Rain I

"ရင်ထဲကမိုး"


ရန်ကုန်မြို့ရှိ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း ကြား၊ ငါးမိုင်ခွဲ၊ ခြောက်မိုင်ခွဲ၊ ခွန်နှစ်မိုင်၊ ခွန်နှစ်မိုင်ခွဲကြားထဲတွင် ဖောက်လုပ်ထားသောပြည်လမ်းမကြီးသည် ယခင်က ယာဉ်ကြောတဖက်စီတွင် ကားတစီးသာ မောင်း၍ ရနိုင်သည့် နှစ်လမ်းမောင်းလမ်းမကြီး ဖြစ်၏။

ဘေးတဖက်တချက်တွင် အရိပ်ရသော အေးချမ်းဖွယ် တည်ငြိမ်သက်ရင့် သစ်ပင်ကြီးများ တန်းစီ၍ ပေါက်နေ၏။ လမ်းဘေးတလျှောက် ကျယ်ကျယ်ပြန့်ပြန့် အေးအေးလူလူသာသာယာယာ တည်ရှိသော ကျယ်ဝန်းသည့် မြေပြင်များတွင် လွတ်လပ်စွာ လမ်းလျှောက်နိုင်၏။

ဘေးတဖက်တချက်တွင် လမ်းလျှောက်သူများသည် ယဉ်အန္တရာယ်ကင်းကင်းရှင်းရှင်း စိတ်အေးချမ်းစွာဖြင့် လမ်းလျှောက်နိုင်ကြ၏။

အာစီတူးကျောင်းကြီးနှင့် ပါတ်ဝန်းကျင်အလှအပများသည်လည်း ထိုစဉ်က စိတ်ကြည်နူးဖွယ် သာယာလှပခဲ့၏။၊

ကျောင်းရှေ့ ဘေးရှေ့ သီရေတာများရှေ့မှ  ကြည့်လျှင် ကျယ်ပြန့်လွတ်လပ်စွာမြင်ခဲ့ရသော အင်းယားကန်အလှမှာ အခုအခါတွင် အချုပ်အနှောင်ကျခံနေရရှာ၏။

နှစ်ကာလကြာမြင့်၍ မြင်ကွင်းများ အားလုံးပြောင်းလဲခဲ့ရာတွင်-

ယခင်မြင်ကွင်းနှင့် မတူတော့ဘဲ အသစ်ပြောင်းလဲခဲ့သည့် မြင်ကွင်းအသစ်များသည် မောင်မောင့်အတွက် တစိမ်းဆန် နယ်မြေအသစ်မြင်ကွင်းများအဖြစ် အံ့သြထူးဆန်းစေခဲ့၏။ 

ထိုကဲ့သို့ မြင်ကွင်းအသစ်များက ပြောင်းလဲခဲ့သော်လည်း မောင်မောင့်ရင်ထဲက မ ကတော့ မပြောင်းလဲခဲ့။ 

မြင်ကွင်းများပြောင်းလဲခဲ့သော်လည်း မကို နှမြော ချစ်မြတ်နိုးစွဲလမ်းခြင်းများ မပြောင်းလဲတာ သေချာသည်။ 

မြင်ကွင်းသစ်များက အသစ်အာရုံကို  ဖြစ်စေခဲ့လို-

မကို ချစ်သောတမ်းတလွမ်းဆွတ်မှုများကလည်း မောင်မောင့်ရင်ထဲတွင် အမြဲတန်း အသစ်ဖြစ်နေ၏။

ရင်ထဲက "မ အချစ်ပန်း" သည် လန်းဆန်းနေဆဲဖြစ်၏။

နွယ်ပင်ဆိုသည်မှာ ရစ်ပတ်တွယ်နှောင်တတ်သော အပင်ဖြစ်၏။ မအမည်တွင် "နွယ်" ပါနေသဖြင့် မောင်မောင့်ကို 

ရစ်ပတ်ချည်ချည်နှောင်ဆဲ ဖြစ်နေသည်ဟု ထင်မိ၏။ မဟုတ်ဘူး၊ "နွယ်" နာမည်ကြောင့် မဟုတ်ဘူး။ သူ့ကို ချစ်ခဲ့ခြင်းသည် နာမည်ကြောင့် မဟုတ်။ သူမှာ အခြားနာမည်ပါနေရှိနေလျှင်လည်း စွဲလမ်းမှုသည် တူတူပဲ ဖြစ်လိမ့်မည်။

