်း၊
နေကြာပင်တွေကို စိုက်လို့ အလွန်ကောင်းတဲ့
မြေသြဇာ ပြည့်နေတဲ့ မြေသားတွေ ဖြစ်လာတယ်။
အဲဒီလို မြေကွက်၊ လယ်ကွက်
အကျယ်ကြီး အများကြီးတွေကို ဆိပ်ဖြူမြို့နဲ့ ဧရာဝတီမြစ်၊ ယောချောင်း ပါတ်လည်မှာ တွေ့ခဲ့ရတယ်။
အဲဒီမြေတွေက ရေစိုသွားရင် နုံးမြေဆိုတော့ ရွှံ့တွေလိုလိုပေါ့။
သာမန်ခြောက်သွေ့တဲ့အချိန်မှာ သဲတော ဖုံတောတွေ
ဖြစ်နေရော။
မြို့ထဲက လမ်းတွေက အများအားဖြင့် သဲလမ်း
ဖုံလမ်းကြီးတွေ။
လမ်းတွေက ဂဝံကျောက်ခင်း၊
အပေါ်က သဲဖြူးထားတဲ့ လမ်းတွေ။
(ဆိပ်ဖြူအခေါ် ပေတရာလမ်း) ကတ္တရာလမ်းတွေလဲ ရှိတယ်။
ကုက္ကိုပင်၊ တမာပင်၊ ထန်းပင်၊ ညောင်ပင်၊ စတဲ့
သက်တမ်းရင့် အပင်ကြီးတွေ အများကြီးကို မြို့ထဲမှာ တွေ့ရတယ်။
မိုးမရွာတာကြာတဲ့ အချိန်ဖြစ်လို့ အပင်တော်တော်များများရဲ့ အရွက်တွေအပေါ်မှာ သဲတွေ ဖုံတွေ
တင်နေတယ်။
မြို့ရဲ့အနောက်ဖက်မှာ ချင်းတောင်တန်းညိုပြာပြာကြီးကို တွေ့ရတယ်။
မြူလိုလို ခပ်နိမ့်နိမ့် တိမ်တွေက တောင်တန်းကြီးတွေရဲ့ အရှေ့မှာ ကာထားလို့ တောင်တန်းကြီးက
ပြာမှိုုင်းနေတာ ဖြစ်တယ်။
ပြာမှိုင်းနေတဲ့ တောင်တန်းကြီးရဲ့ အရှေ့မှာတော့
ထန်းတော၊ လယ်ကွက်၊ ဇီးပင်၊ ဆူးပင်၊ ခြုံပင်တွေကို
မြင်ရတယ်။
အဲဒီခြုံတွေကြား လယ်ကွက်တွေ အနားမှာ
ရောင်စုံ၊ အရွယ်စုံ ဆိတ်တွေက ဟို တဖွဲ့ ဒီတဖွဲ့နဲ့ အစာစားနေကြတယ်။
သူတို့အနားမှာ ဆိပ်ကျောင်းနေတဲ့သူ တယောက် နှစ်ယောက်ရှိနေကြတယ်။
အဲဒီလိုမျိုးရှုခင်းက နေဝင်ခါနီးလေ ပိုလှလာလေဖြစ်တယ်။
ပြာမှိုင်းနေတဲ့ တောင်တန်းကြီးရဲ့ အနောက်မှာ
ရောင်စုံတိမ်တွေ နဲ့ နေလုံးကြီးက စစ်ဖြစ်နေတယ်။
ဝင်ခါနီး နေလုံးကြီးက သူ့ရှေမှာ ဖုံးဖို့ကြိုးစားနေတဲ့
ရောင်စုံတိမ်တွေကို ဖယ်ဖို့ ကြိုးစားနေတယ်။
တိမ်တွေပဲနိုင်သွားသလား၊
နေလုံးကြီးပဲ ရှုံးသွားသလား၊
ဒါမှမဟုတ် ကမာမြေကြီးကပဲ မကြည့်ရက်လို့
မျက်နှာလွှဲ အဝေးကို ထွက်ပြေးလိုက်သလား။
ဘယ်လိုပဲ ဖြစ်ဖြစ်-
ဆိပ်ဖြူမြို့ရဲ့ နေဝင်ရီတရောရှု့ခင်းအလှ ဟာ
ကျေးလက်နေဝင်ချိန်ကို ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ရဲ့ အလှထက် သာတယ်။
ရေခပ်ဆင်းချိန်ပျိုဖြူတွေ လဲရှိခဲ့မှာပါပဲ။
