Trees in Michigan
"မီချီဂန်သစ်ပင်စကားဝိုင်း"
အပိုင်း(၁)
"မင်းတို့က-
တနှစ်တခါ တယ်ကြွေသကိုးကွယ်"
( ခရစ်စမတ်အပင်က ငြီးတွားလိုက်တာလေး)
အပိုင်း(၂)
နဲနဲ ပြန်ပြောရမှ နေတတ်တဲ့-
အပင်ပျို ရွက်ပျောက်ငနဲလေးက
ထင်းရှုးပင်တွေကို-
"ဟားဟား ခင်ဗျားတို့က အချမ်းဒါဏ်ကြောက်လို့ အရွက်တွေူံထားပြီး လျှောက်ပြောမနေပါနဲ့ဗျာ..
ကျွန်တော်တို့အားလုံးက အအေးဒါဏ် နဲ့ နှင်းတွေကို
ဘာမှ မကာကွယ် မခြုံလွှမ်းဘဲ သတ္တိရှိရှိ ရင်ဆိုင်ရဲ
ကြတာပါ...
ခရစ်တော်ဖွားတော့ လူတွေက ခင်ဗျားတို့ကို ယူပြီး မီးတွေထွန်းတာကို ဂုဏ်ယူတာတော့ ရပါတယ်..
ကျွန်တော်တို့ကိုတော့ တနှစ်တခါ အရွက်တယ်ကြွေသကိုး လို့တော့ မပြောသင့်ပါဘူးဗျာ..
ကျွန်တော်တို့က-
အငယ်ဆုံးသောသူတွေထဲ မှာ ပါပါတယ်.."
လို့ ပြန်ပြောလိုက်သတဲ့။
အပိုင်း(၃)
တယောက်နဲ့တယောက် ပြောနေကြတာကို ကြားတဲ့အခါ-
"ဆုံးမသြဝါဒလမ်းညွှန်ချက်၊ မက်ဆေ့ချ်လေးတခုခုပေးရတာပေါ့..."
ဆိုပြီး လုပ်လေ့ရှိတဲ့-
(ကျွန်တော်တို့အရွယ်တန်း "လူမကြီးတကြီး"တွေလို)
ဆံပင်ထိပ်ပြောင်၊ ဖြူဖြူကျိုးကြဲ (အဲလေ..)
သစ်ရွက်တွေပြောင်၊ အကိုင်းချောင်၊ ရွက်ဝိုင်းကြဲတဲ အပင်ကြီးတပင်က-
သူ့အပေါ်လာနားလိုက်တဲ့ တောကျီးကန်းကြီးတကောင်ကြောင့် အကိုင်းလေးလှုပ်ခါသွားတာကို-
လေပြေလေအေးလေးအောက်မှာ အလိုက်သင့်
လူးလွန်းလှုပ်ခါယိမ်းထိုးထိန်းချုပ်ရင်း..
ပါးစောင်ထဲက ကွမ်းကို ပျစ်ကနဲထွေး...
(အဲလေ ...လူနဲ့မှားမှား ရေးမိတယ်ဗျာ ခွင့်လွှတ်..!)
သူ့ရဲ့ သိပ်မကျန်တော့တဲ့
အရွက်လေးတရွက်နှစ်ရွက်ကို
တဖျပ်ဖျပ်ခြွေချပြီးတော့-
"အိမ်း..အိမ်း..
ခုနက ညီလေးပင်ပျိုရွက်ပျောက်ပြောသွားတာလေး ကောင်းပါတယ်ကွယ်..
(မသိသေးတဲ့သူတွေကို သိအောင်ပြောရတယ်)လို့
အန်ကယ့်အပင်အောက်မှာ
ရုပ်ရှင်လာရိုက်သွားတဲ့ "နိုင်ငံရေးသမားအကြောင်း"
ဇာတ်ဝင်ခန်းထဲက မင်းသားကြီးတယောက်ပြောသွားခဲ့ဖူးတာ မှတ်မိနေခဲ့တာပေါ့..
မသိသေးတဲ့သူတွေကို ပထမ သိအောင်ပြောပြဖို့လို
တယ်..
ပြောတဲ့အခါ မကျေနပ်လို့ပြောတာမျိုးတော့ မဖြစ်စေနဲ့..
သူများကိုမထိခိုက်စေနဲ့ကွဲ့...
ဘာတဲ့.. (အငယ်ဆုံးသောသူ) ဆိုလား ကြားလိုက်မိတယ်..
ဒါတော့ အန်ကယ်လက်မခံဘူး..
ဒို့တွေတနှစ်တခါ အရွက်တွေကြွေပြီး-
ဆောင်းအအေးဒါဏ်ကို အကာအကွယ်မဲ့ရင်ဆိုင်ရတာနဲ့ အငယ်ဆုံးသောသူ ဖြစ်ရမှာလား..
စိတ်ဓာတ်ကျ အားငယ်တဲ့အတွေးအပြောအရေး မလုပ်ပါနဲ့ကွယ်..
ဘာအပင်ပဲဖြစ်ဖြစ် အလှကိုယ်စီရှိကြတာပေါ့..
