To Happy Days

"အငိုနေ့ မှ အပျော်နေ့သစ်များဆီသို့"


ဒီကနေ့ မိုးလေး ရွာနေသည်။

မိုးရွာနေချိန်၊ အိမ်ထဲတွင် ကွေး၍ နေလျှင် 

ဇိမ်ရှိမည့်အချိန်၊ 

အများသူငါ အားလပ်သည့် စနေနေ့တွင် 

အာစီတူး၌ လူစည်ကားနေသည်။

"အာစီတူး ခေါ် လိမ္မော်ရောင်ကောလိပ်" မိခင်ရင်ခွင်

ကျောင်းတော်ဟောင်းကြီး အထဲသို့

တဖွဲဖွဲပြန်လည် ဝင်ရောက်လာနေကြသော

ကျောင်းသူကျောင်းသားအဟောင်းများကို-

ကျောင်းရှေ့ ကုက္ကိုပင်ကိုင်းအထက် မိုးခိုနေသော 

ကျီးကန်းအိုကြီး တစ်ကောင်က ထူးဆန်းစွာ 

လှမ်းကြည့်နေသည်။

ကျောင်းအတွင်း ချောင်ကျကျ၊

ချုံပုတ်ဆူးချုံအနောက်က မြက်ပင်ကြားရှိ

လိမ္မော်ရောင် လေးဒေါင့်အုတ်ခဲတွင်း 

နေထိုင်သော မြေကြွက်လေးတကောင်က 

လန့်၍ ပုန်းကွယ်လိုက်သည်။

မိုးများက တခါတလေ သည်းလာသည်။

ရှိုက်ငိုလိုက်သလိုမျိုး။

လေဝေ့လေးနှင့် မိုးစက်များ အကြား

တချို့ သစ်ရွက်လေးများ ကြွေကျသွားသည်။

တချို့ မဟောင်းနွမ်းသေး၊ 

အကြွေစောသည် ဟု

ပြောကြသလိုမျိုး။

ကျောင်းကြီးနှင့် ကျောင်းသူကျောင်းသား 

အဟောင်းများ ပြန်လည် တွေ့ဆုံပွဲ။

သူတို့ကို မြင်တွေ့နေရသော ကောင်းကင်ကြီး 

တဖွဲဖွဲ "ငို" နေပါသလား။

ဒါမှမဟုတ်-

ဟောင်းနွမ်းနေသော

တကျောင်းလုံးရှိ စာသင်ဆောင်များ၊ 

ထိုင်ခုံများ၊ သစ်ပင်များ ငိုနေကြ၍ 

မြင်တွေ့နေရသူ ကောင်းကင်ကြီးက 

နှစ်သိမ့်ရင်း သူပါ ရောယောင် 

မျက်ရည်ကျနေလေရော့သလား။

ဘာပဲဖြစ်ဖြစ်-

တက်ရောက်လာသော 

ကျောင်းသူကျောင်းသားအဟောင်းများကို 

မြင်တွေ့နေရသော

ကျောင်းတော်ကြီး "ငို" နေသည်။

ကောင်းကင်ကြီးပါ "ငို" နေသည်က အမှန်။

တချိန်တုံးက  ကျောင်းဖွင့်ချိန်များတွင်

ကျောင်းသူကျောင်းသားများ 

ယခုကဲ့သို့ ဝင်ရောက်လာခဲ့ဖူးကြသည်ကို 

သူတို့ ပြန်ပြောင်း သတိရနေသည်။

ကျောင်းကြီးနှင့် ကျောင်းဝန်းပါတ်ဝန်းကျင်

အလှတွေ အကုန်လုံး ပြောင်းလဲခဲ့သည့် 

အဖြစ်နှင့် သစ်လွင်တောက်ပသန့်ရှင်းသော

ကျောင်းကြီးအဖြစ်မှ ကျောင်းအိုကြီး 

ဖြစ်ခဲ့ရသည်ကို သူတို့ ဝန်ခံသည်။

ကျောင်းအိုကြီးထဲရှိ အဆောင်အိုကြီးထဲသို့

ကျောင်းသူကျောင်သား လူကြီး လူအိုများ 

တရွေ့ရွေ့ ဝင်ရောက်ပြီး ခုံတန်းအိုကြီးများတွင် 

ထိုင်လိုက်ကြသည်ကို သူတို့ မြင်နေသည်။

ကျောင်းကြီးကိုယ်တိုင် တချိန်ကလို 

မသစ်လွင်တော့သလို-

ကျောင်းသားများလည်း

တချိန်က ကျောင်းသားများလို မဟုတ်တော့။

ယခု လာနေကြသော

ကျောင်းသားဟောင်းများ၌လည်း

နုပျိုခြင်း ငယ်ရွယ်ခြင်းများ 

ပျောက်ဆုံးနေသည်ကို 

သူတို့ သတိပြုမိသွားသည်။

ကျောင်းသားဟောင်းများသည် 

ကျောင်းတက်လာကြသူများနှင့် မတူ၊

ဓမ္မာရုံ တရားပွဲတက်လာကြသူများနှင့်သာ

တူနေသည်ဟု သူတို့ခံစားမိသည်။

ဘယ်တော့မှ ပြန်မရောက်နိုင်၊ 

မလာနိုင်၊ 

မပေါ်လာနိုင်တော့သော 

ကြေလွင့်၊ ပျက်စီး၊ ချိုယွင်း၊ အဝေးရောက်

ကျောင်းသားဟောင်းများကိုလည်း 

သူတို့ တမ်းတ သတိရနေသည်။

ပြန်လာနိုင်ဖို့ ကြိုးစားနေသူများကိုလည်း

သူတို့ မျှော်လင့်ကြိုဆိုနေသည်။