ယောချောင်းဖက် ဒါမှ မဟုတ် စက်ရေတွင်းတွေမှာ
ရေသန့်လာထဲ့လေ့ရှိတဲ့ ပျိုဖြူလေးတွေနဲ့
သူတို့ကို စောင့်နေရတဲ့ ကာလသားတွေကို
မတွေ့လိုက်တာက သူတို့လမ်းကြောင်း
ဖက်မရောက်ခဲ့လို့။
ကတ္တရာလမ်းတွေ၊ တံတားတွေ၊
စက်ရုံတွေ ဖြစ်လာတော့ လူနေမှုခေတ်တော့မှီသွားတယ်။ ဒါပေမဲ့ သဘာဝကျေးလက်ရှုခင်းတွေ
ပျောက်သွား ဆုံးရှုံးသွားခဲ့တယ်။
မတိုးတက်စေချင်တာတော့မဟုတ်ဘူး။
မြင်ဖူးခဲ့တဲ့ကျေးလက်ရဲ့ အလှအပတွေက
တော့တကယ်ကို ပျောက်သွားခဲ့ရတယ်။
ကျွန်တော့်အတွက် အဆင်မပြေတာက
သောက်ရေပဲ။
ရန်ကုန်ရေသောက်နေကျဆို
တော့ ဆိပ်ဖြူရေ သောက်ရတာ ပေါ့တယ်။
ရေချိုးရတဲ့တွင်းရေကလဲ စီးပျစ်ပျစ်နဲ့။
ဆပ်ပြာတိုက်ရင် အမြှုတ်မထွက်ဘူး။
အစားအသောက်တွေက တကယ်ကောင်းတယ်။
"မောင်မခေါ် ပဲ " အရမ်းလွမ်းတယ်။ ကောင်းလွန်းလို့
မောင်တွေဘာတွေတောင် လှမ်းမခေါ်နိုင်ဘဲ
စားပလိုက်တဲ့ ပဲ တဲ့။
"ဒေါ်အုန်းမြ"ဆိပ်ဖြူပဲကြော် ကတော့ ကျွန်တော့ အနှစ်သက်ဆုံး
အစွဲလမ်းဆုံး။
ပြလို့ပြောင်းဖူး၊ မန်ကျည်းရွက်သုတ်၊
ဇီးဖြူသီးထောင်း၊
အဲတုံးက အသားတွေလဲစားတော့-
အမဲခြောက်ဖုတ်၊ ပဒတ်၊ စာကလေး၊
ဝက်သားဟင်း၊ ကြက်မြစ်ကြက်သည်း စုံလို့။
မေမေခင်၊ အန်တီသန်း၊ အန်တီငြိမ်း၊ အန်တီဝင်း၊ ဗိုလ်ညို၊ ဗိုလ်ချို၊ ဗိုလ်ဌေး၊ စတဲ့ အဖွား၊ အဒေါ်တွေ အကြီး
အလတ်အငယ်တွေက အကုန် ချက်ကျွေးတယ်။
ကိုဆန်နီဆို ငါ့ညီလာဆိုပြီး စာကလေးတွေ ရှာကျွေးတယ်။ ခုပြန်စဉ်းစားရင် စိတ်မကောင်းဘူး။
ဆိပ်ဖြူခေါက်ဆွဲ မမေ့ဘူး။
မနက်ဆိုစျေးထဲသွားစား။
တခါတလေ ကိုဆန်နီတို့အိမ်မှာ ဘယာကြော်နဲ့
ကြက်သွန်နီစိတ်၊ ထမင်းကြမ်း၊ ငြုတ်သီးစိမ်း ကို
ရေနွေးကြမ်းနဲ့ စား။
မမေ့နိုင်တာလေးတွေ။
နွားလှည်းတွေက-
မနက်ဆို အိမ်ရှေ့ တအီအီနဲ့ဖြတ်မောင်းကြရင်
နံနက်ချိန်ခါတေးသံသာ သီချင်းတပုဒ်
နားထောင်နေရသလိုမျိူး။
လှည်းဝင်ရိုးထဲက ဖုံနဲ့ ဆီနဲ့ ရောကြိတ်ထားတဲ့
တအီအီသံလေးထဲမှာ
နွားတွေရဲ့ တရှုးရှုး နှာမှုတ်သံ၊ တဇွပ်ဇွပ် ခွာသံလေးတွေ၊ နွားခြူသံလေးတွေ နောက်-
လှည်းမောင်းသူတွေရဲ့ နွားကို ငေါက်သံတွေ
အဲဒါတွေ အားလုံးပေါင်းလိုက်ရင်
