Michigan

"ထူးခြားတဲ့ မီချီဂန်ပြည်နယ်"


၁၈၃ရ ခုနှစ် ဂျန်နဝါရီ ၂၆ မှာ ၂၆ ခု ပြည်နယ်အဖြစ် ဝင်ရောက်ခဲ့တဲ့ မီချီဂန်ပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထူးခြားတဲ့ပြည်နယ်တစ်ခု ဖြစ်တယ်။

မိုးမခေါင်၊ ရေမရှား၊ တောမီးမလောင်၊ ငလျင်ကြောမရှိ၊ ပင်လယ်မုန်တိုင်းများနဲ့ ဝေး၊ ဈေးမကြီး၊ နေသာပွင့်လင်း တိမ်ပြာခင်း၍ မိုးစင်းထစ်ချုန်း ရွာဝုန်းသောင်းလည်းဖြာဖုံးတောထူသစ်ဆူစီလို့ ရာသီထိန်းသာပန်းမာလာနဲ့စမ်းဖြာရေကန် မီချီဂန်။

ရေသန့် လေသန့်ပြီး လူဦးရေမထူထပ်လို့ကားဟောင်းတွေ (Smoke check) မီးခိုးစစ်ဆေးဖို့ မလိုအပ်တဲ့ ပြည်နယ်။

ကမာ့ မဟာရေချိုရေကန်ကြီးငါးခုအနက်-

လေးကန်က မီချီဂန်ကို အရှေ့အနောက်မြောက်ဖက်သုံးဖက်မှာဝန်းရံထားသလို ကုန်းအတွင်းမှာ ရေကန်ပေါင်း တစ်သောင်းတစ်ထောင် မြစ်သုံးရာက စီးဆင်းနေတယ်။

နွေမှာ ငါးမြှား၊ ဘုတ်စီး၊ ရေကူး၊

ဆောင်းအကူးမှာ အမဲလိုက်၊

ဆောင်းမှာ ရေခဲပြင်စကိတ်ရေခဲပြင်အားကစားလုပ်နိုင်တဲ့ ပြည်နယ်မှာ နွေဦး နွေ ဆောင်းကူး ဆောင်း ရာသီစုံနဲ့ ဆန့်ကျင်ထူးခြားတဲ့ သဘာဝမြင်ကွင်းအလှတွေကို မြင်နိုင်တယ်။

(မြစ်ချောင်းကန်တွေအတွင်း ငါးမြှားခွင့် လိုက်စင် တနှစ်ကို (၂၅) ဒေါ်လာနဲ့ ရေချို ငါးဒါန်တွေ ငါးခူ ငါးရံ့ ငါးဖယ် ဆယ်လမန်ငါးတွေကို မြှားစားနေကြတဲ့ ပြည်နယ်)

"မဟာရေကန်ကြီးငါးခု"

---------------------------

"အွန်ထဲရီယို" ရေကန် (Lake Ontario),

"အီရီ" ရေကန် (Lake Erie),

"ဟျူရွန်" ရေကန် (Lake Huron),

"မီချီကန်" ရေကန် (Lake Michigan),

"ဆူပီရီယို" ရေကန် (Lake Superior) ဆိုပြီး အရှေ့ကနေအနောက် အစဉ်အတိုင်းရှိရာမှာ အွန်ထဲရီယိုရေကန်ကလွဲပြီး ကျန်တဲ့ကန်ကြီးလေးကန်က မီချီဂန်ကို ဝန်းရံထားတယ်။

ရေကန်ကြီးတွေ ဘယ်လောက်ကြီးသလဲဆိုတော့-

(၁၆၃၄) ခုက ကနေဒါမှာ ရောက်နေခဲ့တဲ့ ပြင်သစ် နယ်မြေအသစ်ရှာဖွေစူးစမ်းသူ (ဂျဲင်း နီကိုလက်) (Jean Nicolet) က နယ်မြေခံ "အင်ဒီးယန်း" တွေကနေတဆင့် ကြားရတဲ့သတင်းအတိုင်း မီချီဂန်ရေကန်ကြီးကို ပစိဖိတ်သမုဒ္ဒရာအဖြစ် မှားယွင်းတွက်ချက်ခဲ့တယ်။

