Land Rover
"သခင်ဖိုးလှကြီး၏မြို့" နေရာအနှံ့တွင် တွေ့ခဲ့ရသောကား၊
"ဗမာ့ရေနံလုပ်ငန်း" တွင် အသုံးပြုခဲ့သောကား၊
"နေမဝင်အင်ပါယာ" နိုင်ငံ "အမ်စတာဒမ်" မော်တော်ကားပြပွဲ၌ ၁၉၄၈ ခုနှစ်ဧပြီ ၃၀ တွင် ပြသ မိတ်ဆက်ပြီး တရားဝင်စတင် ရောင်းချခဲ့သည့် ကား၊
အာဖရိက "တော" ရှိ လမ်းကြမ်းများတွင် ရေပန်းစားသည့် လေးဘီးလုံး "ယက်" မောင်းနှင်နိုင်သည့် "လင့်ရိုဘာကား"
အဲဒီကားအကြောင်း ပြောချင်တာမဟုတ်ဘဲ
အဲဒီကားနဲ့ ပါတ်သက်ခဲ့ရတဲ့ အမှတ်တရတွေကို ရေးပါရစေ
---------------------------------------------
"ကလေးဘဝ နဲ့ လဲန်ရိုဘာ အကြောင်း"
အခုခေတ် သားသားမီးမီးတို့ကတော့ နိုင်ငံခြားဖြစ်ကလေးစီးကားလေးတွေကို မောင်းနေကြမယ်လို့ ထင်ပါတယ်
ကျွန်တော်တို့ခေတ်တုန်းကတော့ ပြည်တွင်းဖြစ်ပါ
"ဗိုလ်အုံးသီး" လို့ ခေါ်တဲ့ ဗမာပြည်ထုတ်နဲ့ပါ
ကျွန်တော်တို့ကားက "ဂျိပ်" ဗမာပြည် အခေါ် ဂျစ်ကား မဟုတ်ဘူး
လဲန်ရိုဘာ ပါ
"အဆော့ကြမ်းပုံ နည်းမျိုးစုံ"
ကားဘီးလှိမ့်တဲ့အခါမှာ ကားစက်သံလို ဆူညံသံဖြစ်အောင် ကားဘီးအခွံ အပေါက်လေးတွေကနေ တဆင့် ကျောက်စရစ်ခဲလေးတွေကို ကျွန်တော်က ပစ်ထည့်ထားတယ်
အဲဒီအခါ ကားက ဘီးလှိမ့်တိုင်း တဂျစ်ဂျစ်မြည် ဆူညံပွက်နေတော့တာပါပဲ
မှတ်မိတယ် လူကြီးတွေက ခေါင်းခါတယ်
ကျွန်တော်က အောက်နှုတ်ခမ်းကို ကိုက်ပြီး သဘောကျနေတာ (တော်တော် ဆိုးတာပေါ့)
ကားကို ရိုးရိုးမဆော့ဘူး မမောင်းဘူး
တံမြက်စည်းရိုးတွေကို ဖြေချပြီး ရလာတဲ့ တံမြက်စည်းရိုးအတံတွေကို ကားပါတ်လည်မှာ ကြိုးနဲ့ချည်ပြီး
တိုင်ထောင်တယ်
အဖွားရဲ့ အဝတ်ဘီဒိုတွေအထဲကနေ ရှာဖွေ မွှေနောက်ပြီး ရလာတဲ့ စားပွဲခင်း အစိမ်းရောင်ကို
အဲဒီတိုင်တွေအပေါ် အုပ် " ခေါင်မိုးလုပ်ပြီး အထဲထဲမှာ ရအောင် ဝင်ထိုင်တယ်
တခါ-
အိမ်ထဲမှာ မောင်းတာ အားမရလို့
ခြံထဲမှာ ကားကို တွန်းချပြီး မြေကြီးလမ်းပေါ်မှာ
