Hart Beat Time
"ရင်တုန်စရာ အချိန်လေးတွေ"
-ကိုယ်သိတ်မကျက်မှတ်ခဲ့တဲ့စာမေးပွဲ (အောင်ပါ့မလား စိတ်ပူရတဲ့) နေ့တွေမှာ အတန်းစောင့်ဆရာ/ဆရာမက အနားလာပြီး မေးခွန်းစာရွက်ကို "ရှလွတ်"ဆိုပြီး ချပေးလိုက်တဲ့အချိန်လေးတွေကို သတိရမိပါတယ် ရင်ထဲမှာ တော်တော်ကြီးကို တုန်နေတာ
-ခြေဖြားခြေသဲလေးတွေကတဆင့် ခေါင်းဖြားဆံနွယ်ထိပ်အစပ်လေးအဆုံးအထိ မြတ်နိုးစွဲလမ်းရတဲ့ချစ်ရတဲ့သူရဲ့အနားကို ရောက်တိုင်း ရောက်တိုင်း
ဒါမှမဟုတ်သူ့ကိုသတိရတိုင်း ရင်ထဲမှာ ဆူးစူးနေသလိုအောင့်နေတာကိုလည်း သတိထား သတိရမိပါတယ်
-ကားမောင်းလိုင်စင်ဖြေဖို့ ကားပေါ်ထိုင်နေတုန်း စစ်ဆေးတဲ့သူဝင်ထိုင်အပြီး "ဂျိုင်းကနဲ" တံခါးပိတ်လိုက်တဲ့အချိန်မှာ ရင်ထဲမှာပါ "ဒုန်းကနဲ"ဖြစ်သွားတာကိုလည်းသတိရမိပါတယ်
-အလုပ်အင်တာဗျူးတွေ ကိုယ်တွေ့စစ်ဆေးတာတွေသွားတော့ တဖက်က စစ်ဆေးမဲ့လူကြီးက ကိုယ့်စာရွက်တွေကို "ဘတ်ကနဲ"ကောက်ကိုင်လိုက်ပြီး ကိုယ့်ကို "ဗျတ်ကနဲ" လှမ်းကြည့်လိုက်တဲ့အခါ မှာ ရင်ထဲမှာပါ "ဒိတ်ကနဲ" ဖြစ်ခဲ့ရတာတွေကိုလည်း သတိရမိပါတယ်
-"ယူစီစီ"အလုပ်မှာရုံးတက်တုန်းက ကွမ်းအစ်ကြီးတွေပိုက်ပြီး ရုံးတက်လာလေ့ရှိတဲ့ ကိုကျော်စွာစိုး ကိုအောင်အောင်သိန်း ကိုတင့်လွင်တို့ဆီကနေ
"တစ်ယာလောက်ဗျာ ပေးစမ်းပါ" ဆိုပြီး
( "ဆေးအပြည့်"ပါတဲ့ ကွမ်းကို စားဖူးနေကြ လှည်းတန်းကားမှတ်တိုင်က ကွမ်းယာအချိုမှတ်ပြီး ) လွယ်လွယ်တောင်းကောက်ဝါးအပြီး မိနစ်ပိုင်းအတွင်း "တရိပ်ရိပ်မူး" "တဒုန်းဒုန်းတုန်ခဲ့ရတာကိုလည်းသတိရမိပါတယ်
-"ယူအက်စ်" ကိုရောက်တော့ "လိုကယ်" ရပ်ကွက်ထဲက လမ်း ဒါမှမဟုတ် "ဖရီးဝေး" အမြန်လမ်းပေါ်မှာကားမောင်းလာနေတဲ့အချိန်မှာ
ကိုယ့်ကားအနောက်တည့်တည့်ကနေမီးပြာမီးနီတွေ "တဖျတ်ဖျတ်လင်း" ကိုယ့်ကားထဲက အနောက်ကြည့်မှန်ကို တည့်တည့်ထိုးလိုက်တဲ့ ဖြူဖြူစူးစူး မီးလုံးကြီးနဲ့အတူ " ဂွမ့်ဂွမ့်"လို့ခေါ်မလား "ဝုဝု" လို့ခေါ်မလား ခေါ်ချင်သလိုခေါ် ငှက်ဆိုးထိုးသံနဲ့တူတဲ့ ရဲကားဟွန်း ကို ကြုံလိုက်ရတဲ့အချိန်တွေမှာ
"ဟာသွားပြန်ပြီ" ဆိုပြီး ရင်တုန်ရတာက ပထမ ရင်တုန်တာအသေးစားလေးပေါ့
စစချင်းက "တဒိတ်ဒိတ်"ပေါ့