(ဒါဟာ ပစိဖိတ်သမုဒ္ဒရာပဲ၊ တဖက်ကို ကျော်လိုက်ရင် တရုပ်ပြည်မကြီးကို ရောက်မယ်၊ ကုန်ကူးမယ်) စသည်ဖြင့် စိတ်ကူးကောင်းသေချာတဲ့ နီကိုလက်ဟာ ရေကန်ကြီးကို ပင်လယ်အမှတ်နဲ့ ရွက်လွှင့်ပြီး ဖြတ်ခဲ့ပေမဲ့ တရုပ်ပြည်မကြီးအစား မီချီဂန်ရေကန်ရဲ့ အနောက်ဖက်က " ဝစ်စ်ကာစင်" (Wisconsin) ပြည်နယ်နဲ့ အမေရိကန် အင်ဒီးယန်းတွေကို မြင်ရလို့ ယူကြုံးမရ အမောဆို့ ခဲ့ပါသတဲ့။

မီချီဂန်ပြည်နယ်ရဲ့ အရှေ့ဖက်နဲ့ အရှေ့တောင်ဖက်မှာ အီရီရေကန်၊

အရှေ့ဖက်နဲ့ အရှေ့မြောက်ဖက်မှာ ဟျူရွန်ရေကန်၊

မြောက်ဖက်မှာ ဆူပီရီယိုရေကန်၊

အနောက်ဖက်မှာ မီချီဂန်ရေကန်တွေက ဝိုင်းထားတယ်။

"နိုက်ဂရာရေတံခွန်အစ"

------------------------------

အီရီရေကန်ကြီးကနေ ထွက်ကျလာတဲ့ ရေတွေဟာ နိုင်ဂရာမြစ်ကနေတဆင့် (၃၂၆) ပေ နိမ့်တဲ့အငယ်ဆုံး အွန်ထဲရီယို ကန်အထဲကို ရေတံခွန်ကြီးအဖြစ်စီးဆင်းတဲ့အခါမှာ " နိုက်ဂရာရေတံခွန်" (Niagara Falls) အဖြစ် နာမည်ကြီးထင်ရှားတယ်။

"ပင်လယ်ဆိပ်ကမ်းမြို့တွေ ရှိတဲ့ ပြည်နယ်"

--------------------------------------------------

ပင်လယ်ကူးလူစီးသဘော်၊ ကာဂိုကွန်တိန်နာကုန်သင်္ဘောတွေ အပြည့်သွားလာနေတဲ့ မဟာရေကန်ကြီးတွေဟာ အရင်ရှေးတုန်းကတော့ ကုန်းတွင်းအထဲမှာပဲ ပိတ်မိနေတဲ့ ရေကန်ကြီးတွေဖြစ်ခဲ့ပေမဲ့ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံက အမျှော်အမြှင်ရှိသူ ခေါင်းဆောင်တွေရဲ့ အစီအမံတွေကြောင့် တူးမြောင်းတွေ၊ အနိမ့်အမြင့်မတူပေမဲ့ ရေဖြည့်ရေလျော့စံနစ်တံခါးတွေတပ်ဆင်ထားတဲ့ "လော့ဂ်" Locks (ရေဓာတ်လှေခါးလို သင်္ဘောတွေ မြှင့်လိုက် ချလိုက်လုပ်လို့ရတဲ့ စနစ်) တွေ၊ နဲ့ မြစ်တွေကနေတဆင့် ပင်လယ်ကူး လူစီး ကုန်တင်သင်္ဘောကြီးတွေဟာ အဲဒီရေကန်ကြီးတွေနားက ဆိပ်ကမ်းမြို့ကြီးတွေကနေ ပင်လယ်အခြားကမာ့ဆိပ်ကမ်းနိုင်ငံတွေကို သွားရောက်နိုင်တဲ့ မဟာရေကန်ကြီးတွေဝန်းရံထားတဲ့ ပြည်နယ်။


"ဒီထရိုက်" ( Detroit ) မြို့ဟာ ဆိပ်ကမ်းမြို့ကြီးတမြို့ပါပဲ။

"ရေကန်ကြီးတွေ ကြီးတဲ့ပုံ"

