So Delicious
ပူနွေးနေသော ထမင်းပုံပေါ်သို့
ခရမ်းသီးနှပ်များကို ခပ်တင်လိုက်ပြီး နှံ့စပ်အောင်နယ်လိုက်၏။ တချို့ခရမ်းသီးဖတ်များက ပျော်ဝင်သွား၏။ တချို့က မသိချင်ယောင်ဆောင်၍ ထမင်းကို စကားမပြောကြ။ ဂျူးဖူးကြော်နှင့် ကျန်နေသော ခရမ်းသီးဖတ်များကို ရော၍ နည်းနည်းမွှေ ပြီး နယ်ဖတ်လိုက်သောအခါ တင်းခံနေသော ခရမ်းသီးဖတ်များ လက်လျော့ အရှုံးပေးလိုက်ရလေတော့၏။
နယ်ဖတ်ထားသောတမင်းနှင့် ခရမ်းသီး၊ ဂျူးဖူးကြော်များအပေါ်တွင် သရက်ချဉ်သုတ်ကို တဇွန်းခပ်၍ ပုံလိုက်ပြန်၏။ ထို့နောက် ငြုပ်သီးထောင်း ဇွန်းတဝက်ခန့်ကို ထပ်မံပစ်တင်ပြီး အလုပ်ကြီးကြီးပါအောင် စားမည်ဟု ကြံ၍ စားဇွန်းကို ကိုင်လိုက်ရာ မိမိ၏ ပါးစပ်အလိုနှင့်မလိုက်ဖက်ဘဲ အတန်ငယ်သေးငယ်နေသည့်အဖြစ်ကို မြင်တွေ့လိုက်ရသဖြင့် အနားတွင် အစာပြင်ပေးပြီး လိုအပ်သည့် ဟင်းလိုက်ပွဲများကို လိုက်ပေးရန် အသင့်ဖြစ်နေသော အလှူရှင်မော်ဒယ်မမအား ဇွန်းကြီးကြီးတချောင်းကို လှမ်းတောင်းလိုက်ပြန်၏။
အလှူရှင်မမ ကမ်းပေးသောဇွန်းကို ကျေးဇူးဟု တာဝန်ကျေပြောပြီး လှမ်းယူပြီးလျှင် နယ်ထားသော တမင်းဟင်းဖတ်များကို ဇွန်းနှင့်အပြည့်ကော်ခတ်၍ ပါးစပ်ကို ဟပြီး ထိုးသွင်းလိုက်ရာ ပါးစပ်တွင်းမှ သွားများကသေချာမဝါးရသေးခင် လျှာကြီးက သိမ်းကျုံးအရသာခံ၍ ဟာနေသော ဗိုက်ထဲ အူထဲသို့ပို့ပစ်လိုက်၏။ ထမင်းနွေနွေးအရသာကို ခံစားရ၏။ ခရမ်းသီးနှပ်၏ ချိုခြင်း၊ လေးပင်ခြင်း အရသာ ထပ်ခံစားရ၏။ ဂျူးဖူးကြော်များ၏ ဂျိုးဂျိုးဂျွတ်ဂျွတ် အရသာကိုခံစားရနေစဉ်တွင် ဪ သူတို့လေးတွေလည်း ချိုတာပါပဲလားဟု တွေးမိ၍ ခေါင်းလေးကို နှစ်ခါလောက်ညှိမ့်လိုက်မိရာ -
အနားတွင်ရှိနေသော အလှူရှင်မမက ဟုတ်ကဲ့ ဒီထက်ကြီးတဲ့ ဇွန်း ရှိပါသေးတယ် ယူမလား ဟုလှမ်းမေးပြန်သဖြင့် မျက်လုံးကြီးပြူးပြ လက်ခါပြလိုက်ရပြန်၏။ ပြန်ဖြေဖို့ ပါးစပ်က စကားပြောလို့မှမရတာကိုး။
ထဲ့နယ်ထားသော ငြုပ်သီးထောင်းက လျှာအကြောများကို ဖွင့်လိုက်သောအခါ မျက်လုံးကြီး ပိုပြူးလာ၏။
ချို ချဉ် စပ်ပြီးပြီ။ ဘာကျန်သေးလဲဟု ဟင်းပွဲများကို ဝေ့ကြည့်လိုက်ရာ အငွေ့ထောင်းထောင်းထနေသေးသော ပဲကြီးဆူးပုတ်ဟင်းချိုကို တွေ့၏။
ညာဖက်လက်များက မိမိ၏ဆန္ဒကို ချက်ခြင်းလိုက်နာခါ စားဇွန်းကိုချ၍ ပဲဟင်းသောက်ဇွန်းကို ပြောင်းကိုင်လိုက်ပြန်၏။ အလှူရှင်မမက မိမိ၏ မေးစေ့တွင်ပထမတုံးက စားခဲ့ စားဖူးသလို ပဲဟင်းရည်များ ထပ်မံစီးကျလာမည်အထင်ဖြင့် လက်သုတ်ပုဝါကိုလှမ်းပေးဖို့ အရိပ်ကြည့်နေ၏။
ပဲဟင်း၏ ဆိမ့်သော အရာသာကို ခံယူပြီး ဆူးပုတ်ရွက်များ၏ ဖန်သောအရသာကို ခံစားမိသည်နှင့် ဂျို့ထိုးလေတော့၏။ ရေတခွက်ပေးပါဗျာဟု အလှူ့ရှင်မမကို လှမ်းပြောရပြန်၏။ ရေမလာခင် ဂျို့ထိုးသက်သာရန် ပဲဟင်းကို ထပ်ခါထပ်ခါ လှိမ့်သောက်ရာ ပဲဟင်းရည်ခွက်လည်း ခမ်းခြောက်သွားသည့် ရေအိုင်လို ဖြစ်သွားရှာတော့၏။
ရေယူလာသောအလှူရှင်မမက တချက်ပြုံး၍ သောက်ပါ သောက်ပါ ထပ်ခတ်ပေးပါ့မယ် အများကြီးရှိပါတယ်ဟု လှမ်းပြောလိုက်သည်ကို မျက်လုံးထပ်ပြူးကာ ခေါင်းညှိမ့်ပြလိုက်ပြန်၏။
(ဤကား မေမြို့ သို့ ခေတ္တအလည်ရောက် စားသောက်ပုံလေးဖြစ်၏)
(ညီမလေးသီတာခင်မောင်၏ သက်သတ်လွတ်ဟင်းများကို စားလိုက်ပုံလေးအား သိပ္ပံမောင်ဝရေးဟန်ဖြင့် ရေးလိုက်သောစာလေးဖြစ်၏)
စန်းအောင်
ဇူလိုင်-၁၀-၂၀၁၇