Ghost Town
ကယ်လဖိုးနီးယား မြို့ပျက်တွေ ၁၄ရ မြို့လောက်ရှိတဲ့အထဲကနေပြီး အများပြည်သူတွေလာရောက်လေ့လာလို့ရအောင် ပြည်နယ်ပန်းခြံတွေအဖြစ် အခကြေးငွေနဲ့ ပြသထားတွေအထဲက "တာဟိုး" ရေကန်ကြီးရဲ့ အရှေ့တောင်ဖက် ရ၅ မိုင်အရပ်မှာရှိတဲ့ "ဘော်ဒီ" ဆိုတဲ့ မြို့ပျက်ကြီးကို မိသားစုနဲ့ သွားပြီးကြည့်ခဲ့တာလေးတွေကို အမှတ်တရ ပြပါရစေ
အမေရိကန်တွေရဲ့ အမျိုးသားသမိုင်းဝင်မှတ်တမ်းဝင်ပန်းခြံတစ်ခုဖြစ်တဲ့ "ဘော်ဒီ" ဆိုတဲ့မြို့ပျက်ကြီးကို ၁၉၆၂ ကထည်းက ဖွင့်လှစ်ပြသခဲ့ပါတယ်
"မိုနိုကောင်တီ" အရပ် မှာရှိတဲ့ " စီရာနား နီဗားဒါး" တောင်စွယ်တွေအထဲက "ဘော်ဒီ"တောင်ကုန်းပေါ်မှာ ၁၈၇၆ လောက်က ဒီမြို့ကြီး ဖြစ်ခဲ့ပါသတဲ့ ရွှေ ထွက်တဲ့စီးပွားရေးနဲ့ လူတွေစိတ်ဝင်စား စည်ကားခဲ့ပါသတဲ့
ဟာ မလုပ်နဲ့ ...
ပင်လယ်ရေမျက်နှာပြင်ထက်-
ပေ ၈၃၇၉ မြင့်တော့ ရာသီဥတုက ဆောင်းဆို နှင်း မြို့တော်ကြီးပေါ့ဗျာ ဆောင်းတွင်းမှာ သွားမကြည့်ကြပါနဲ့ ပိတ်တယ်ပေါ့ ..
(ကျွန်တော်တို့ ၂၀၀၃ ဆောင်းတွင်းရုံးပိတ်ရက် တုန်းက သူငယ်ချင်းတွေနဲ့ ပြည်နယ်ဆယ်ခုကို ကားမောင်းလျှောက်လည်တုန်းကလို ဖြစ်သွားမှာစိုးလို့
ထည့်ပြောရတာပါ ခရီးစဉ်ကို ဦးဆောင်စီစဉ်တဲ့ သူငယ်ချင်း Thet Nyein အပြင် သွားခဲ့ကြတဲ့သူတွေအားလုံးအတွက် မမေ့နိုင်စရာခရီးစဉ်အတွေ့အကြုံတွေကို ကြုံရင် ရေးပါအုန်းမယ်ဗျာ အဲဒီတုန်းက ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ နေရာတွေကို အကုန်လှည့်ပါတ်ဝင်ခဲ့ကြတာကိုး ဆောင်းတွင်းဆိုတော့ ပိတ်တာကို မသိတော့ သွားလည်လို့ ဝင်လို့ကတော့ရတယ် စောင့်တဲ့ရဲကလည်း ဘယ်သူမှမလာတာသေချာတော့ သူလည်း နားနေသလား ချမ်းနေသလား မသိဘူး တားမဲ့သူလည်းမရှိဘူးပေါ့ဗျာ
ကျွန်တော်တို့ ရွှေဗမာတွေနဲ့ နှင်းတွေရယ် ခရစ်စမတ်အပင်တွေရယ် အရိုးပြိုင်းပြိုင်း အပင်ခြောက်တွေရယ် တခါတလေ အရိုးတဲကျဲကျဲ အကိုင်းပေါ်မှာ နားနေတဲ့ ခေါင်းစောင်းပြီး ကျွန်တော်တို့ကို စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်တဲ့ အမေရိကန်တောကျီးကန်းအိုကြီးတစ်ကောင်ရယ် တခါတလေ အမေရိကန်သိန်းငှက်ကြီးတွေရယ် အဆုံးအစကျယ်ပြန့်တဲ့ လွင်ပြင်တွေပေါ်က ပြောင်ရိုင်းအုပ်ကြီးတွေရယ် လားငယ်ငယ်အုပ်စုလေးတွေရယ် ကားလမ်းဘေးမြက်ခင်းပြင်ပေါ်က မြေအောင်းပူးလေးတွေကို တစ်ကောင်ခြင်း ပေါက်စီစားသလို တဂွက်ဂွက်စားနေတဲ့ တောခွေးလေးတွေရယ် စသဖြင့် ဘဝတသက်အမြဲသတိရစေခဲ့တဲ့ မြင်ကွင်းလေးတွေကိုလည်း ရေးပါအုန်းမယ်)