မောင်းတယ် ရေစိုနေလို့ ရွှံ ့လို ဖြစ်နေတဲ့နေရာမှာ ရွှံ့တွေ ကားဘော်ဒီကို ပေကျံ နေအောင် ဖြတ်မောင်းတယ်
နောက်-
အိမ်ထဲပြန်တွန်းပြီး အိမ်ကြမ်းပြင်ပေါ်မှာ ရွှံ ့ဘီးရာတွေ ထင်အောင် မောင်းကြည့်တယ်
အိမ်သန့်ရှင်းရေးလုပ်လေ့ရှိတဲ့ မေမေ့ညီမ အငယ်ဆုံး အန်တီဥမ္မာက ဆူရော
ဒါနဲ့ မပြီးဘူး
(ကားဆေးမယ်) ဆိုပြီး ရေချိုးခန်းထဲ တွန်းသွားပြီး ရေနဲ့ လောင်းတယ် ဆပ်ပြာတိုက်တယ်
တခါ-
ရေစိုဘီးရာလေးကို မြင်ရအောင် စိုနေတဲ့ ဘီးတွေနဲ့
ကြမ်းပြင်ပေါ် ထပ်ပြီး မောင်းတယ်
အန်တီဥမ္မာက အော်တယ် သူက
ကျွန်တော့်ထက် ကိုးနှစ်ပဲ ကြီးတာလေ
အမ အရွယ်ပေါ့
သိပ်ပြီး အနွံအတာခံရှာတာ
ကမာရွတ်၅ ထန်းတပင်ကျောင်း အထက်တန်းပြ သချင်္ာဆရာမ ဒေါ်ဥမ္မာတင့် ဆိုတာ ကျွန်တော့် အဒေါ်ပါပဲ
"စိတ်ကူးနဲ့ ကား ကို လက်နဲ့ ကိုင်တွန်းပြီး ဆော့ခဲ့ပုံ"
ကျွန်တော် လဲန်ရိုဘာကြိုက်တာကို မေမေ့မောင် (လေးလေး ဦးမောင်မောင်တင့်) က သိလို့လား
ဒါမှမဟုတ် တိုက်ဆိုင်တာပဲလားတော့ မပြောတတ်ဘူး
သူ နိုင်ငံခြားကို ထွက်သွားခဲ့တုန်းက (ပုံထဲက အပြာရောင် မော်ဒယ်မျိုး) ကားလေးတစ်စီးကို ကျွန်တော့်ဆီကို လှမ်းပို့ဖူးတယ် ရပြီး တလ နှစ်လလောက် အဲဒီကားလေးကို အိပ်ယာနားထားပြီး အိပ်လေ့ရှိတယ် နောက်ကျတော့ ထုံးစံအတိုင်း ဘီးတွေ ကျွတ်ထွက်ပြီး ဘဝပျက်သွားရှာတယ် ကားကိုတွန်းပြီး ဆော့လိုက်တာ ကားဘီးကို ထိန်းထားတဲ့ ဝင်ရိုးစွန်းအတံကို ပိတ်ထားတဲ့ သံတွေ "စား" သွားလို့ ဘီးကို ထိန်းမထားနိုင်တော့ဘူး
မစားဘဲ နေမလား
ငယ်ငယ်က ကြိုက်ခဲ့ ချစ်ခဲ့ဖူးတဲ့ ကောင်မလေးကို
(စိတ်ကူးနဲ့) ကိုယ့်ရဲ့ ဘေးခုံမှာ တင်ပြီး အဲဒီကားနဲ့
တအိမ်လုံးကို ရန်ကုန်မြို့ကြီးလို သဘောထား
လက်နဲ့တွန်းပြီး မောင်းခဲ့လို့ ကားဘီးတွေ ကျွတ်ခဲ့ရပါတယ်
ပုံဆွဲရင်လည်း ကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးပုံတွေနဲ့ အတူ-
လဲန်ရိုဘာကားပုံလေးတွေကို အဆွဲများခဲ့တယ်