(ထိုစဉ်-
လေအေးလေးက လာပွတ်လိုက်သဖြင့်
ပြုတ်ကျလုနီးပါးဖြစ်နေသော အရွက်တချို့ကို ချွေချလိုက်ပြန်၏)
ဘာတဲ့..အန်ကယ် ကြားဖူးထားတာက-
ဘုရားသခင်ကတဲ့..
အားလုံးကို ဦးခေါင်းအပိုင်းပဲ
ဖြစ်စေလိုသတဲ့..
အမြီးပိုင်းမဖြစ်စေလိုဘူးတဲ့..
ဦးခေါင်းပိုင်းဆိုတော့ အားလုံးက "ဆရာ့ဆရာကြီး"
"ဦးဆောင်နိုင်တဲ့သူတွေ"ပေါ့..
အမြီးပိုင်းဆိုတာ နောက်လိုက် ဒါမှမဟုတ် အဖွဲ့သား
တွေပေါ့..
အားငယ်စိတ်ဓာတ်ကျတဲ့သူက အမြီးပိုင်းမှာတောင်
အဆင်မပြေနိုင်ဘူး..
ဒီတော့-
အဲဒီအတွေးတွေအထဲက ရုန်းထွက်လိုက်စမ်းပါ
ညီလေးပင်ပျိုရွက်ပျောက်ရေ...
(ပြောရင်း လေအဝေ့တွင်
အချို့အရွက်များကို ထပ်၍ ချွေချလိုက်ပြန်၏)
နောက်တခုက-
မသိတဲ့သူတွေက ကိုယ့်ကိုတိုက်ခိုက်ပြောဆိုလာရင်လည်းခွင့်လွှတ်ရမယ်...တဲ့
ဒါတွေက-
အန်ကယ့်အပင်အောက်၊ နွေရာသီအချိန်တွေမှာ
ရောက်လာလေ့ရှိတဲ့ ဘုရားကျောင်းအဖွဲ့က ဆရာတွေ ဟောပြောခဲ့တဲ့ (သခင်ရေရှု ရဲ့အဆုံးအမလေး)တွေ
ပေါ့..
ရေရှု့သခင်က သူ့ကို
ရက်ရက်စက်စက်ရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့သူတွေ
အပေါ် (မသိလို့ လုပ်တဲ့သူတွေအဖြစ်)
ဝေဒနာတွေကြားထဲကနေ ခွင့်လွှတ်ခဲ့သတဲ့..
အခုလည်း "မင်းတို့ငါတို့ကို တနှစ်တခါတယ်ကြွေသကိုး" ဆိုပြီးပြောမိတဲ့ ခရစ်စမတ်အပင်ကြီးကို-
(ဪ.. သူမသိလို့ ပြောမိတာပဲ)ဆိုပြီး
ခွင့်လွှတ်လိုက်ပါကွယ်..
သူ တကယ်မသိရှာတာက-
ခရစ်စမတ်အပင်တွေ တနှစ်တခါ အသတ်ခံရရှာရတဲ့
အကြောင်းပါပဲ..
သူတို့ခရစ်စမတ်ပင်ပျိုပင်ငယ်လေးတွေကို-
လူတွေက အဆောက်အဦးတွေထဲ အလှမီးထွန်းဖို့
တနှစ်တခါ ခုတ်ကြ ဖြတ်ကြ ရောင်းစားကြသကွဲ့..
အန်ကယ်တို့က တနှစ်တခါကြွေတာကို-
လူတွေက လှလို့ဆိုပြီး ဓာတ်ပုံတွေရိုက် ပြက္ကဒိန်တွေထုတ်နဲ့...
အန်ကယ်တို့ အခုတ်အဖြတ်မခံရပါဘူူး..
အေးဆေးပါပဲ..
သူတို့လေးတွေအဖြစ်ကတော့ စိတ်မကောင်းစရာပေါ့ကွယ်"
ဟု (သူပြောခဲ့သလို "သူများကိုမထိခိုက်စေနဲ့ "ဆိုတာမျိုး သူကိုယ်တိုင်မလုပ်မိဘဲ)ထိခိုက်ပြောဆိုလိုက်လေသတည်း။
စန်းအောင်
နိုဝင်ဘာ-၁၉-၂၀၁ရ
--------------------
မီချီဂန်သစ်ပင်တွေ ဆောင်းဦးမှာ
စကားပြောကြတာကို (အားလုံးစုပြီး ဖတ်လို့ရအောင် ပြန်စုထပ်ထည့်လိုက်ပါတယ်) စိတ်ကူးယဉ်
ရေးထားတာပါ..
အမေရိကား၊ ခရစ်ယန်ဘာသာအများဆုံးရပ်ကွက်
မှာရှိတဲ့ သစ်ပင်တွေက "သမ္မာကျမ်းစာ"မှာပါတဲ့စကားတွေနဲ့ပြောကြတာပေါ့..
ကျွန်တော်တို့ ဗမာပြည်သစ်ပင်တွေ စကားပြောရင်တော့-
လော်စပီကာနဲ့ကြားဖူးနေကြ ဗုဒ္ဓတရားစကားတွေပြောကြမှာပဲလို့ တွေးမိပါတယ်.
(ဓာတ်ပုံက ကျွန်တော်တို့ အနားက သစ်ပင်တွေကို ရိုက်ခဲ့တာ)