မနှင့် ပါတ်သက်သော အရာများသည် မနေ့တနေ့ကလို ရှိနေဆဲပါပဲ မ။

ထိုနေ့က မိုးသည်းထန်စွာရွာနေခဲ့သည်။

ဇူလိုင်မိုး၏ အောက်မှာ အာစီတူး။ 

အာစီတူးကို သွားသော အေဒီလမ်းမျက်နှာချင်းဆိုင်လမ်းပေါ်က ပျက်နေသော ကားတစီး၊ နောက် ကားကို ကြိုးစားပြင်နေရှာသူ အသက်လေးဆယ်ကျော် ကားမောင်းသူ၊

ကားရှေ့ထိုင်ခုံတွင် စိုးရိမ်ပူပန်စွာ ထိုင်နေရှာသူ ကျောင်းသူလေးတဦး၊ နောက်ခပ်လှမ်းလှမ်းတွင် ကျောင်းမှ ပြန်ခဲ့သူ မောင်မောင်၊ အားလုံးက ဇူလိုင်မိုးအောက်တွင် မိုးရေခံယူနေခဲ့ကြသည်။

ကားအနားအဖြတ်၊ မောင်မောင် ဆောင်းလာသော ထီးကို မက တစုံတခုကို အားကိုးတကြီး ကြည့်လိုက်သလိုမျိုး ကြည့်လိုက်သည်ဟု သူခံစားလိုက်ရသည်။

ကျောင်းသွားမလို့လား ဟု ကပ်၍ မေးလိုက်မိရာ တွင် ဟုတ်ကဲ့ နွယ်ဒီနေ့စာမေးပွဲရှိတယ် ဒုက္ခပါပဲ  ဟု ပြန်ပြောလိုက်သည့် မ၏ တုံရီမောဟိုက်သံလေးကို  ကြားလိုက်ရပြီးသည့်နောက် သူ့လက်ထဲသို့ ဆောင်းထားသော ထီးကို ထိုးထည့်ပေးရင်း ဒါဆောင်းသွား ညီမလေး၊ အကိုက အပြန်ပဲ၊ ကိစ္စမရှိဘူး အားနားစရာမလိုဘူးဟု ပြောလိုက်သည်။

မောင်မောင်သူ့ထီးကို မနှင့်ထားခဲ့ပြီး အပြန်တွင် မ၏မျက်နှာလေးက သူဆောင်းခဲ့သောထီး၏ နေရာကို အစားထိုးယူပြီး အိမ်အထိပါလာခဲ့သည်ကို သူမှတ်မိနေခဲ့သည်။

ထိုစဉ်က မိုးသည်းသည်းအောက်တွင် မနှင့် ဆုံခဲ့ရသလို မိုးသည်းသည်းအောက်မှာပဲ မနှင့် လမ်းခွဲခဲ့ရလိမ့်မည်ဟု မောင်မောင် ထိုစဉ်က ကြိုမသိခဲ့၊ သိခဲ့လျှင်လည်း သူ့ကို မကူညီဘဲ နေခဲ့မှာတော့ မဟုတ်။

တိုတိုရေးရလျှင် နောက်နေ့တွင် မနှင့်ပြန်တွေ့၊ သူကကျေးဇူးစကားပြော၊ မိတ်ဆက်၊ အအေးတိုက်၊ နောက်ခဏခဏတွေ့၊ ပြုံးပြ၊ သူ့အိမ်က ကားမလာခင် ထိုင်စကားပြောကြ၊ နောက် တော်တော်လေးရင်းနှီးသွားခဲ့ကြသည်။ ဪ ပြောပြဖို့ မေ့နေတယ်၊ မောင်မောင်က ကျောင်းသားရေးရာမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေတဲ့ ဒုတိယနှစ်မနက်ပိုင်းကျာင်းသား၊ မက ပထမနှစ်ညနေပိုင်းကျောင်းသူ။ 

မက အလှကြီးမဟုတ်၊ ဒါပေမဲ့ ချစ်စရာကောင်းသည်။ ရိုးသည်၊ အေးသည်၊ မောင်မောင့်ထက် သုံးနိုင်ဖြုန်းနိုင်သော မိဘအသိုင်းအဝိုင်း ရှိသည်။ မောင်မောင်ရင်လေးနေပြီ။  မကိုသူအရမ်းချစ်နေသလို မကလည်းသူ့ကိုအရမ်းချစ်နေတာသူသိနေသည်။ သူအခုထက်ထိ ဖွင့်မပြော၊ မဘဝနှင့်သူ့ဘဝကို မပေါင်းစည်းစေလို။ သူ့ဘဝ၏ကြမ်းတမ်းသောလူနေမှု့အောက်အသိုင်းအဝန်းထဲ မကို မခေါ်လာရက်။

