LEO
လီယိုအဖွဲ့
၁၉ရ၈ ခုနှစ်က ကိုးတန်းဖြေပြီး နွေရာသီမှာ စောဝေ၊ အောင်ဇေယျ နဲ့ ကျွန်တော် (စန်းအောင်)တို့ စောဝေအိမ်မှာ ဂီတာ စုတီးကြတယ်။ အဲဒီတုန်းက တီးလုံးတွေ တီးရာမှာ ခေတ်စားတဲ့ The Venture, The Shadows, Santana, Al Di Meola စတဲ့ အဖွဲ့တွေ၊ ပညာရှင်တွေရဲ့တီးလုံးတွေ နဲ့ ရူးသွတ်ခဲ့ကြတယ်။
အဲဒီအချိန် ရီမာက သူ့ "ကသီဒြယ်" စိန်မေရီ ဘုရားကျောင်း စျေးရောင်းပွဲတွေ၊ ဘုရားကျောင်းတွင်း သီဆိုပွဲတွေမှာ ဆိုနေခဲ့ပြီ။
မြတ်ကျော်သိန်းခေါ် ကယ်ဗင်ကတော့ ABBA သီချင်းတွေကို သူ့အိမ်မှာ တဗြောင်းဗြောင်း တီး နေလေရဲ့။
သူ့ညီမကလည်း တခါတလေဝင်တီး ဝင်ဆိုပေါ့။ တခါတလေ တဖက်တိုက်က လဲ့လဲ့ သူငယ်ချင်း ရီမာလာလည်ရင် ABBA သီချင်းတွေကို ကယ်ဗင်နဲ့ တွဲ ဆွဲလေ့ရှိနေခဲ့တယ်။
ကိုအောင်မင်းက E. Machine မှာ တီး၊ နောက် "သုံးရာသီ" လို့ခေါ်တဲ့ သူထောင်ထားတဲ့တီးဝိုင်းလေးနဲ့ တီးနေတဲ့အချိန်။ ကိုသြ၊ ကိုသိန်းဆွေ၊ ကိုချိုးတီ၊ ကိုပီတာ၊ ကိုစံလင်း၊ ကိုမင်းမင်း တို့နဲ့ တီးနေတာ။ အဲတုန်းက " ရွှေစွန်ညို" သီချင်း ကျွန်တော်သိတ်ကြိုက်ခဲ့တာ။ ကိုအောင်မင်း ရေးတာ။
နောက်သူတို့ဝိုင်းကလူတွေက တခြားတီးဝိုင်းတွေဆီရောက်သွားတာကြောင့်လား တခြားအကြောင်းလားတော့မသိဘူး၊ သုံးရာသီ တီးဝိုင်း ရပ်ခဲ့တယ်။
သုံးရာသီ မရပ်ခင်ကတည်းကကိုအောင်မင်းနဲ့ ကျွန်တော် သိခဲ့ပြီး သုံးရာသီ ရပ်လိုက်တဲ့အချိန် ကိုအောင်မင်းကို ကျွန်တော့ သူငယ်ချင်း (စောဝေ အောင်ဇေယျ) တို့နဲ့ မိတ်ဆက်ပေးလိုက်တယ်။ ကိုအောင်မင်းက သူ့စိတ်ကူးကို ပြောပြတယ်။
တီးဝိုင်းလေးတခု လုပ်ချင်တယ်၊ အဖွဲ့ပုံစံနဲ့သွားမယ်ပေါ့၊ လိုတာတွေပြပေး၊ ကူပေးမယ်။ ကီးဘုတ်တီးမဲ့ လူရှာရမယ်၊ မိန်းခလေးအဆိုလည်း တယောက်နှစ်ယောက်လိုမယ်ပေါ့။ ပထမတုန်းက ကိုမင်းသူရိန်လို့ခေါ်တဲ့ ကိုဂျော်ဂျီဆိုတာပါသေးတယ်။ နောက် အကြောင်းတခုခုကြောင့် သူပါမလာတော့ဘူး။
တိုတိုပြောရရင် ကယ်ဗင်၊ လဲ့လဲ့ နဲ့ ရီမာကို ထပ်စုမိတယ်။ အဖွဲ့ကို "လီယို" လို့ပေးတယ်။
ကိုအောင်မင်းအိမ်မှာ၊ ကယ်ဗင်တို့အိမ်မှာ ကိုအောင်မင်းက အသံတွေကျင့်ပေး၊ သင်ပေးတယ်၊ နုတ်စ်တွေသင်ပေးတယ်၊ ဂီတာ၊ ဒရမ်စ် အားလုံးသင်ပေးတယ်။
ပထမဆုံး ရီကောဒင်းက ဦးတိုနီရဲ့ လင်းစတူဒီယိုမှာပါ။ ဆရာကြီး ဦးသာရဲ့ "ကျောင်းသီချင်း" ကို ဆိုတီး သွင်းတယ်။ ရေးသူက ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုသန်းထွန်းအောင်။