--------------------------------

ရေကန်ကြီးတွေဆိုလို့ ကျွန်တော်တို့သိထား ဖတ်တဲ့ထားတဲ့ ရေကန်လိုမျိုးမဟုတ်ဘူး။

(ကြာပန်းတွေဝေဝေဆာဆာနဲ့ တည်ငြိမ်အေးချမ်းနေတဲ့ကန်ရေပြင်မှာ

တခါတလေ-

ဘဲလေးတွေ ငန်းအုပ်လေးတွေကူးခတ်လို့

တခါတလေ-

ငါးလေးတွေက ရေမျက်နှာပြင်မှာ ပွက်ကနဲပေါ်လာကူးလာလိုက်လို့ လွန့်လူးသွားတဲ့ ရေမျက်နှာပြင်လေးကြောင့်

ကြာပန်းအပွင့်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီးအစာချောင်း စောင့်ကြည့်နေတဲ့ ဖားပြုတ်ကြီးက လှုပ်သွားတဲ့အခါမှာ-

သူချောင်းမြောင်းနေတဲ့ သူ့အစာ

(မနီးမဝေးက ဗေဒါအုပ်လေးရဲ့အပေါ်စွန်းမှာ နားခိုနေတဲ့)

ပုစဉ်းနီတာရဲအရောင်ကြားလေးက မြင်သွားပြီး "ဇီကနဲ" ထပျံသွားတဲ့မြင်ကွင်းတွေနဲ့ရေကန်မျိုးမဟုတ်ဘူး။

မျက်စိတဆုံး ရှည်လျားကျယ်ပြန့်တဲ့ သဲသောင်ကမ်းစပ်အပြန့်ကြီးကို ဒေါသကြီးစွာ တဝုန်းဝုန်းပုတ်ခတ်နေတဲ့လှိုင်းခေါင်းအပွင့်ကြီးတွေနဲ့ပင်လယ်ကြီးအသွင်ရေကန်ကြီးတွေ။

ရေချိုသဲသောင်ကမ်းနားက မိုင်ပေါင်း(၃၂၈၈)မိုင်ရှည်လျှားတယ်။ "မိန်း" ပြည်နယ်ကနေ " ဖလော်ရီဒါ" ပြည်တလျှောက် တည်ရှိတဲ့ အတ္တလန်တိတ်သမုဒ္ဒရာကမ်းရိုးတန်းထက်ပိုရှည်တယ်။ မီချီဂန် ပြည်နယ်ရေချိုကမ်းရိုးတန်းလောက် ဘယ်ပြည်နယ်မှာမှ မရှိတဲ့အပြင်

ကမာ့နိုင်ငံတွေမှာလည်း မရှိဘူး။

ပင်လယ်ကို သွားနိုင်တဲ့  ရေကန်ကြီးဖြစ်ပေမဲ့ ရေချို ရေကန်ကြီးဖြစ်နေလို့ ပင်လယ်ဆားရည်မှာကျက်စားတဲ့ ငါးတွေ ငါးမန်းတွေကတော့ ဝင်ရောက်ကျက်စားနေလို့မရဘူး။

အရင်ကဖြစ်ခဲ့တဲ့နယ်မြေရှာဖွေလုယက်တဲ့ရေပြင်တိုက်ပွဲတွေ၊ အင်္ဂလန်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေ၊နဲ့ ပြည်နယ်အချင်းချင်းဖြစ်တဲ့ပြည်တွင်းစစ်ပွဲတွေရဲ့ ရေပြင်သတ်ကွင်းလည်းဖြစ်ခဲ့ဖူးတော့ ရေကန်ကြမ်းပြင်တွေမှာ ၁ရ ရာစုက နစ်မြုတ်ခဲ့တဲ့ ရွက်သင်္ဘောမီးသင်္ဘောတွေရဲ့ ကိုယ်ထည်တွေအစိပ်အပိုင်းတွေကို ရှာတွေ့ရသလို မတွေ့သေးတာတွေလည်းရှိတယ်။

"မီချီဂန် လို့ ဖြစ်လာခဲ့ပုံ"

----------------------------

ဒီပြည်နယ်မှာ စစချင်းနေထိုင်ခဲ့ကြသူတွေကတော့ "နေးတစ်အမေရိကန်" ခေါ် "အင်ဒီးယန်း" တွေ ပါပဲ။

"ရက်အင်ဒီးယန်း"လို့ ခေါ်ခွင့်မရှိတော့တာကို ကျွန်တော်တို့ သတိပြုနိုင်တယ်။ သူတို့ကို ဒီလိုခေါ်မိရင် လူတစ်ယောက်ရဲ့အားနည်းချက်ကို စော်ကားသလိုဖြစ်စေလို့ တရားစွဲခံရမယ်)။

