Thanks To RC2
"လိမ္မော်ရောင်ကျေးဇူး"
ချမ်းအေးသော မြူနှင်းမနက် အာစီတူးကျောင်းဖွင့်စအချိန်တွင် "မ" ကို သူ စ, တွေ့ခဲ့ရသည်။
လိမ္မော်ရောင်တောက်နေသော အုတ်ခဲပူးများဖြင့် ဆောက်ထားသည့် ကျောင်းအုတ်နံရံကြီးကို နောက်ခံထား၍ ပေါ့ပါးလွတ်လပ်သော "မ"တို့ သူငယ်ချင်းသုံးယောက်ကို သူတွေ့ခဲ့ရာ သူတို့အကြားမှာ "မ"က သူ့အတွက် အလှဆုံး။
"မ" ၏ နက်မှောင်ပျော့ပြောင်းသော ဆံနွယ်များက- အင်းယားလေ အဝှေ့ညင်သာစွာ လှုပ်ယိ်မ်းသွားသော ကျောင်း ရှေ့ ကုက္ကိုလ်ပင်ရွက်များနှင့် အပြိုင်လှုပ်ရှားသွားချိန်၊ "မ"အနားတွင် ရှိနေသော၊ "မ"ကို ငေးကြည့်မိနေသော သူ့ရင်ထဲမှာလည်း ထပ်တူလှုပ်ရှားသွားခဲ့သည်။
"မ"၏ ကြည်လင်ဝင်းပ,သော မျက်နှာတွင် ထင်းလင်းတောက်ပသော ရွှန်းစိုလဲ့နေသော မျက်ဝန်းအကြည့်ကို သူ မခံနိုင်။
"မ" ၏ အကြည့်ကို သူကြိုးစား ရှောင်လွှဲခဲ့သည်။ လွတ်အောင် ရှောင်ခဲ့သော်လည်း မလွတ်၊ သူမလွတ်ပါ။
"မ"၏ အခြားနေရာများမှ "အလှ"များ၏ လက်နက်များ တိုက်ခိုက်မှု့အောက်တွင် သူကျဆုံးခဲ့ရသည်။
နီမြန်းသောပါးများ၊ နုထွေးဖောင်းပြည့်သော နှုတ်ခမ်းလွှာ၊ သွေးကြောလေးများ စိမ်းနေသည့် ကျော့ရှင်းသော လည်တိုင်၊ ပြေပြစ်ချပ်ရပ်သော ကိုယ်လုံး၊ အမျိုးသမီးငယ်တို့ ရှိသင့်ရှိအပ်သော ကောက်ကြောင်း ခန္ဓာပေါ်မှ သပ်သပ်ယပ်ယပ် ဝတ်စားထားသော အလှ၊ အားလုံး၏ တိုက်ခိုက်မှုအောက်တွင် သူမထွက်ပြေးနိုင်ခဲ့။
သူ့အနားက ဖြတ်လျှောက်သွားသော "မ"၏ ချိုအီသော ကိုယ်သင်းနံ့ ကို သူ နေ့တိုင်း ခုံမင်ခဲ့သည်။
စာသင်ခန်း သီရေတာထဲ စာသင်ချိန်တွင် "မ"၏ အနောက်ကခုံမှာ ရအောင် ကြိုးစားထိုင်မိခဲ့သည်။
သူငယ်ချင်းများနှင့် ရီရီမောမော ပြောနေသည့် "မ"၏ ဆွဲလွဲသံလေးများကို သူ"စွဲ" ခဲ့သည်။
"မ"၏ လက်ရေးလေးများကို မြင်ရသောအခါ သူ့ရင်ထဲ ကြည်နူးခဲ့ရသည်။ ဘာဆိုင်လို့လဲ မမေးပါနဲ့၊ ဆိုင်သမှ သိပ်ဆိုင်တာပေါ့ဗျာ။
ဒီစာလုံးလေးတွေက "မ"ရဲ့ လက်ချောင်းသွယ်လျလျလေးတွေနဲ့ ရေးတာမဟုတ်လား။
စာလုံးနောက်က "မ"ရဲ့ လက်ချောင်းလေးတွေ၊ လက်ဖမိုးလေးတွေ၊ လက်ဖဝါးလေးတွေ၊ လက်မောင်းအိုး၊ ပုခုံးသား အကုန် သူမြတ်နိုးတာတွေ ကပ်လိုက်လာတာလို့ သူမြင်နေတာကိုး။