ကျောင်းကြီး နှင့် မိုးကောင်းကင်တို့ အငိုပွဲတွင်

ပရိသတ်တစ်ဦးဖြစ်သော မြင်တွေ့နေရသူ 

လျှပ်စစ်မီးကလည်း 

အသက်ရှုခဏရပ် မီးပြတ်သွားခဲ့သည်။

သို့သော်လည်း-

ကျောင်းသားဟောင်းများ၏ 

လန်းဆန်းတက်ကြွနေသည့် စိတ်ဓာတ်များကတော့ 

အခန်းတွင်းတွင် ဆွဲချိတ်တွဲလောင်းကျနေသည့်

"အစည်းအဝေးပိုစတာစာလုံးများ" ကဲ့သို့

တောက်ပြောင်နေဆဲ ဝင့်ကြွားနေဆဲ ဖြစ်နေသည့်

မြင်ကွင်းကို သူတို့ မြင်တွေ့သွားသည်။

နှစ်အလိုက် ဘာသာအလိုက် မတူညီကြသော

ကျောင်းသားဟောင်းများ၏ စည်းလုံးချစ်ခင်မှု

ကိုလည်း သူတို့ နားလည်သိရှိသွားသည်။

ကျောင်းကြီးနှင့် အဖွဲ့ ငိုယိုနေချိန်တွင်-

ကျောင်းသားဟောင်းများကတော့ မငိုကြ။

တည်ငြိမ်ရင့်ကျက်မှုအပြည့်ဖြင့် 

လုပ်စရာ ရှိသည်များကို ပျော်ရွှင်ရဲရင့်မှန်ကန်စွာ 

လုပ်ဆောင်နေကြသည်ကို သူတို့ တွေ့သွားသည်။

ထိုအခါ-

တကျောင်းလုံး "ဝမ်းသာစွာငို" ကြသည်။

ကျောင်းဆောင်တွေ "ငို"ကြသည်။

ကဲင်တဲင်းအဟောင်းများပါ မကျန်။

သစ်ပင်အိုကြီးများ "ငို" ကြသလို

မြက်သေးသေးလေးတွေလည်း "ငို"ကြသည်။

မိုးကောင်းကင်ကြီး "ငို"သလို 

အင်းယားကန်လည်း "ငို"နေသည်။

ဘာပဲဖြစ်ဖြစ်-

တက်ရောက်လာသော 

ကျောင်းသူကျောင်းသားဟောင်းများကို

မြင်တွေ့နေရသော

ကျောင်းတော်ကြီး "ငို" နေသည်။

ကောင်းကင်ကြီးပါ "ငို" နေသည်က အမှန်။

မိခင်ကျောင်းတွင် ပြန်လည်ကျင်းပနိုင်ခဲ့သော 

ပထမစည်းဝေးပွဲ အောင်မြင်သည်။ 

ရှေ့လုပ်ငန်းစဉ်များ အောင်မြင်မှာ သေချာသည်။ 

လိမ္မော်ရောင်ကောလိပ်အဖွဲ့ 

တည်တံ့ အောင်မြင်ရမည်။

ဦးဆောင်သူများနှင့် အဖွဲ့သားများအားလုံးကို 

ကျေးဇူးတင်ဂုဏ်ပြုရေးသား ဆန္ဒပြုပါသည်။

စန်းအောင်

(၁၉၇၉-၈၀ သိပ္ပံသချင်္ာ M7)

မေ-၂၇-၂၀၁ရ

(အမှတ်(၂) ဒေသကောလိပ် ရန်ကုန်တိုင်း နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)

၁၉၇၆-၁၉၉၆ ခုနှစ် ကျောင်းသူကျောင်းသားဟောင်းများ၏ အာစရိယပူဇော်ပွဲနှင့်မိတ်ဆုံစားပွဲ

ပထမအကြိမ်ညှိနှိုင်းဆွေးနွေးခြင်းအခမ်းအနား

မေလ ၂ရ ၂၀၁ရ

ဦးဆောင်သူ ကျောင်းသူကျောင်းသားဟောင်းများ၏

 ကြိုးစားမှု လုံ့လဝီရိယစေတနာ နှင့် သက်ဆိုင်ရာခွင့်ပြုချက်အရ ကျောင်းဝင်းအတွင်း-

ကျောင်းသားဟောင်း အစည်းအဝေးကို ပထမဆုံး

အကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် သမိုင်းဝင်

အစီအစဉ်ကို ဂုဏ်ပြုသည့် စာ)

(ဓာတ်ပုံများကို သူငယ်ချင်း ကိုတင်ထွန်း ထံမှ ရပါသည်)

(မှတ်တမ်းတင် ဗွီဒီယို ရိုက်ထားလျှင် ကြည့်ချင်ပါသည်။ တယော တလက်ကို မိုင်နာသံစဉ်များ ဖြင့် အနှေး "ထိုး"၊ ပီယာနို အလုံးမကျဲတကျဲ၊ ဟော်လိုဂီတာ တသံ

ခြင်းဖြင့် နောက်ခံထဲ့ပေးပါ။ အင်းယားကန်တဖက်ကမ်းစပ်မှ မိုးစက်များနှင့် အတူ ကျောင်းဆီသို့ ကင်မရာ

ဖြည်းဖြည်းဝင်လာချိန်တွင် အမျိုးသမီး ဟာမိုနီ လေး ပါးပါးထဲ့နိုင်ပါသည်။ စစချင်း လေသံ မိုးသံ များဖြင့် တကဲ့အသံ တကဲ့မိုးကို ပြပေးပါ၊

ကိုမောင်မောင်လွင် (အင်ပါယာ)ကို တီးခိုင်းပါ)