၁၇၈၃ ခုနှစ် ပြည်တွင်းစစ်အပြီးမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ အမေရိကန်အစိုးရအဖွဲ့ ခေါင်းဆောင်လူကြီးတစ်ဦးဖြစ်ပြီး ပြဿနာတစ်ခုခုဖြစ်တိုင်းဖြစ်တိုင်း စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖြေရှင်းချက်တွေထုတ်ပေးလေ့ရှိတဲ့  "သောမတ်စ်ဂျက်ဖာစဲန်" က ၁၇၈၄ မှာ  အဲဒီ "အင်ဒီးယန်း"တွေရဲ့အခေါ် "မီချီဂါမား" " ရေကန်အကြီးကြီး" " ရေအများကြီး" လို့ အဓိပ္ပာယ် ရှိတဲ့ အခေါ်ကနေ " မီချီဂန်နာ" ဆိုပြီး သူကမှည့်ခေါ်ခဲ့တယ်။

အဲဒီအပြင် နောက်ပိုင်းတွေမှာ "မီချီဂန်" လို့ ခေါ်ခဲ့ပြီး "ဝူးလ်ဘရဲင်း" ပြည်နယ် “Wolverine State” တခါ "ဂရိတ်လိက်စ်" ပြည်နယ် "Great Lakes State”  နောက် "ဝါတားဝဲန်းဒလန်း" "Water wonderland" ဆိုပြီး သုံးခဲ့ခေါ်ခဲ့ကြတယ်။

ကားလိုင်စင်ပလိတ်အပြားတွေမှာ"Great Lakes State” လို့ ရေးထားလေ့ရှိတယ်။

"ရေကန်ကြီးတွေရဲ့ အရွယ်အကျယ်"

-------------------------------------------

ဒီရေကန်ကြီးတွေက ပင်လယ်ကြီးတွေလို အဆုံးအစ မမြင်ရပဲ ရှည်လျား နက်ရှိုင်းတော့ အကျယ်အနက်တွေကို ကြည့်ကြရအောင်။

မဟာရေကန်ကြီးငါးခုမှာ အကြီးဆုံးကန်ကြီးရဲ့ အနက်ဆုံးအပိုင်းက (၁၃၃၂)ပေရှိတယ်။

စင်္ကာပူနိုင်ငံတနိုင်ငံလုံးရဲ့အကျယ်က (၂၇၉ ) စတုရန်းမိုင်ရှိနေတဲ့အချိန်မှာ  ရေကန်ကြီးငါးခုထဲက အငယ်ဆုံးရေကန်အကျယ်က (၇၅၄၀) စတုရန်းမိုင်ဖြစ်ပြီး အကြီးဆုံးရေကန်ကြီးက (၃၁၈၂၀) စတုရန်းမိုင်ရှိနေတယ်။

ဆူပီးရီးယိုးရေကန်ကြီးက (၂၀၃၆၄၈၀၀) ဧကနဲ့ အကြီးဆုံး။

ဒုတိယအကြီးဆုံး ဟျူရွန်ရေကန်ကြီးက (၂၃၀၁၀) စတုရန်းမိုင်၊(၁၄၇၂၆၄၀၀)ဧက နဲ့ အနက် (၇၅၀) ပေရှိတယ်။

တတိယ မီချီဂန်ရေကန်ကြီးက (၂၂၄၀၀) စတုရန်းမိုင်၊ (၁၄၃၃၆၀၀၀)ဧက နဲ့ အနက် (၉၂၃) ပေ ရှိတယ်။

စတုတ္ထ အီရီရေကန်ကြီးက (၉၉၄၀) စတုရန်းမိုင်၊ (၆၃၄၂၄၀၀)ဧက နဲ့ အနက် (၂၁၀) ပေ ရှိတယ်။

ပဥ္စမမြောက် အွန်ထဲရီယိုရေကန်က (၇၅၄၀) စတုရန်းမိုင်၊ အနက် (၈၀၂) ပေရှိတယ်။

မီချီဂန်ပြည်နယ်ရဲ့ မြေအကျယ်က အမေရိကန်ပြည်ထောင်စုမှာ နံပါတ် ၁၁ ခုမြောက်အကြီးဆုံး ( ၉၆၈၁၀ စတုရန်းမိုင် ) ဖြစ်ပေမဲ့ ပြည်နယ်အတွင်းကျရောက်နေတဲ့ ရေထု အကျယ်ကတော့ ဒုတိယအကြီးဆုံးဖြစ်နေတယ်။