တကယ့် ကျေးလက်တေးဂီတပါပဲ။
ဒါတွေကို အိပ်ယာထဲက နေကြားခဲ့ရတယ်။
အညာဆောင်း အေးအေးချမ်းချမ်းမှာ
အညာလုပ် ချည်ထည်စောင်လေးနဲ့ကွေးလိုက်ရင်
တော်တော်နွေးတာ။ ဇိမ်ပဲ။
အညာဆောင်းဆိုတာ တကယ်အေးတဲ့အချိန်
ရန်ကုန်ထက် အများကြီးအေးတယ်။
ညနေ နေဝင်တာနဲ့စ နောက် ညတညလုံး၊
မနက်ဆို အရမ်းအေးတယ်။
ညနေဖက်တွေဆိုရင် နေ့လည်ကပူထားတဲ့
အပူရှိန်တွေက မြေကြီးထဲကနေ အပူငွေ့တွေ
ပြန်ထွက်နေတတ်တယ်။
မေမေခင်က ခါးလေးထောက် မျက်တောင်လေး
ဖြတ်ခနဲဖြတ်ခနဲ ခတ်ပြီး အညာသံနဲ့ "ဟဲ့ လူကလေး ခြေတွေဘာတွေ ရေမဆေးနဲ့ ကြားလား ဖျားတတ်တယ်"
ဆိုပြီး အမြဲ စိုးရိမ်ပူပန်စွာ သတိပေးခဲ့တာလေး
အောင့်မေ့ သတိရမိတယ်။
အဖေ အမေ နှစ်ဖက်စလုံးက အဖွားနှစ်ယောက်စလုံး ကျွန်တော့်ကို အရမ်းချစ် ကြင်နာခဲ့ကြတယ်။
မနက်အာရုံဆွမ်းလောင်းတဲ့နေ့တွေဆိုရင်
လော်စပီကာကြီးနဲ့ ဖွင့်ထားတဲ့ မာမာအေး တင်တင်မြတို့ရဲ့ဓမ္မတေးသံလေးတွေကို ကြားနေရတယ်။
နေ့လည်တွေမှာ ကွက်စိပ်ဟောတာတွေ ဘုန်းကြီး
တရားဟောတာတွေ ပဠာန်းပရိတ်ရွတ်တာတွေကြား
နေရလေ့ရှိတယ်။
ညဖက်တွေမှာ ဝတ်တက်တဲ့ အသံတွေ၊ ပရိတ်ရွတ်သံတွေ အမျှဝေ သာဓုခေါ်ကြတဲ့ အသံတွေကို
ကြားကြရတယ်။
ဆိပ်ဖြူဘုရားကြီးနဲ့ ဓမ္မာရုံတွေကဆီက အဲဒီ
အသံတွေ ပျံ့လွင့်လာတဲ့အချိန်ဆိုရင် ကျွန်တော်က အိပ်ချင်နေပြီ။
၁၉၈၀ ကနေ ၈၆ မှာ
စတီရီယို တေးတွေ ကိုင်ဇာမေဆွိ မင်းအောင်အနိုင်တေးတွေ ကောလိပ်ဂျင်နေဝင်း မောင်ကြေးမုံတို့ရဲ့
ကက်ဆက်ဇာတ်လမ်းတွေ ခေတ်စားတာတွေ သတိရမိတယ်။
ခုဆိုရင်တော့ မနော နာမယ်ကြီးနေမယ် ထင်တယ်။
ညဖက် နေနဲနဲ မဝင်သေးခင် အချိန်ကတော့
ကလေးတွေရဲ့ အချိန်ပဲ။
အိမ်ရှေ့ဖုံလမ်းတွေပေါ်ထွက် ကလေးတွေ
စုဆော့ကြတယ်။
ထုတ်စည်းထိုး၊ပြေးတမ်းလိုက်တမ်း၊
ဘောလုံး၊ ကြက်တောင်ရိုက် အကုန် ဆော့။
တီဗွီ မပေါ်သေးဘူး။
ကျောင်းပိတ်ရက်တွေမှာ ဆွေမျိုးတွေ
အကုန်ပြန်ဆုံကြတယ်။
ယူအက်စ် "သဲန့်စ်ဂစ်ဗင်းနေ့" တွေမှာ
မိသားစုတွေ ပြန်ဆုံကြသလိုမျိုး။
ချောက်ဖက်မှာနေကြတဲ့-
ဦးလေးဦးကြည်စန်းတင်တို့ မိသားစု၊
နောက် အခြားမြို့ရောက်နေကြတဲ့ ဆွေမျိုးတွေရော
ဆိပ်ဖြူ ကို ပြန်လာလည်လေ့ရှိကြတယ်။