ဒါနဲ့မပြီးသေးဘူး- ကိုယ့်ကားကို လမ်းဘေးလွတ်ရာဖြစ်ဖြစ် ဒါမှမဟုတ် "ဖရီးဝေး"ကနေထွက်ပြီး အထွက်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဓာတ်ဆီဆိုင်ဝင်းထဲက "ပတ်ကင်လော့" နေရာအလွတ်မှာ ရပ်ပေးအပြီး ကိုယ့်ကို မီးတွေနဲ့ထိုးထားပြီး အနောက်မှာ ရပ်သွားတဲ့ ရဲကားပေါ်က စတိုင်လ်နဲ့ ကျေးဇူးရှင်ရဲက ကိုယ့် တံခါးနားကို ဖြေးဖြေးကပ်လာတဲ့အချိန်မှာတော့ ရင်ထဲမှာ "တဒုန်းဒုန်း" ဗြောင်းဆန်နေအောင်တုန်လှုပ်မိတာကိုလည်းသတိရမိပါတယ်
- ကယ်လီဖိုးနီးယားမှာတုန်းက မဥမ္မာ ကိုအေးမြင့်တို့ဆီညဖက် အလည်သွား ပြန်ခါနီး လှေခါးကနေအဆင်း တွေ့ရတဲ့ လသာသာရှုခင်းကို ရပ်ငေးအကြည့် မှာ အနောက်ကနေ
" ယောကျာ်း! ဘယ်သူ့လွမ်းနေပြန်သလဲ? " ကပ်အမေးခံလိုက်ရတဲ့အချိန်လေးမှာ "ဒုတ်ကနဲ" တုန်သွားခဲ့ရတာကိုလည်း သတိရမိပါတယ် (ပြီးမှ ပါလာတဲ့ ကင်မရာလေးထုတ်ရိုက်ခဲ့တာ)
- ဖုံးလေးကိုင်ပြီး စိတ်ကူးလေးနဲ့တွေးရေးနေတဲ့အချိန်မှာ
အနောက်ကနေ "ယောက်ျား' ဘာတွေရေးနေတာလည်း ?
ဝတ္ထုတွေရေးနေပြန်ပြီလား?
လျှောက်မရေးနဲ့နော်!
ရှက်လိုက်တာ!
ကိုယ်ဘာရေးနေတာလည်းဆိုတာကိုယ့်ကိုကိုယ်သိ! သူများတွေက ကိုယ့်စိတ်ဘယ်လိုဆိုတာ ကိုယ်ရေးတာကို ဖတ်ပြီး အကုန်သိမှာ မရှက်ဘူးလား!"
ဆိုပြီး ကပ်ပြောလိုက်တဲ့ အေးအေးဆေးဆေးသမား "မီးအိမ်ရှင်" ခေါ် "ပဲ့ကိုင်ရှင်" ရဲ့ အသံကို"ဆပ်ကနဲ" ကြားလိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ လန့်သွားပြီး " ဒိန်းကနဲ" တုန်ရတာက အတုန်ဆုံးပါပဲ
အဲလိုအချိန်တွေကို ကင်မရာနဲ့ရိုက်ရမယ်ဆိုရင် ဟိုပြေးဒီပြေး ဟိုခါဒီခါ လက်မငြိမ်တဲ့ရိုက်ချက်တွေနဲ့ပြရရင်တော်တော်မိုက်တာပေါ့ဗျာ
(ငယ်ငယ်က ဖတ်ခဲ့ဖူး ကြိုက်ခဲ့ဖူးတဲ့ ဆရာဆွေလှိုင်ဦးရဲ့ "ရင်သိမ့်တုန်" ဝတ္ထုတွေဖတ်ပြီး "တုန်"ခဲ့ရတာတွေနဲ့တော့ မတူပါဘူး)
ငယ်ငယ်က ကိုယ်ကြိုက်ခဲ့တဲ့ ကောင်မလေးကို ညီမဖြစ်သူက ဖုံးခေါ်ပေးပြီး ပြောလို့ရပြီ ဆိုတဲ့ မျက်ရိပ်ပြရင်း ဖုံးကို အကို ဖြစ်သူ ကျွန်တော့်လက်ထဲ လှမ်းအထည့်ပေးတဲ့အချိန် ရင်တုန်ရတာလေးကိုလည်း မှတ်မှတ်သားသားရှိနေပါတယ်
တခါ ကိုယ့်ကို မချစ်ဘူး ဆိုတဲ့သူက စိတ်ပြန်ပြောင်းပြီး သနားပြီး ကိုယ့်ကိုများ ဖုံး ခေါ်လာမလားဆိုပြီး ကလင်ကလင်ဖုံးခေါ်သံကြားတိုင်း ရင်ခုံမိတာလေးကိုလည်း ချန်ထားလို့ မရပါဘူး
ရင်တုန်တာတွေရေးရင်း ရင်တုန်လာလို့ ဒီမှာခဏရပ်ပါရစေ
စန်းအောင်
မတ်-၃-၂၀၁၈