 မြေအကျယ် (၁၆၃၇၀၇) စတုရန်းမိုင်ရှိတဲ့ တတိယအကြီးဆုံး ကာလဖိုးနီးယားပြည်နယ်ရဲ ရေအကျယ်က (၇၇၃၄) စတုရန်းမိုင်နဲ့ နံပါတ်ငါးအဆင့်ရှိတဲ့အချိန်မှာ-

 ရေပြင်အကျယ် (၄၀၀၀၁)ရှိတဲ့ မီချီဂန်က ဒုတိယအဆင့်မှာ ရှိတယ်။

အကြီးဆုံးရေပိုင်နက်ပြည်နယ်က (၈၆၀၅၁) စတုရန်းမိုင်ရှိတဲ့ "အလာစကာ" ပါ။ ဒါပေမဲ့ သူက ရေချို မဟုတ် ပင်လယ်ရေ။

ရေကန်ကြီးငါးခုစလုံးရဲ့ အရွယ်နဲ့ အတိမ်အနက်တွေက ပင်လယ်ကူးသင်္ဘောတွေအတွက် ကုန်းတွင်းအဓိကကျတဲ့နေရာအထိလာလို့ရအောင်ခွင့်ပြုပေးတယ်။

"ရေကန်ကြီးတွေရဲ့ နယ်နမိတ်များ"

------------------------------------------

ရေကန်ကြီးငါးခုဟာ အမေရိကန်နိုင်ငံရဲ့ပြည်နယ် ရှစ်ခုနဲ့ထိနေသလို ကနေဒါနိုင်ငံ "အွန်ထဲရီယို" (Ontario) ပြည်နယ်ရဲ့နယ်မြေတွေနဲ့လည်း ထိစပ်လို့နေတယ်။

 ရေကန်ငါးခုအနက်-

 လေးခုဟာ အမေရိကန် နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပူးပေါင်းထိန်းချုပ်မှု့အောက်မှာ ရှိနေပြီး မီချီဂန်ရေကန်ကြီးတစ်ခုသာလျှင် အမေရိကန်နိုင်ငံနယ်နမိတ်အတွင်းလုံးလုံးလျားလျားကျရောက်တည်ရှိနေတယ်။

"ရေကန်ကြီးတွေရဲ့ အစ"

----------------------------

နှစ်ထောင်ပေါင်းများစွာက မြောက်အမေရိကမှာ ပျောက်ကွယ်ခဲ့တဲ့ ရေခဲထုကြီးကနေ အဲဒီရေကန်ကြီးငါးခုအဖြစ် ဖြစ်လာခဲ့တယ်။

ရေခဲမှုံတွေဟာ  နိမ့်တဲ့ကုန်းတွင်းပိုင်းနဲ့ချိုင့်ဝှမ်းတွေကို မြစ်ပြင်ကျယ်ကြီးတွေအဖြစ်နဲ့ဖြည့်ပြီးအဲဒီရေခဲတွေအရည်ပျော်တဲ့အခါမှာအဲဒီကုန်းတွင်းအနိမ့်ပိုင်းတွေမှာ ရေကန်ကြီးတွေဖြစ်လာတယ်။

ရေကန်ကြီးတွေရဲ့ ယခင်က ကျန်ခဲ့တဲ့ နှုတ်ခမ်းဘောင်အဟောင်းအရာတွေက အဲဒီရေကန်ကြီးတွေဟာ ယခုထက်ပိုပြီးကြီးမားခဲ့တယ်လို့ ပြနေတယ်။

ယနေ့ ငါးခုသော ကြီးကျယ်တဲ့ရေကန်ကြီးတွေဟာ တချိန်က ရေခဲခေတ်ကို ပြန်လည်သတိရစေတယ်။

"နိုင်ငံခေါင်းဆောင်တွေနဲ့ လူထုရဲ့ အသုံးချမှု"

--------------------------------------------------

အရင်တုန်းက တစ်ခုနဲ့တစ်ခု ဆက်စပ်မှု့မရှိဘဲ ကုန်းတွင်းထဲမှာပိတ်ပြီးတည်ရှိခဲ့တဲ့ရေကန်ကြီးတွေမှာ သင်္ဘောတွေအတွက်အကန့်အသတ်နဲ့ပဲ သွားလာလို့ရခဲ့ပေမဲ့-