အဲဒီတုံးက ညို ညိုချောချော ခန့်ခန့်ညားညား
အင်မတန်ဖြောင့်တဲ့ ကိုလွင်ဦးကြီး တို့ ညီအကိုတွေ့နဲ့ ဆုံတွေ့ခဲ့ရတယ်။
ဆုံးသွားတဲ့ ကိုမြင့်ဦးနဲ့ ကျွန်တော်နဲ့က
ရွယ်တူဆိုတော့ ခင်သွားခဲ့တယ်။
ဗိုလ်ဠေး၊ မမအေး၊ မမစန္ဒာအေးတို့ ညီအမတွေကို ကာလ,သားတွေက-
အိမ်ပြင်ကနေ ချောင်းကြည့်နေရခဲ့တယ်။
သူတို့က တကဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေ အထဲပါတာတွေ။
အန်တီဆောင်တချို့က ကျွန်တော့်ထက်ငယ်ကြတယ်။
မယ်သွယ်တို့ ဖိုးထူး၊ ညီညီအောင်ကြီး၊ ဖိုးထွန်း၊
မယ်ထွေးလေး တို့ကတော့ တော်တော်ငယ်ကြသေးတယ်။ နှပ်ချေးချောင်းကြီးတွေ သနပ်ခါးပေါ်
ဖြတ်ပြီး ကွက်စီးနေတဲ့အချိန်။
အမယ်-
ကိုနေဝင်းမောင်လဲ အဲဒီတုံးကတဲက
မြို့သားဆန်ဆန် စမတ်ကျကျ။ သူလဲညိုချောပဲ။
ဘယ်ညာလက်ညှိုးအချင်းချင်း တောက်ကနဲတောက်ကနဲ ဟိုးအဝေးကြီးက ကြားရအောင် လက်ဖျစ်တီး
ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ တအား ကြည့်ကောင်းတယ်။
ကိုဆန်နီလည်း ဗလတောင့်တောင့်ညိုညိုထွားထွားနဲ့
မျက်နှာချိုချိုနဲ့။
အကုန်သတိရသွားတယ်။
လူပျိုပေါက်အရွယ်သွားတဲ့ တခေါက်က-
ညသန်းခေါင်ကျော်ဆို အကိုဝမ်းကွဲ နဲ့
ကာလသားတွေက လာခေါ်လို့ လိုက်သွားခဲ့တာလေးကို ထူးထူးခြားခြား မှတ်မိနေခဲ့တယ်။
တခြားမဟုတ်တာတွေတော့မလုပ်ခဲ့ပါဘူး။
သချင်္ ိုင်းနား၊ လမ်းဆုံ လမ်းလေးခွတွေမှာ
ဖုံတွေထဲထိုင်။
ဝိညာဉ်ခေါ်မေးကြတာ။
တယောက်က-
ဘုန်းကြီး ဆွမ်းကျွေးတဲ့ စားပွဲဝိုင်းကြီး
သယ်လာတယ်။
နောက် ခုံဖိနပ်စီးလာတဲ့သူက စားပွဲကို မညီအောင်ခု။
ကျန်တဲ့သူတွေက လက်ဝါးတွေ စားပွဲပေါ်ချ၊
လက်ချင်းဆက်။
သေပြီးသားသူတွေ ခေါ်တော့တာပဲ။
လတ်တလောကမှ ဖျားလို့လားမသိ၊
သေသွားတဲ့ အပျိုလေးတယောက်ကို ဦးစားပေးခေါ်တယ်။
အပျိုဝိညဉ်ကို သူတို့ကနာမယ် တပ်ခေါ်ပြီး
လျှောက်မေးတာ။
ဥပမာ-
မိဝိုင်းဆိုတာ သေသွားတယ် ဆိုပါစို့။
သူတို့ကမေးတယ်။
"ဟဲ့ မိဝိုင်း! ဝိုင်းစိန်မ! နင် ခု သရဲယောကျာ်းရပလား" တို့။
"နင်မသေခင်က နင့်ကို ငါကြိုက်တာ သိရဲ့လား"
တို့မေးတယ်။
သိတယ်ဆို လှုပ်နေတဲ့ စားပွဲကြီး သုံးချက်
ဆောင့်ခိုင်းတယ်။
