Sunset Opera

 "နေဝင်ခါနီး ပြဇတ်"


နေက မြေကြီးအစပ်လေးကို အသာလေးထိကပ်ပြီး

နမ်းလိုက်တဲ့အချိန် ကောင်းကင်ကြီးက ရှက်သွားတယ်..

အိပ်တော့မဲ့ သစ်ပင်တွေက-

သူတို့အပင်တွေထဲရှိနေတဲ့ အသိုက်တွေထဲမှာ 

အိပ်ဖို့ နေရာလု, ရန်ဖြစ်နေတဲ့ ငှက်အဖွဲ့ကြောင့်

မအိပ်နိုင်ဘဲ လူးလွန့်နေကြတယ်..

ငှက်အုပ်တွေ အသံတိတ်မှ သူတို့ ကောင်းကောင်း အိပ်ရမှာဆိုတော့ နေပျောက်သွားတဲ့ အထိ မစောင့်နိုင်တော့ဘဲ အရင်မှောင်သွားအောင် သူတို့အရွက်တွေကို ညှိုးချပြီး ဖုံးအုပ်လိုက်ကြတယ်..

အလိုက်မသိတဲ့ တေးဆိုဝါသနာရှင်ပုရစ်အဖွဲ့တွေက

ခပ်လှမ်းလှမ်းကနေ သူတို့ဖီလင်နဲ့သူတို့ ခံစားသီဆို

နေကြတယ်..

နေရောင်ကို အမှီလိုက်ရွေ့ နေတဲ့-

ခရီးသွားတိမ်အုပ်ထဲက

သီချင်းဝါသနာအိုးတိမ်ပေါက်စလေးက အဲဒီ ပုရစ်အ

ဖွဲ့ကို ငုံ့ကြည့်ပြီး ပုရစ်တွေရဲ့သံစဉ်တွေကို

ကော့ဒ်တွေလိုက်ထည့်ကြည့်နေတုံးမှာ

သွေးဆုံးချိန်မို့ အမြဲတမ်းစိတ်တိုနေဟန်ရှိတဲ့ တိမ်အမေကြီးက စိတ်မရှည်ဘဲ အနားရှိတဲ့ လေအမြီးနဲ့

မြူးဇစ် ဝါသနာအိုး တိမ်ပေါက်စလေးကို 

လှမ်းရိုက်လိုက်တဲ့အခါ-

တိမ်ပေါက်စလေးက သတိပြန်ဝင်လာပြီး 

ရှေ့က တိမ်အုပ်စုဆီကို သုတ်သုတ်လေး

အမှီလိုက် အနောက်ကနေ ပြန်ပြေးလိုက်တယ်..

အဲဒီလို တိမ်ပေါက်စလေး ပြေးပုံလေးက သိပ်ချစ်ဖို့ ကောင်းလိုက်တာ.. ချစ်လိုက်တာ.. ဆိုပြီး ခပ်လှမ်းလှမ်းက တူစုံပျံလာတဲ့ ကလေးမရှိ ကလေးချစ်တတ်တဲ့ အိပ်တန်းပျံ ငှက်မောင်နှံက  ကောက်ချက်ချသတဲ့...

အမယ် လေအဝှေ့မှာ ညဖက်ပန်းနံ ့လေးကလည်း

မဆိုး ဆိုး ....!!

"အို .. ကကျော့မောင် မှောင်ခါနီးနေပြီ ခြင်ဝင်မှာစိုးလို့ တံခါးပိတ်ပါဆိုတာ ဘယ့်နှယ်ကြောင့်

ကောင်းကင်ကို လှမ်းကြည့်နေပြန်သလဲ"

"အလိုတော်..လိမ္မော်ရောင် တင် မဟုတ်ပါလား..

ပန်းရောင်ကောင်းကင်ကို စိတ်ဝင်စားနေပြန်သလား..

ဘာလဲ.. ကလျာမိနွဲ့ ကို သတိရနေပြန်သလား..

ရှင်ပြောတော့ အဲဒီဟာမလေးများ ရှင့်ကို ကျောင်းတုံးကထဲက စိတ်ဝင်စားနေမှာစိုးလို့ ရှင်က သနားလို့လေး ဘာလေး ပြန်ပြီး စိတ်သက်သာအောင်ဆိုပြီး

ရှင်ပေးတဲ့ ဆင်ခြေလေး ဟုတ်ရော ဟုတ်ရဲ့လား..

ကျုပ်ပြန်လာတော့ နေပူပူမှာ ကျုပ်ကြိုက်တဲ့

သံပုရာရည်လေးတိုက် ကျုပ်ပေါက်ကွဲတာတွေ တလုံးမှ ပြန်မပြောဘဲ နောက်ဆုံးကျမှ ရှင်က ကျုပ်ကို စွဲလန်းနေတဲ့ လူပျိုကြီး ကို ကျုပ်က သနားတာလေး ပုံခိုင်းပြီး ကလျာမိနွဲ့ကို ရှင်သနားတာလေး ယုံအောင်ပြောတာပေါ့ ဟုတ်လား..

ပန်းနုရောင်ကောင်းကင်မှာ ကလျာနွဲ့နှောင်းကို 

မြင်နေတယ်ထင်တယ်"

နေဝင်ခါနီး ကောင်းကင်ကို ကြည့် ၍ ကဗျာရေးနေမိသော

ကကျော့မောင်တယောက် "ဖြတ်ကနဲ" အော်ပြောလိုက်သော သူ့မိန်းမအသံကြောင့် "ဇတ်ကနဲ"

လန့်သွားပြီး "ဟုတ်..ဟုတ်တယ် ခုနကတော့ ကောင်း..ကောင်းကင်က လိမ်.. လိမ္မော်ရောင်ကွ အရောင်လေးတွေက နွဲ့နွဲ့နှောင်းနှောင်းလေးမို့ ကြည့်နေမိတာပါကွာ

ခုခု.. ငါ တံခါးပိတ်ပါ့မယ်" ဟု ကယောင်ချောက်ခြား

ပြန်ဖြေလိုက်သတည်း။

(တံခါးပိတ်ဝင်သွားသော ကကျော့မောင် ကံကောင်းပါစေ)

စန်းအောင်

ဇွန်-၆-၂၀၁ရ