တူးမြောင်းတွေဖောက်ပြီး မြစ်ကြီးတွေကတဆင့်ဆက်စပ်ပေးလိုက်တဲ့အခါမှာတော့  ရေကန်ကြီးတွေ ရေခဲတဲ့ဆောင်းရာသီမှလွဲလို့ ကျန်တဲ့ရာသီတွေမှာ သင်္ဘောတွေ(ကုန်တင်သင်္ဘောတွေအပါအဝင်)ဟာ ရေကန်ကြီးတွေမှာရှိတဲ့ ဆိပ်ကမ်းတွေကနေ ကမာအရပ်ရပ်မှာရှိတဲ့ ဆိပ်ကမ်းတွေအထိ သွားလာနိုင်ပါတော့တယ်။

အဲဒီရေကန်ကြီးငါးခုစလုံးက "စိန့်လောရဲင့်စ်မြစ်" (St. Lawrence River) ကတဆင့် "အတ္တလန်တိတ် သမုဒ္ဒရာ" (Atlantic Ocean) အထိ သွားလာနိုင်တယ်။

နောက်ထပ်စံနစ်နှစ်မျိုးနဲ့လည်း သင်္ဘောတွေကို ရေကန်ကြီးငါးခုကနေ ပင်လယ်သမုဒ္ဒရာတွေဆီကို သွားလို့ရသေးတယ်။

သင်္ဘောတွေဟာ "နယူးယောက်ဘတ်ချ်ကဲန်နယ်" "New York Barge Canal" ကိုသုံးပြီး "အဲရီရေကန်ကြီး" "Lake Erie" ကနေ "ဟာဒ်စဲန် မြစ်" "Hudson River" ကနေတဆင့် "အတ္တလန်တိတ် သမုဒ္ဒရာ" "Atlantic Ocean" ကို ဝင်ထွက်နိုင်တယ်။

"အလစ်နွိုင်းရေလမ်း" (Illinois Wayerway)က "မီချီဂန်" ရေကန်ကြီးကို "မစ္စစ်စပီမြစ်" (Mississippi River) ကနေတဆင့် "မက္ကဆီကိုကွေ့" (Gulf of Mexico) အထိသွားနိုင်တယ်။

"မစ္စစ်စပီ" (Mississippi) ကို ရောက်ဖို့ သင်္ဘောတွေဟာ "ချီကာဂို" (Chicago) ဧရိယာမှာရှိတဲ့ တူးမြောင်းတွေကို သုံးရသလို  " ဒယ်ပလိန်းစ်မြစ်" (Des Plaines River)နဲ့ "အလစ်နွိုင်းမြစ်" (Illinois River)တွေကိုပါ သုံးရမှာဖြစ်တယ်။

 အဲဒီရေကန်ကြီးငါးခုဟာ ကန်ကြီးနဲ့အတူ ကန်စပ်နဘေးတွေကို တူတူဝေငှရယူထားကြတဲ့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေအတွက်အလွန် ကြီးစွာသောတန်ဖိုးတစ်ခုအဖြစ် ရှိခဲ့/ရှိနေလျက်ရှိတယ်။

ယခင်က အရေးပါခဲ့တဲ့ သားမွှေးအထည်နဲ့ သစ်လုံးတွေကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် အဲဒီရေကန်ကြီးတွေကို အသုံးပြုခဲ့ကြတယ်။

မြောက်အမေရိကရဲ့ မဟာရေကန်အကြီးကြီးတွေဟာ ပင်လယ်ကမ်းရိုးတန်းတွေနဲ့ ဝေးဝေးကုန်းတွင်းကျစွာမှာရှိနေပြီး ရေလမ်းပို့ဆောင်ရေးအဖြစ် အစွမ်းကုန်အသုံးချလို့ ရတဲ့ရေကန်ကြီးတွေဖြစ်လာတယ်။

ဒီရေကန်ကြီးငါးခုဟာ မြောက်အမေရိကတိုက်ရဲ့ အကြီးဆုံးရေချိုရေကန်ကြီးအဖွဲ့ဖြစ်ပြီး အဲဒီရေကန်ကြီးတွေဟာ သဘာဝအရ ဆက်စပ်ပေးထားတဲ့ရေစီးရေလာတွေအပြင် ကနေဒါနဲ့အမေရိကန်နိုင်ငံခေါင်းဆောင်လူကြီးတွေရဲ့စီမံညွှန်ကြားမှု့အရဖောက်လုပ်ထားခဲ့တဲ့တူးမြောင်းတွေနဲ့အကုန်ဆက်စပ်ဆက်သွယ်ထားလို့ ရေမသေတဲ့ရေစီးနေတဲ့ရေကန်ကြီးတွေဖြစ်တယ်။