အဲလို နှစ်သက်ခဲ့တာပါ
"ရေနံကား နဲ့ ရေနံမြေ"
ကလေးဘဝ လဲန်ရိုဘာနဲ့ ပါတ်သက်လို့
အမှတ်တရတချို့မှာ ရေနံမြေ လဲန်ရိုဘာတွေလည်း ပါ, ပါတယ်
ငယ်ငယ်က-
ဖေဖေအလုပ်လုပ်တဲ့ ရေနံချောင်းမြို့မှာ လိုက်နေခဲ့ဖူးတော့
အဲဒီက မြင်းလှည်းတွေ နွားလှည်းတွေ ကုန်ကားတွေအကြားထဲမှာ မြင်နေ တွေ့နေရတဲ့
ရေနံမြေလဲန့်ရိုဘာကားတွေကိုလည်း
သတိရမိတယ်
လဲန်ရိုဘာရေနံကားတွေက တမြို့လုံး အနှံ ့ သွားနေကြတာ
လေးချိတ် လို့ ခေါ်တဲ့ အနောက်ခန်းအတိုကားတွေရော
ငါးချိတ် လို့ ခေါ်တဲ့ အနောက်ခန်းအရှည်ကားတွေရော အနောက်ခန်းမှာ ခေါင်မိုး "ဘော်ဒီ" မတင်ထားတဲ့ ကားတွေရော လူခြောက်ယောက်စီး အလုံပိတ်ကားတွေရော စုံလို့ပါပဲ
ရေနံမြေတံဆိပ်က အဝါရောင်အပြည့်သုတ်ထားတဲ့
လေးထောင့် အတုံးလေးရဲ့ အပေါ်မှာ အညိုရောင် အပြည့်သုတ်ထားတဲ့လေးထောင့် အတုံးလေးကို ထပ်ထားတဲ့ အမှတ်အသားပါ
အဲဒီတံဆိပ်လေးကို ရေနံမြေကားတွေရဲ့ ရှေ့နောက် ဝဲယာတွေမှာ ဆေးမှုတ်ထားပါတယ်
ကျွန်တော်တို့ နေခဲ့တာက မြို့ထဲ မကျပါဘူး
တောင်ကုန်းတွေ အဆင့်လိုက် ချောက်တွေ လျှိမြှောင်တွေ ပေါတဲ့ နေရာတွေမှာပါ
အိမ်တွေက အရင် အင်္ဂလိပ်ခေတ် ဘီအိုစီ အရာရှိတွေ "ဘို" တွေ နေခဲ့တဲ့ အိမ်တွေပေါ့
တောင်ကုန်းတွေပေါ်မှာ ခြံလေးတွေနဲ့
ခြံထဲမှာ အရိပ်ရတဲ့ အပင် နှစ်ပင် သုံးပင်လောက်တော့ ရှိပါတယ်
တအိမ်နဲ့ တအိမ်က အိမ်ဆယ်လုံးစီလောက် ဝေးပါတယ်
နေ့လည်တွေမှာ ပူပြီး ညဖက်တွေမှာ အေးပါတယ်
အိမ်ပါတ်လည် ခြံအပြင်မှာတော့ အပင်အများကြီး သိပ်မရှိပါဘူး
ခြုံပုတ်တွေ ဆီးပင်တွေလောက်ပဲ ရှိတာပါ
တခါတုန်းက-
ခြေသုတ်ဖုံအောက်မှာ အပြင်ကနေ အလည်ရောက်လာတဲ့ မြွေတစ်ကောင် ခွေအိပ်နေလို့ ဖေဖေ အတော်အလုပ်များသွားခဲ့ရဖူးပါတယ်
"ရေနံချောင်းက စင်္ကာပူထက် သာ ခဲ့ပုံ"