ပထမရှိုးပွဲက ရီမာတို့ ဘုရားကျောင်း စျေးရောင်းပွဲ။ ကယ်ဗင့်အိမ်က တကယ့်စန္ဒယားကြီးကို မ, သွားပြီး ဘုရားကျောင်းအပြင်ကွင်းထဲကစင်ကြီးပေါ်မှာတီးခဲ့တာ၊ အချိန်က ဆောင်းတွင်း၊ နှင်းတွေရိုက်လို့ သူတို့ စန္ဒယားကြီး မနက်ရောက်တော့ မဟော်ဂနီရောင်ပျောက် ဖြူစွတ်ဖြူရော်ဖြစ်သွားလို့ သူတို့မိဘတွေကို အရမ်းအားနာခဲ့ရတယ်။
ဆိုခဲ့ကြတဲ့သူတွေက မှတ်မိသလောက် အန်တီရီတာစိုးဝင်း၊ အန်တီရှယ်လီထွားပေါ့။ နောက် ဘုရားကျောင်းက အဆိုသမားတွေ။ အင်္ဂလိပ်သီချင်းတွေ အများဆုံးဆိုကြတယ်။ စက်သမားတွေက ကြည့်မြင်တိုင်ကလို့ထင်တယ်။ လူသိသွားလို့ အချီးကျူးခံရသလို အဆဲလည်း ခံခဲ့ရတဲ့ပွဲပါ။
နောက် သင်္ကြန်ပွဲ။ ရန်ကုန်ဗိုလ်အောင်ကျော်လမ်း၊ မြန်မာ့အာမခံမဏ္ဍပ်မှာ၊ တီးဝိုင်းတွေအများကြီးထဲမှာ အလှည့်တလှည့်အနေနဲ့ပါပေးခဲ့ရတယ်။
နေ့ရောညရောတီးရတော့ ပွဲအတွေ့အကြုံတွေရလာတယ်။
အဲဒီမှာ စိတ်မကောင်းတာလေးတခု ပြောပြချင်တယ်။ အာစီတူးကအနုပညာအဖွဲ့တီးဝိုင်းထဲမှာ ကျွန်တော်ရယ် စောဝေရယ်၊ အောင်ဇေယျ ရယ် ပါတယ်၊ ကိုမောင်မောင်လွင်က ကီးဘုတ်ပေါ့၊ အခြေခံပညာမဏ္ဍပ်မှာ အာစီတူးအဖွဲ့တီးတော့ (ကျွန်တော်တို့ သုံးယောက် အာမခံမဏ္ဍပ်ကနေ အချိန်မီထွက်လာလို့မရလို့) ကိုမောင်မောင်လွင်တို့ တော်တော်ဒုက္ခရောက်ခဲ့ကြတယ်၊ ကျွန်တော်တို့ မဏ္ဍပ်ရှေ့ရောက်တော့ ဝင်လို့မရတော့ဘူး။ သင်္ချာဆရာ (ဆရာက ပြုံးပြုံးနဲ့ မျက်မှန်မဲနဲ့ ရုပ်ရှင်မင်းသားထွန်းထွန်းဝင်းလိုမျိုး၊ နာမည်မေ့နေလို့ ခွင့်လွှတ်ပါဆရာ)နဲ့ သူ့တပည့်တွေ ကူပြီးတီးပေးနေတာကိုတွေ့လို့ စိတ်မကောင်းဖြစ်ရတယ်၊ ခွင့်လွှတ်ပါ၊ ကိုမောင်မောင်လွင်က အားပေးရှာတယ်။ ခင်ဗျားတို့ တော်တော်ဆိုးတယ် ဆိုပြီး။ ဘဲကြီးရေ ခွင့်လွှတ်ပါ ထပ်ပြောတော့ ပြုံးပြုံးနဲ့ ခေါင်းခါရှာတယ်။ အာစီတူး အနုပညာအဖွဲ့ကပေးခဲ့တဲ့ ပုဆိုးအစိမ်းအကွက်ကြီး အိမ်က ဘီဒိုထဲ မြင်တိုင်း စိတ်ထိခိုက်ခဲ့ရပါတယ်။
နောက် သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နဲ့ ခရစ်စမတ်ပွဲတွေ၊ ဘုရားကျောင်းစျေးရောင်းပွဲတွေမှာ တီးတယ်။ များသောအားဖြင့်က ပင်တိုင်တော့မဟုတ်ဘူး။ အခြားတီးဝိုင်းတွေ နားတဲ့အချိန်တီးတယ်၊ ကျွန်တော်တို့က ကိုအောင်မင်းတိုက်ထားသင်ထားပေးသလို ဆယ်ပုဒ်လောက်ကို ဆက်တိုက်ဆိုတီးတာ။ အနှေးတပုဒ် အမြန်တပုဒ် အလယ်အလတ်အမြန်တပုဒ် အဲလို သွားတာ လူတွေကြည့်ရတာမပျင်းဘူးပေါ့။