"အပိုင်းလေး နှစ်ပိုင်းနဲ့ မီချီဂန်ရဲ့ ပုံစံ"

-------------------------------------------

မီချီဂန်ပြည်နယ်မှာ အထက်ပင်နဆူးလားနဲ့ အောက်ပင်နဆူးလားဆိုပြီး အပိုင်းလေးနှစ်ပိုင်းဖြစ်နေတာကလည်း ထူးခြားတဲ့အထဲပါပါတယ်။

 အောက်ပဲင်နဆူးလားက ပြည်နယ်ရဲ့ ရ၀% ဖြစ်ပြီး အထက်ပဲင်နဆူးလားက ၃၀% ဖြစ်တယ်။

အောက်ပဲင်နဆူးလားက မြန်မာပြည်က ကချင်ပြည်နယ်အသွင်နဲ့တူတယ်။

အမေရိကန်တွေက အောက်ပိုင်းပဲင်နဆူးလားပုံစံကို (လက်အိတ်အကြီးစားပုံကြီး) ပါလို့ ရေးတယ် ။

ကျွန်တော်ကတော့ ( ရေကန်တစ်ကန်ထဲကို ဘယ်ဖက်လက်ဝါးကြီးတစ်ခု ရိုက်လိုက်လို့ ဘယ်ဖက်အပေါ်ဒေါင့်မှာ ငါးလေးတစ်ကောင်က လန့်ခုန်ထွက်သွားတဲ့ ပုံမျိုး) မီချီဂန် ပြည်နယ် မြေပုံကို မြင်မိတယ်။

ပြည်နယ်ရဲ့ ၉၇% လူဦးရေက အဲဒီအောက်ပိုင်းမှာ နေထိုင်ကြတယ်။

အဲဒီအောက်ပိုင်းမှာ ရေကန်တွေနဲ့ထိစပ်နေတဲ့နေရာကမ်းခြေတွေက ပင်လယ်ရေအထက် ပေ (၃၀၀) ကနေပေ(၆၀၀) အတွင်းမြင့်ပြီး အောက်ပိုင်း ပြည်နယ်ကြီးတစ်ခုလုံးက ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၆၀၀)ကနေပေ(၁၅၀၀) အမြင့်မှာ လွင်ပြင်ကြီးအဖြစ်တည်ရှိနေတယ်။

 အဲဒီအပိုင်းကို မဟာရေကန်ကြီးလေးကန်က အရှေ့အနောက်နဲ့မြောက်ဖက်ပါတ်လည်ဝန်းရံထားတာ။

"ကုန်းတွင်းမှာ ရှိတဲ့ကန်တွေအကြောင်း"

------------------------------------------------

၂၀၁၀ သြဂက်စ် မှတ်တမ်းအရ မီချီဂန်ကုန်းတွင်းမှာ ရေကန်ပေါင်း (၁၁၈၄၂) ရှိပြီး (၁၀၀၀၀)ဧကနဲ့ အထက် ရေကန် ပေါင်း (၁၀) ကန်၊ (၁၀၀၀)ဧက နဲ့ အထက် ရေကန်ပေါင်း (၉၈) ကန်၊ (၁၀၀)ဧကနဲ့အထက် ရေကန်ပေါင်း (၁၁၄၈) ကန်၊ (၁၀)ဧကနဲ့အထက် ရေကန်ပေါင်း (၆၅၃၇) ကန်၊ (၁)ဧကနဲ့အထက် ရေကန်ပေါင်း (၂၆၂၆၆) ကန်၊ (၀.၁) ဧကနဲ့ အထက် ရေကန်ပေါင်း (၆၂၇၉၈) ကန် ရှိနေတယ်။

"ကုန်းတွင်းမြစ်များ"

-------------------------

မဟာရေကန်ကြီးတွေအထဲကို စီးဝင်နေတဲ့ မြစ် အမျိုးအစားနဲ့ မဟာရေကန်ကြီးတွေကို ဆက်စပ်ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်အမျိုးအစားနှစ်မျိုးရှိပြီး နာမည်ပေးထားရှိထားတဲ့မြစ်ပေါင်း သုံးရာ ရှိပါတယ်။