ပြောခဲ့သလို ရာသီက ကြမ်းတယ် နွေမှာခြောက်သွေ့တယ်ပူတယ် ညမှာအေးတယ် လေက တစ်နာရီမိုင်တစ်ရာနှုံးတိုက်တယ် ဆောင်းကျ နှင်းထူတယ် ရေတွင်းတွေခဲကုန်တယ်ပေါ့ဗျာ ရွှေထွက်တယ် မိုင်းတွင်းတွေရှိတော့ လူစည်ခဲ့တာဆိုရင်ဖြင့် ၁၈၇၉ မှာ လူဦးရေ ၅၀၀၀ ကနေ ရ၀၀၀ အထိ ဖြစ်ခဲ့သတဲ့ အဆောက်အဦးပေါင်း ၂၀၀၀ လောက်နဲ့ စည်ကားခဲ့သတဲ့
ယူအက်စ်ဒေါ်လာ ၃၄ မီလီယမ်လောက်ရွှေစီးပွားရေးနဲ့ကြီးကျယ်ခဲ့တဲ့ ဒီမြို့ကြီးဟာ ၁၈၈၀ ခုနှစ်တွေတုန်းက ကယ်လဖိုးနီးယားရဲ့ ဒုတိယ ဒါမှမဟုတ် တတိယ အကြီးဆုံးမြို့ ဖြစ်ခဲ့သတဲ့ တရုပ်တန်း တောင် ရှိခဲ့တယ်တဲ့ မီးပုံးနီရပ်ကွက်တွေရောပေါ့ တရုပ်ဘုရားကျောင်း ဘုံကျောင်းတွေနဲ့ အစုံပေါ့ဗျာ
အခု ပြတိုက်လုပ်ထားတဲ့ ဟောကြီးတစ်ခုဟာ အဲဒီတုန်းက အလုပ်သမားတွေ ယူနီယံတွေ တွေ့ဆုံစည်းဝေးတဲ့ဟောကြီးဖြစ်သလို ကပွဲတွေ ပြဇာတ်တွေပါကပြခဲ့တဲ့ အပန်းဖြေခမ်းမကြီးလည်း ဖြစ်ပါသတဲ့
၁၈၈၀ နှောင်းပိုင်းကာလတွေမှာတော့ "မွန်တားနား " "အာရီဇိုးနား" "ယူထား" စတဲ့ ပြည်နယ်တွေမှာ အဲလို မိုင်းတွင်းတွေထွက်လာတော့ အဲဒီမြို့ကလူတွေက ပြောင်းရွှေ့သွားကြတာဟာဖြင့် ၁၉၁၀ ခုနှစ်လောက်မှာ ၆၉၈ ယောက်လောက်ပဲ ကျန်ပါတော့တယ်တဲ့
၁၉၁၃ မှာတော့ မိုင်းတွေပိတ် ၁၉၁၅ မှာ လူမရှိတော့တဲ့ မြိူ့ပျက်ကြီးအဖြစ် သတ်မှတ်ခဲ့ပါရော
ဒုတိယကမ္ဘာစစ် မတိုင်မီ နောက်ဆုံးမိုင်းကို ၁၉၄၂ မှာ ပိတ်ခဲ့ပြီး စစ်ပြီးတဲ့အခါ မှာ ပြန်မလုပ်နိုင်ခဲ့ပါဘူးဆိုပဲ
၁၉၂၀ မှာတော့ လူဦးရေစစ်တမ်းများအရ လူဦးရေ ၁၂၀ ပဲကျန်တော့တယ်လို့ ဆိုပါတယ်
မိုင်းတွေပျက်သလို မီးအကြိမ်ကြိမ်လောင်ခဲ့လို့ အဆောက်အဦးတွေ ဆုံးရှုံးခဲ့ပါတယ် အဲဒီမြို့မှာ အမေရိကန် စာတိုက်က ၁၈၇ရ ကနေ ၁၉၄၂ အထိ လည်ပတ်ခဲ့တာပါတဲ့
အခုအချိန်မှာတော့ အဆောက်အဦးဆိုလို့ ၁၇၀ ပဲ ကျန်ပါတော့သတဲ့
ကျွန်တော်တို့တော့ အကုန်မရောက်လိုက်ပါဘူး
ရောက်ခဲ့သမျှ ရိုက်ပြီး သူငယ်ချင်း ဆွေမျိုးမိတ်ဆွေတွေကို ပြလိုက်ပါတယ်ဗျာ မစုံတာလေးတွေ အမှားအယွင်းလေးတွေကိုတော့ ခွင့်လွှတ်ပါ သွားပြီးတော့ ကြည့်ချင်သူများအတွက် သတင်းလေးပေးတာပါ ဓာတ်ပုံရိုက်ချင်သူ မီးမီး ညီမ မမ အန်တီတွေအတွက်လည်း ပုံလေးတွေ ရိုက်လို့ကောင်းတယ်ဆိုတာလေးကို လည်း ပြောပြတာပါ
ဘာပဲပြောပြော သံဝေဂရစရာ...
ကျွန်တော်တို့နိုင်ငံက ပုဂံပြည်လို သရေခေတ္တရာပျူမြို့တွေလည်း ဒီလို ပဲနေမှာပါဘဲ
အားလုံး ဘဝအမောပြေကြပါစေ
ကျေးဇူးပါ
စန်းအောင်
စက်တင်ဘာ-၁၈-၂၀၁၈