အဆောင် ၂ ကော်ရစ်ဒါရှိ နှစ်ယောက်ထိုင်ခုံတွင် နေရာယူ ထိုင်ရင်း "မ"ကျောင်းလာတဲ့အချိန် ထိုင်စောင့်နေတတ်ခဲ့ရာ သူ့အနားရောက်လာသော "မ"၏ ခြေဖမိုးအလှများကို ထပ်တွေ့ခဲ့ရပြန်သည်။
"မ" ဆံစ, လေးကနေ ခြေဖျား အထိ အကုန်လှနေသော "မ"အလှများက သူ့ရင်ထဲတွင် အပြည့်၊
အို! .. "မ"၏ အရိပ်ကလေးကတောင် လှနေသည်။
"မ" အီးပေါက်ရင် မွှေးနိုင်သည်။ "မ" အီအီးတုံးလေးများတောင် လှနိုင်သည်။ "မ" ရှုးရှုးပေါက်သံက တောင်ကျစမ်းရေလို သာယာမည်။
"အချစ်" က အရာရာကို လှစေနိုင်သည်တဲ့။
ထားပါတော့။
ဒီလိုနဲ့ နှစ်တွေကြာခဲ့သည်။
သူ့ရင်ထဲက အချစ်ကို သူ မပြောပြနိုင်ခဲ့။
ကျောင်းပြီး အလုပ်လုပ် တဲ့အထိ သူ့ ရင်ထဲမှာ"မ" အမြဲတမ်းရှိနေခဲ့သည်။ ဘယ်မိန်းမကိုမှ သူစိတ်မဝင်စားသလို ဘယ်မိန်းမကမှလည်း သူ့ကို စိတ်မဝင်စား၊ လူလွတ်အဖြစ် ခုထိနေခဲ့သည်။
ဒီလိုနဲ့ လိမ္မော်ရောင် အဖွဲ့ ပေါ်လာသည်။
သူ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ "မ"ကို ရှာသည်။ သူ့သူငယ်ချင်းများကို အရင်မရှာခင် "မ" ကို အရင်ရှာသည်။ "မ" သူငယ်ချင်းများကို ရှာသည်။
သူ့သူငယ်ချင်းတယောက်က ပြောသည်က-
"မ" အပျိုကြီး ပါတဲ့။
ဆရာကန်တော့ပွဲ လာမယ်တဲ့။
သူ့ရင်ထဲမှာ ပြိုးပြိုးပျက်ပျက်ဖြစ်သွားတာ ဘယ်လိုလည်းဆိုတာ သူမပြောပြနိုင်။
ပြောနိုင်တာက "မ" နဲ့ စ, တွေ့ခဲ့ရတဲ့ အချိန်လိုပါပဲ။
မလျော့ဘူး၊ ပြန်ခံစားရသလို ခံစားရတယ်။ အစုံပေါ့၊
ဝမ်းလည်းသာတယ်။ ကျေနပ်ကြည်နူးတယ်။ ပိုတောင်ပိုမယ်။
ကန်တော့ပွဲမှာ "မ" ကို သူတွေ့သည်။
ပူအိုက်သော "နွေ မဟုတ်သော" ရာသီတွင် "မ"ကို သူပြန်တွေ့ရသည်။
လူ့ဘဝ၏ "လိမ္မော်ရောင် တိမ်တောက်" နေဝင်တော့ရန် မကွာဝေးသော အချိန်ကာလ ရောက်မှ သူ မြတ်နိုးစွဲလမ်းခဲ့ရသော ချစ်နေသေးသော "မ" ကို ပြန်တွေ့ ရသည်။
လေးလံဖောင်းကားနေကြသော "မ"တို့ သူငယ်ချင်းသုံးယောက်တွင် "မ"က သူ့အတွက် အဝ, ဆုံး။
"မ"၏ ဆေးဆိုးထားသော ဆံနွယ်ကြဲကြဲပါးပါးက-
နားထင်စပ်တွင် ငွေရောင်သမ်းနေသည်။ ပူအိုက်တာ သက်သာဖို့ ယပ်ခတ်လိုက်လို့ လှုပ်ရှားသွားသော "မ"၏ ဆံဖြူ ဆေးဆိုးများ ကြမ်းတမ်းစွာ လှုပ်ရှားသွားချိန်တွင် သူ့ရင်ထဲမှာလည်း ထပ်တူလှုပ်ရှားသွား ခဲ့သည်။
"မ"၏ အမဲအပြောက်များစွန်းထင်းနေသော မျက်နှာတွင် ထင်းလင်းနေသည်က ပါဝါမျက်မှန်။