အဲဒီမှာ ထန်းရည်သောက်သေသွားတဲ့
လူမိုက်လား ဘာလား မကောင်းဆိုးဝါးလား
ဝင်လာပြီး-
စားပွဲကို လုံးဝမရပ်ဘဲ ခပ်ကြမ်းကြမ်းဆောင့်လိုက်
လို့ အားလုံးထွက်ပြေးခဲ့ရတယ်။
ဟုတ်မဟုတ်တော့ မသိဘူး။ ပြေးခဲ့ရတာ
မောသလားမမေးနဲ့။
လူငယ်တို့ဘာဝပေါ့။
ခပ်ဝေးဝေးက-
ခွေးတွေက ဆွဲဆွဲငင်ငင်အူ။
လရောင်ကြယ်ရောင် သိပ်မရှိတဲ့ ည
ဒါမှမဟုတ် တိမ်ထူနေတဲ့ည လို့ မှတ်မိခဲ့တယ်။
ကုက္ကိုလ်ပင်ကြီးတွေ ထနောင်းပင်ကြီးတွေက
လေတိုက်ပြီး တရှဲရှဲနဲ့။
ပုရစ်သံလေးတွေ ရပ်လိုက် အော်လိုက်။
အိမ်က ရေခဲသေတ္တာကြီး မော်တာထပွင့် ပိတ်လိုက်လုပ်နေသလိုမျိုး။
တခါတလေ-
ငှက်ဆိုးခေါ်မလား၊ ဇီးကွက်ခေါ်မလား
မသိနိုင်တဲ့ ညငှက်အော်သံ တွေလဲ
ကြားနေရသေးတယ်။
ကိုယ်ကငယ်သေးတော့ ကြက်သီး ဘဲသီးတွေထ၊
ဇောချွေးတွေပျံ၊ မျက်လုံးမျက်ဆံပြူး။
လူကြီးတွေသိတော့ ခေါ်သွားတဲ့ အကိုကို
ဆူကြရော။
တော်တော်ပွေတဲ့သူတဲ့။
ကလေးကို မဟုတ်တရုတ်တွေလုပ်တဲ့နေရာတွေ
အဖွဲ့တွေထဲ လျှောက်ခေါ်ရသလားတဲ့။
နောက်ဆုံးအခေါက် ကိုယ့်ဖာသာသွားခဲ့တုံးက-
ကိုဆန်နီနဲ့အတူ တောင်ပေါ် ကန်ပက်လက်ရောက်တဲ့အထိ သွားခဲ့တယ်။
တောင်တက်တောင်ဆင်းက
အရမ်းပင်ပန်းတာ။
တောင်ပေါ်လေလေးက အေးလဲအေး။
ရှုခင်းကလဲ တအားလှ။
တိမ်တွေဆို ကိုယ့်အောက်မှာ။
လှေခါးထစ်စိုက်ထားတဲ့ စိမ်းနေတဲ့ စိုက်ခင်းတွေ၊
တောင်ပြာပြာညို့ညို့မှောင်းမှောင်းတွေ၊
ထင်းရှုးပင်တွေက
ကိုယ့်အောက်မှာ။
ပြာနေတဲ့ကောင်းကင်တွေ
တိမ်ဖြူဖြူဝိုင်းဝိုင်း အဆုတ်လိုက် အောက်မှာ
ရွေ့နေတယ်။
တောင်ပေါ်တက်ရတာ ရ မိုင်လောက်ရှိမယ်။
ကိုယ်က ဝေါကင်းရှုးစီးပြီး တက်တာ။
မောပြီးနှေးနေတုံး-
ချင်းမလေးတယောက်က ပလိုင်းတွေဘာတွေ
ပစ္စည်းတွေဘာတွေနဲ့ ဖိနပ်မပါဘူး။
အေးဆေးပဲ ကျော်တက်သွားရော။
ယဉ်ကျေးမှုပြဇာတ်ထဲမှာပဲ တောင်ပေါ်ဒေသဆို
တိုင်းရင်သားတိုင်းရင်းသူလေးတွေက
ရိုးရာဝတ်တယ် လို့ထင်ခဲ့တာတွေ မှားမှန်းသိခဲ့
တယ်။
အဲတုံးက ချင်းမလေးက ချင်းဝတ်စုံနဲ့ တကယ်ဝတ်
ထားတယ်။
တောင်ပေါ်ရောက်တော့ တဲကြီးနဲ့ ဆေးလိပ်ဖွာနေတဲ့
ကိုယ့်အဖွားအရွယ် ချင်းမကြီးက ရင်ဘတ်ကြီး
ဟောင်းလောင်းကြီးနဲ့ ထိုင်ပြီး စိမ်းစိမ်းကြီး