နောက် မင်္ဂလာဆောင်ပွဲတွေတီးလာခဲ့ရတယ်၊ အင်းယားကန်ဟိုတယ် ပတ္တမြားခမ်းမဆိုတဲ့ အသေးလေးမှာ နားမဆူအောင်ထိန်းတီးပေးနိုင်ခဲ့လို့ အင်းယားကန်ဟိုတယ်မန်နေဂျာက သဘောကျခဲ့တယ်။
နောက် ကလင်ကလင် ပထမစီးရီးကို ရာမတေးသံသွင်းနဲ့ စလုပ်တယ်။မေစတူဒီယို Eight Tracks နဲ့ သွင်းတာ၊ ကိုရဲခေါင်တို့ ကိုကြည်မင်းသိန်းတို့ ခေါင်းစားခဲ့တာပေါ့၊ ကျွန်တော်တို့က လိုင်းတွေအများကြီး ထပ်ချင်တာကိုး။ ဘယ်က အသံလေးကို ညာကအသံလေးက တွန်းထုတ်လိုက်တာတို့ လုပ်ချင်တာတွေ၊ ဂီတာကို ရီသမ်ကိုတောင် ဘယ်ဖက်ဒေါင့်မှာ ကော့ဒ်ပုံစံတမျိုး၊ ညာဖက်ဒေါင့်မှာ ကော့ဒ်ပုံစံတမျိုးနဲ့ တီးချင်တာတို့၊ တကဲ့ စန္ဒယားအသံလိုချင်လို့ အပြင်ကနေငှားချလာပြီး အရင်တီးထဲ့၊ နောက်ကျ စန္ဒယားပြန်ပေးပြီးတဲ့အချိန်မှာ စန္ဒယားရဲ့ Tuning နဲ့ စတူဒီယိုက Keyboard တွေရဲ့ Tuning မကိုက်ဘဲ လွဲနေတာတွေ၊ အများကြီး ကြုံရတာတွေကို ကိုရဲခေါင်နဲ့ ကိုကြည်တို့ ခေါင်းစားစေခဲ့ရတာကို သတိယ ကျေးဇူးတင်မိပါတယ်၊ အများဆုံးစာသားရေးတဲ့သူက ကိုအောင်မင်း၊ နောက် လဲ့လဲ့၊ ကျန်တဲ့သူတွေကတော့ နည်းနည်းလေးပါပဲ။
ဒုတိယ အနမ်းကတော့ ကိုယ့်ဟာကိုယ်လုပ်တာ။ ရာမကကိုဝင်းအောင်က ကူပေးပါတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ကြိုက်သလိုလုပ်ပါတယ်၊ အကုန် ထင်ထားတွက်ထားသလို မလုပ်လိုက်နိုင်ခဲ့ဘူး။ အနမ်းနောက်ဆုံးမှာ Vocal နဲ့ Solo အော်ပြီး fade out လုပ်ဖို့ မလုပ်လိုက်နိုင်ခဲ့ဘူး။ မေစတူဒီယိုပါ။
နောက် တတိယ- ပန်းမျက်နှာ ရာမတေးသံသွင်းနဲ့ လုပ်ပါတယ်။ မေစတူဒီယိုပါပဲ။
မြန်မာ့ရုပ်မြင်သံကြားတီဗွီတွေလည်း ရိုက်ခဲ့ပါတယ်။
ကျွန်တော်တို့ တတိယစီးရီးအပြီး အစည်းအဝေးလုပ်ပါတယ်။ အနုပညာလောကထဲ တခါထည်း အပြီးဝင်ကြမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို တိုင်ပင်ကြပါတယ်။ အခြေအနေအကြောင်းအမျိုးမျိုးအရ အပြီးတော့ မဝင်နိုင်ကြဘူးဆိုပြီး အများအဖြေအရ တီးဝိုင်းကို ၈၄ မှာ ပဲ ရပ်နားခဲ့ကြပါတယ်။
တီးဝိုင်းစလုပ်ချိန်ကစလို့ ကျွန်တော်တို့ အဖွဲ့ တသားတည်းဖြစ်ခဲ့ကြတာ။ အတူသွားအတူလာအတူစားပေ့ါ။ သိတ်ပျော်ဖို့ကောင်းပါတယ်။ ခုထိ ဆုံကြ၊ တွေ့ကြတုန်းပါ။ ကိုအောင်မင်းနဲ့ ရီမာက ဆန်ဖရန်စစ္စကိုမှာ၊ စောဝေက အိုဟိုင်းယိုး၊ ကျွန်တော်က မီရှီဂန်၊ ကယ်ဗင်က အော်ဇီ၊ လဲ့လဲ့က စလုံး၊ အောင်ဇေယျကတော့ ရန်ကုန်မှာပေ့ါ။ အားလုံးအဆက်အသွယ်ရှိကြပါတယ်။ ဘဝမှာ လီယို ရဲ့ အခန်းလေးမပါမဖြစ် ပါခဲ့တာလေး မှတ်တမ်းတင်ပါရစေ။
စန်းအောင်
ဇူလိုင်-၁၅-၂၀၁ရ