"စိုက်ပျိုးရေးမှ စက်မှုပြည်နယ်"

--------------------------------------

အရင်က စိုက်ပျိုးရေး လုပ်ခဲ့ရာမှ(၁၉၀၀) လောက်က စလို့ ဂျီအမ်ကား (Genal Motors) ဖို့ဒ်ကား (Ford) နဲ့ ခိုက်ဆလာ (Chrysler) ကား တွေကို စတင်ထုတ်လုပ်ခဲ့တဲ့ စက်မှုပြည်နယ် မော်တော်ကားပြည်နယ်အဖြစ် ထင်ရှားခဲ့တဲ့ပြည်နယ်မှာ သတ္တုတွေ သံတွေထုတ်လုပ်ရာမိုင်းတွင်းတွေလည်း ရှိခဲ့တယ်။ ငါးဖမ်းလုပ်ငန်း၊ နို့နဲ့ ထွက်ကုန်ပစ္စည်းများ၊ ပန်းသီး၊ စပျစ်၊ ချယ်ရီ၊ ဘလူးဘယ်ရီ၊ ပြောင်း၊ ဂျုံ၊ ပဲ စိုက်ပျိုးဖြန့်ဖြူးပြီး ဘီယာ ဝိုင်စက်ရုံတွေ အသေးစား အကြီးစား စက်မှုပစ္စည်းတွေ ပရိဘောဂပစ္စည်းတွေ ထုတ်လုပ်တဲ့ ပြည်နယ်ဖြစ်တယ် ဆား၊ အိုင်အိုဒိုင်း၊ ဘရိုမိုင်း၊ မဂ္ဂနီဆီယမ် စတဲ့ ဆေးဖက်ဆိုင်ရာပစ္စည်းတွေထုတ်လုပ်သလို

အင်္ဂလိပ်လို " စပီးယားစတုန်း" လို့ ခေါ်တဲ့ "ဂျစ်စန်" (Gypsum) ကို ထုတ်လုပ်တဲ့ အမြင့်ဆုံးထုတ်လုပ်မှု့ရှိတဲ့ပြည်နယ်။ ဂျစ်စန် ဟာ ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး မြေသြဇာ နဲ့ အဆောက်အဦးဆောက်လုပ်တဲ့ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုရတဲ့ ပစ္စည်းဖြစ်တယ်။

မြို့တော်ကတော့ တောင်ဖက်အလယ်နားက မြစ်သုံးစင်း နားက "လဲန်ဆင်း" (Lansing) ဖြစ်တယ်။

ဒီထရိုက် ( Detroit) နဲ့ ဖလဲင့် (Flint) မြို့တွေက စက်မှုမြို့တွေအဖြစ်ထင်ရှားတယ်။ ကားစက်ရုံတွေကို တရုပ်ပြည်မှာ ကူးပြောင်းခဲ့တဲ့နောက်ပိုင်း အဲဒီမြို့တွေရဲ့ စီးပွားရေးထိခိုက်ခဲ့တယ်။

"ဂရဲင်းရက်ပစ်ဒ်" (Grand Rapids) ဟာ မီချီဂန်ရဲ့ ဒုတိယ အကြီးဆုံးနဲ့ အဖွံဖြိုးဆုံးမြို့ဖြစ်လာတယ်။ ပရိဘောဂစက်ရုံတွေ အတွက် အရေးပါတဲ့ မြို့ဖြစ်တယ်။

ဒါကတော့ ထူးခြားတဲ့ "မီချီဂန်" ပြည်နယ် နဲ့ မဟာရေကန်ကြီးငါးခုအကြောင်းပါပဲ။

(မီချီကန်ရေကန်ကြီးကို ရောက်ခဲ့စဉ်က ကိုယ်တိုင်ရိုက်ခဲ့တဲ့ ဗီဒီယိုများနဲ့ ကျန်တာတွေက အင်တာနက်နဲ့ ယူတုက ယူထားတဲ့ သူများတွေရဲ့ ဖိုင်တွေ ဖြစ်ပြီး ဗဟုသတ အလို့ငှာ ပြလိုက်ပါတယ်)

စန်းအောင်

နိုဝင်ဘာ-၂၃-၂၀၁၈