ကြည့်နေခဲ့တယ်။
အဖွားနဲ့ရေချိုးနေကျဆိုတော့ ကျွန်တော့အတွက်
သိပ်မထူးဆန်းဘူး။
လူကြီးတွေပြောမယ်ဆိုလည်းပြောစရာ။
ကျွန်တော်က တော်တော်လေး နောက်တောက်
တောက် ခပ်ပွေပွေ။
ရန်ကုန်အိမ်မှာ အလှမွေးဖို့
ချင်းခွေးပေါက်သွားဝယ်တာကိုး။
မောင်နှစ်မ၂ကောင် ဝယ်ခဲ့တယ်။
အရမ်းချစ်ဖို့ကောင်း။
၁၅ ကျပ်ပေးတာကို ချင်းမကြီးက ခေါင်းခါတယ်။
ဒါနဲ့ နောက်ထပ် တဆယ်တန်ကျပ်တရွက်ကို
လက်ထဲထိုးထဲ့ပေးလိုက်တော့မှ
ခေါင်းငြိမ့် အဆင်ပြေသွားတယ်။
၂၅ ကျပ် နှစ်ကောင်ပေါ့။
ရွှေစက်တော်မှာ ဆို အဲလောက်တောင်
အမွှေးမဖွားဘူး။
ချင်းခွေးမစစ်ဘူး။
အဲဒါမျိုးအမွှေးပါးပါးလေးတွေကို တကောင် ၅၀ ၁၀၀ ကျပ်လောက်စျေးခေါ်နေကြတာ။
ချောက် ကနေ ရန်ကုန်ကားနဲ့သယ်တာလဲ ခက်ခက်ခဲ
ခဲ။
ကား၂ဆင့် ကားပြောင်းစီးခဲ့ရတယ်။
ထန်းရိုး ပက်လက်ကုလားထိုင်တလုံးပါသေးတယ်။
နောက်-
ရန်ကုန်က သူငယ်ချင်းတွေသုံးဆောင်ဖို့
ကိုဆန်နီနဲ့ ကြိုတင်သွားအော်ဒါမှာထားတဲ့ ငံပြာရည်ပုံးလိုမျိုး တဂါလံပုံး နှစ်ပုံးအပြည့် ထန်းရည်ချိုတွေပါသေးတယ်။
သူများတွေပြောလို့ ဆားလေးနဲနဲခတ် အဖုံးဖွင့်ပြီး
သယ်တာ။
ပထမစီးတဲ့ ဟီးနိုးဘတ်စ်က မကွေးအထိလား ပြည်အထိလားပဲရောက်တယ်။
ဒါပေမဲ့ သယ်ခဲ့တဲ့ ထန်းရည်တွေက ဆူပြီးလျှံ
သွားလို့ နောက်တစီးပြောင်းစီးတော့ သယ်စရာ
မလိုတော့ဘူး။
ပထမကားရဲ့ ဟိုးအနောက်မှာ ပုံး၂ ပုံးကို
စပါယ်ယာတွေအလစ် သွားတင်ထားတာ-
လမ်းမှာဆူလာပြီး ဒရိုင်ဘာနားအထိ အမြှုတ်ဖြူတွေ
ထွက်စီးကျ လျှံကျလာလို့ အဆဲခံရတယ်။
"တော်တော်နောက်"တဲ့ ကျွန်တော်။
ခွေးလေး၂ကောင်ကို ဂျာကင်ထဲ ဘယ်တကောင်
ညာတကောင် ထဲ့။
ချောက် ကနေ ရန်ကုန် ခရီး ၄၀၈ မိုင်။
ကား ၂ ဆင့် စီး။
ခွေးနှစ်ကောင်၊ ကျောပိုးအိတ်တလုံး နဲ့
ထန်းရွက်ပက်လက်ကုလားထိုင်က ကားခေါင်မိုးပေါ်မှာ။
ထန်းရည်တွေ သူ့ဟာသူ စာရင်းရှင်းသွားလို့ နောက်ကားကျတော့ မပါတော့ဘူူး။
ခွေးလေးတွေက ချင်းခွေးလေးတွေ။
မသင်ထားပဲ တော်တော် တတ်တယ်။
ဒီကောင်တွေ ရှုးပေါက်ချင်ရင် လူပေါ်မပေါက်ဘူး။
ညဉ်ကောင်းတယ်။
တအီအီအော်တာနဲ့ ဒရိုင်ဘာကို "ပေါက်တောဗျို့"
လို့ ခဏခဏ အော်ပေးရတယ်။
နောက် ခရီးတဝက်..