နောက် အားပျော့ ညိုမှောင်းနေသော မျက်ရစ်၊ မျက်လုံးအိပ်များပေါ်က ရီဝေသော မျက်မှေးအကြည့်ကို သူမခံနိုင်။
ဒါပေမဲ့-
"မ"၏ အကြည့်ကို သူကြိုးစားမရှောင်လွှဲ။
သူလွတ်အောင်မရှောင်။
"မ"၏ အခြားနေရာများမှ "အကျ" "အဝ" များ၏ လက်နက်များ တိုက်ခိုက်မှု့အောက်တွင် သူမကျဆုံးတော့။
ဖျော့တော့ လျော့ကျနေသော ပါး၊ ရင့်ထော် ပျော့ဖတ်သော နှုတ်ခမ်းလွှာ၊ သွေးကြောလေးများ မရှိတော့သည့် အရစ်များစွာပေါ်နေသော လည်တိုင်၊ လုံးဖောင်းလျှံကျ နေသော ကိုယ်လုံး၊ အမျိုးသမီးကြီးများ ရှိလေ့ရှိအပ်သော စူထွက်ပူကားနေသောခန္ဓာပေါ်မှ သပ်သပ်ယပ်ယပ် ဝတ်စားထားသော အဝ၊ အားလုံး၏ တိုက်ခိုက်မှုအောက်တွင် သူမထွက်ပြေးတော့။
သူ့အနားကို ရောက်လာသော "မ"၏ အဖွားကြီးချွေး ကိုယ်သင်းနံ ့ ကို သူနေ့တိုင်း ရချင်သည်။
ကန်တော့သော အဖွဲ့ထဲတွင် "မ"၏ ဘေးမှာ ရအောင် ကြိုးစားထိုင်ခဲ့သည်။
သူငယ်ချင်းများနှင့် ရီရီမောမော ပြောနေသည့်
"မ"၏ ခေါင်းလောင်းအိုကြီး မြည်သကဲ့သို့ လေးလေးပင်ပင် အော်ကျယ်အော်ကျယ်အသံကြီးကို သူ"စွဲ"သွားပြန်သည်။
"မ"၏ လက်ရေးများကိုတော့ မမြင်ရ။
အရေးအကြောင်းများထပ်နေသော လက်ချောင်းများနှင့် လက်ဖမိုးကိုတော့ သူမြင်ရသလို တဝကြီး ကြည့်ပစ်လိုက်သည်။
ထိုင်ကန်တောချိန် ကန်တော့ခါနီးတွင် မ၏ ကွဲအက်နေသော ခြောက်သယောင်းနေသော ခြေဖမိုး၊ ခြေဖဝါးများကို သူမြင်လိုက်ရပြန်သည်။
"မ" ဆံစ, ကြီးကနေ ခြေဖျား အထိ အကုန်ပျက်စီးနေသော "မ"အလှများက သူ့ရင်ထဲတွင် ပြည့်နေတုံး။
အို! .. "မ"၏ အရိပ်ကလေးကတောင် "ဝ"နေသည်။
"မ" အီးပေါက်ရင် ပြင်းနိုင်သည်။ "မ" အီအီးတုံးကြီးများက ဆိုးဆိုးဝါးဝါးဖြစ်နိုင်သည်။ "မ" ရှုးရှုးပေါက်သံက မိုးသည်းမုန်တိုင်းလို ဆူညံနိုင်မည်။
ဘာပဲဖြစ်ဖြစ်-
"အချစ်" က အရာရာကို လှစေနိုင်သည်တဲ့။
မကြာခင်အချိန်မှာပဲ သူ " မ" ကို လက်ထပ်ပါရစေလို့ တမ်းပြောလိုက်သည်။
သူ ချစ်တယ် ပြောစရာမလိုတော့။
" မ" သိတာ ကြာခဲ့ပြီပဲ။
ဒီလိုနဲ့ လိမ္မော်ရောင် အဖွဲ့မှာ လူတွေများလာသည်။
မင်္ဂလာဆောင်တော့မည့် အဖိုးကြီး အဖွားကြီး နှစ်ယောက်လည်း မင်္ဂလာဆောင်ဖိတ်ရန် သူတို့၏ ကျန်နေသေးသော သူငယ်ချင်းများကို အဖွဲ့ထဲတွင် ရှာနေ
လေတော့သတည်း။
(ချစ်ကြသူ အားလုံး ပျော်ရွှင်ချမ်းသာကြပါစေ)
စန်းအောင်
မေ-၁၃-၂၀၁ရ