ရေနံတူးရာကနေ ထွက်လာတဲ့ ပိုနေတဲ့ ဓာတ်ငွေ့တွေကို တိုင်ထောင်ပြီး မီးရှို ့ထားတဲ့ အတွက် ကောင်းကင်မှာ မီးတောက် မီးလျှံတွေ တောက်နေ လင်းနေတဲ့ ရေနံချောင်းမြို့ကို နေခဲ့ဖူးသူ ရောက်ခဲ့ ဖြတ်ဖူးခဲ့သူတိုင်း သတိရကြမှာပါ ညဖက်တွေဆိုရင် တဝင်းဝင်းနဲ့ပေါ့
အဲဒီလို မီးရှို့ရသလို အိမ်တွေကိုလည်း ထမင်းဟင်းချက်ဖို့ သဘာဝဓာတ်ငွေ့တွေကို ဆက်သွယ်ပို့ထားပေးပါတယ်
သဘာဝဓာတ်ငွေ့ ပိုက်တွေ နဲ့ ပေးထားတဲ့ မီးဖိုတွေနဲ့ ထမင်းဟင်းချက်တဲ့ ရေနံချောင်းမြို့က "စလုံး"
စင်္ကာပူ ထက် အများကြီး စောပါတယ် အဲဒီတုန်းက စလုံးက တံငါရွာဘဝကနေ တိုးတက်အောင် ရုန်းကန်နေရတဲ့ အချိန်ပါ သဘာဓာတ်ငွေ့နဲ့ အိမ်တွေမှာ ထမင်းဟင်း မချက်နိုင်သေးပါဘူး
"ရေနံကားတွေ ပေါများပုံ"
အဲဒီတုန်းက ချောက်ရေနံမြေမှာ တနေ့ကို ရေနံ ပီပါ တထောင်ထွက်တဲ့ အချိန်ဖြစ်ပါတယ်
ရေနံချောင်းမှာ တနေ့ကို ပီပါ သုံးထောင်ကနေ လေးထောင် အထိ ထွက်တဲ့ခေတ်ဆိုတော့ ရေနံကားတွေ များနေခဲ့ရတာ အဆန်း မဟုတ်ဘူးပေါ့
ရေနံ လဲန်ရိုဘာကားတွေကို
ချောက်ရေနံမြေ ရေနံချောင်းရေနံမြေ နောက်
မကွေးတဖက်ကမ်း မင်းဘူး အနားက မန်းရေနံမြေ
ပြီးတော့-
ပြည် နဲ့ ရွှေတောင် အကြားက ပြည်တောင်တန်း ရေနံမြေတွေမှာ တွေ့ခဲ့ဖူးပါတယ် မြန်အောင် ကြံခင်း ဟင်္သာတနား က ရေနံမြေ စီမံကိန်းတွေပေါ်လာတဲ့အချိန်မှာတော့ "ကစလ" အကြီးစားစက်မှု့လုပ်ငန်းက ထုတ်တဲ့ မာဇဒါဂျိပ် တွေ ကို ပြောင်းမြင်ရခဲ့ပါတယ်
"လဲန်ရိုဘာ ညံ့ချက်ကလေး"
ဒီတုန်းက လဲန်ရိုဘာကားတွေရဲ့ တခုမကောင်းတာကတော့ ကားစတီရာရင်ပါပဲ
"ယူတမ်း" ဂငယ်ကွေ့ ကွေ့ရင် တခေါက်ထဲ မရပါဘူး အတော် ကွေ့ယူရတာကို သတိရမိပါတယ်
"မိသားစု ဘဝနဲ့ လဲန်ရိုဘာကား"
အဲဒီတုန်းက မေမေ မဆုံးသေးပါဘူး
ဖေဖေ မေမေ ညီမလေး တို့နဲ့ မိသားစု ဆုံခဲ့ရတာတွေ
အတူနေခဲ့ရတာတွေ အပြင်ထွက်ခဲ့ရတာလေးတွေကိုပါ သတိရစေခဲ့တဲ့ ဒီလဲန်ရိုဘာကားလေးတွေက
ဘဝရဲ့ အမှတ်တရ အစိတ်အပိုင်းတစ်ခုအဖြစ် ရင်ထဲမှာ ကျန်နေခဲ့ပါတယ်
စန်းအောင်
ဧပြီ-၂၈-၂၀၁၈