ဒါတ်ဆန်းကားပြောင်းစီးတဲ့ အချိန်
ကားဆရာတွေက
အမြန်မောင်းချင်တဲ့သူတွေဆိုတော့
ပေါက်တောကို ခဏခဏ ရပ်မပေးချင်ဘူး။
ခွေးလေးတွေက တအားချစ်စရာကောင်းတယ်။
ရန်ကုန်မှာ ၃နှစ်လောက်ထိ အကြီးကြီးဖြစ်ခဲ့ပြီးမှ
ချင်းတောင်လို မအေးလို့-
အပူမခံနိုင်လို့
သေသွားခဲ့တယ်ထင်တာပဲ။
နွေရာသီဆို ရေချိုးခန်းနားမှာ
လျှာကြီးတွေ ထွက်ပြီး
ဝပ်နေထိုင်နေကြရော။
ဆိပ်ဖြူကို လူကြီးတွေနဲ့သွားတာမဟုတ်တော့
လုပ်ချင်တာလုပ်ခဲ့တာလေးတွေပြောပြတာ။
ပြောရရင် မကုန်နိုင်ဘူး။
ငယ်ငယ် ကိုရင်ဘဝ သင်္ဃန်းကြီးနဲ့
ယောချောင်းထဲ တိုက်ငါးလေးလို တွေ့လို့ဆိုပြီး
သင်းပိုင် ကို ကတောင်းကျိုက်၊
အပေါ် သင်္ဃန်းကို စလွယ်သိုင်း ကိုယ်ပေါ် ပတ်ထုံး၊
ပေါင်လယ်လောက် ချောင်းထဲ ဆင်းလျှောက် ဖမ်းသေးတာ။
တယောက်ထဲပေါ့။
ကျွန်တော့်ကို မမြင်ဖူး မသိဖူးတဲ့ သူတွေက တွေ့ပြီး
"ဟာ..
ဒီကိုရင် နောက်တောက်တောက် တော်တော် ပေ
တာပဲ.
ငါးဆင်းဖမ်းနေတယ်"
အပြောခံခဲ့ရတယ်။
ငါးလဲ မရပါဘူး။
စားဖို့မဟုတ်ဘူး၊
မွေးချင်လို့။
ရများသွားရင် ရန်ကုန်ယူသွားအုံးမှာ။
နောက်...မထူးဘူး၊
(ငါးမရ ရေချိုးပြန်ဆိုတာ တကယ်မှန်တယ်)
ရေကူးလိုက်အုံးမှ ဆိုပြီးရေစီးနဲ့လိုက်။
ယောချောင်းကလဲ သာယာတာကိုး။
ရေစီးလေးက ငြိမ့်။
ရေလေးက ကြည်အေးလေး။
ကုက္ကိုင်းရေကူးကန်မှာကူးတဲ့အကောင်ဆိုပြီး
ကိုယ့်ဖာသာအထင်ကြီး။
ရေစီးနဲ့ပါသွားတာ-
ဧရာဝတီမြစ် နဲ့ ယောချောင်းဆုံရာကိုရောက်။
ရောက်မှန်းမသိဘဲ နောက် ဧရာဝတီထဲက
မော်တော်တွေ သွားတွေ့မှ-
"ဟာ ငါ မြစ်ထဲရောက်နေပြီ "ဆိုပြီး မနဲ
ကမ်းပြန်ကပ်ရတယ်။
ခေါင်းတွေဘာတွေကြီး စိတ်ပူသွားတာ။
ရေသေမှာ ပဲ ကူးဖူးပြီး
ရေစီးကူး အတွေ့အကြုံမရှိဘူး။
နောက်-
သွေးအေးအေးစဉ်းစားပြီး
မကူးဘဲ အသာလေးဖော့၊
လက်လေးကို ကမ်းဖက်ရောက်အောင်
ပဲ့ယက်ယက်ပေးလိုက်မှ ပြန်တက်လာနိုင်ခဲ့တယ်။
ကျောင်းမပြန်ခင် ရေစို သင်္ဃန်း ဝတ်ရက်နဲ့
နဲနဲသွေ့သွားအောင် ကမ်းစပ်မှာ ရှုခင်းကြည့် ရင်း
နေလှမ်းရသေးတယ်။
အညာနွေဆိုတော့ ခြောက်တာမြန်တယ်။
လူကလဲ ငယ်သေးတော့ ကျန်းမာရေးကောင်းတယ်။
မဖျားခဲ့ဘူး။
သင်္ဃန်းတွေ နဲနဲခြောက်သွေ့သွားလောက်တော့မှ
ကျောင်းပြန်ခဲ့တယ်။
ကျောင်းက ဘုန်းဘုန်းတွေက မမေး၊ မပူပါဘူး။
မြို့သားကိုရင်ဆိုတော့ အနောက်ပိုင်း အိမ်ပဲ
ခဏပြန်သွားသလိုလို၊ လိုလို တွေနဲ့ ပြီးသွားရော။
မသေလို့။
နို့မို့ဆို အလောင်းပေါ်မှ သိမှာ။
နစ်သေမဲ့အကြောင်း မပါသေးလို့ မသေခဲ့တာလေး။
ကျန်သေးတယ်။
ရပ်ထားတဲ့ နွားလှည်းပေါ်ထိုင်တုံး-
မောင်းသူက ခဏဆင်းသွားနေတဲ့အချိန်-
"ဟဲ့ ဒီနွား"ဆိုပြီး
ကြိုးစ သွားလှုပ်လိုက်တာ....
နွားတွေ က လန့် ပြီး "ဒိုး" ထွက်ပြေးရော။
လှည်းက အိမ်ပေါက်ကတိုင်တွေနဲ့ ဘီး တိုက်မိပြီး
ဘီးကို မကျွတ်အောင် ရိုက်ထားတဲ့ သပ်ပြုတ်ထွက်။
ဘီးပါပြုတ်။
ဘီးတဘီးနဲ့ လမ်းပေါ် ကျွန်တော်လဲ ပါသွားခဲ့တာ။
လမ်းပေါ်ကလူတယောက်က ရှေ့ကနေ ဖမ်း။
နွားတွေကို ထိန်းလိုက်နိုင်လို့ ဆေးရုံမရောက်ခဲ့ဘူး။
ဘီးကျန်နေတဲ့ဘက်က နွားဆို မျက်လုံးကြီး
ပြူးလို့။
လှည်းက တဖက်ထောင်နဲ့ နောက်တကောင်လဲ
လည်ပင်းတွေနာသွားလောက်တယ်။ သနားစရာဗျာ။
ရွာသားတွေ အရမ်း ရိုးသား၊ သဘောကောင်းတယ်။
လျော်ကြေးမပေးရဘူး။
ဘဘတို့ မေမေခင်တို့မျက်နှာလဲ ပါမယ်။
ဘယ်သူမှတောင်မသိလိုက်ရဘူး။
အမှတ်တရ ဆိပ်ဖြူအကြောင်းနဲ့
မြို့သား ကိုလူပေလူရှုပ်အကြောင်း။
ဆွေမျိုးများအားလုံး ပင်ပန်းနေတာလေးတွေပျောက်
စိတ်သက်သာအေးချမ်းကြပါစေ။
ကိုဆန်နီလဲ ကျွန်တော့် ကို တအားချစ်ရှာတာ။
သူရော သူ့မိသားစုရော
နေကောင်း အဆင်ပြေပါစေ။