တနေ့ မင်္ဂလာဒုံတပ်နယ်မြေတွင်ပြနေသော မြန်မာကားအသစ် ကြည့်ချင်သည်ဟု မက သူ့ကိုပူဆာသည်။ ရုပ်ရှင်က ရီရသည်။ မလည်းရီသည်။ မောင်မောင် ရင်ထဲမှာတော့ မရီနိုင်။ သူဆုံးဖြတ်ချက်တခု ချပြီးပြီ၊ မကို လမ်းခွဲတော့မည်၊ မကို ထပ် ၍ သူ့ကို ပိုချစ်လာအောင် မလုပ်ချင်တော့၊ မခံစားစေချင်တော့။ သူပြောဖို့ တွေးနေသည်မှာ ရုပ်ရှင်ပြီးသွားသည်အထိ။

ရုပ်ရှင်အပြီး မပြန်ခင် အအေးသောက်ကြသည်။

မိုးက သည်းထန်စွာရွာနေခဲ့တာကိုး။ အဲဒီမှာ မက သူ့ကို စကားတခွန်းပြောသည်။

သူ့ကို အိမ်က အင်္ဂလန်ကပြန်လာတဲ့ ဆရာဝန်တယောက်နဲ့ စေ့စပ်တော့မယ်ဆိုတဲ့အကြောင်း။ သူဘယ်လိုလုပ်ရမလဲ ဟု တိုင်ပင်နေသောမ၏ မျက်ဝန်းတွင် သူ့ကိုအားကိုးတကြီး မျှော်လင့်နေသော အကြည့်များ ပါနေသည်။ မ၏ချစ်မျက်ဝန်းများကို သူ ပြန်မကြည့်ရဲ။ တစ်ဆို့နေသော ရင်ကိုထိန်း၍ သူဆုံးဖြတ်ထားလိုက်သလို ဪ ကောင်းတာပေါ့ကွာ ခုထဲက စေ့စပ်ထား၊ ဘွဲ့ရတော့ ယူ၊ နိုင်ငံခြားလိုက်သွားပေါ့ မိုက်တာပေါ့ ငါ့ညီမကတော့ ကံလည်းထ စန်းလည်းပွင့်၊ ပျော်စရာပေါ့ကွာ ဟု အပေါ်ယံ ပြုံးရင်း သူ ပြန်ပြောလိုက်သည်။ မကို သူပြန်မကြည့်ရဲ။ သူ့ရင်ထဲက မျက်ရည်တွေကို မ, မြင်တွေ့သွားမှာကို စိုးရိမ်၍ဖြစ်သည်။ သူ့ဆုံးဖြတ်ချက်အရသာပြောရခြင်းဖြစ်သော်လည်း လက်တွေ့ကြားလိုက်ရသည့် မ၏ စကားက သူ့ကို ခဏအသက်ရှုရပ်စေခဲ့တာကိုး။

သူပြန်သတိရလိုက်ချိန်တွင်မ က မိုးရွာထဲသို့ ထွက်ပြေးသွားခဲ့ပြီ။ ရင်တခုလုံးကျေမွခဲ့ရပုံရသော မသည် အပြင်မှာလည်း တကယ်ကျေမွခဲ့ရသည်။ ပြည်လမ်းမတလျှောက် ပြင်းစွာမောင်းလာသော သစ်တင်လော်ရီကားကြီးက မျက်ရည်များဖြင့်ပြေးထွက်လာသောမကို တိုက်လိုက်ခြင်း ကြောင့်ဖြစ်သည်။

စစ်ဆေးရုံကိုယူဆောင်သွားမည့် ဆေးရုံကားပေါ်သို့ တင်လိုက်သောမ၏ခန္ဒာကိုယ်ကို မိုးသည်းထဲမှာပဲနောက်ဆုံးမြင်ခဲ့ရသည်။

မိုးသည်းသည်းထဲမှာပဲ မ ကိုသူစတွေ့ခဲ့ရသလို

မိုးသည်းသည်းထဲမှာပဲ မက သူ့ကို ထားခဲ့သည်။ သူ့ကို မ နားမလည်ခဲ့တာကို သူတွေးမိသလို မကို သူနားမလည်ခဲ့ဘူး ဟု သူတွေးရင်း မိုးနှင့်အတူငိုခဲ့သည်။

ငှက်ဖျားရောဂါပိုးသည် မိုးအေးမိုးရွာစဉ်တွင် ထကြွပြန်ဖျားတတ်သည်ဟု ကြားဖူးသည်။

မနှင့်ပါတ်သက်သော အချစ်ဒါဏ်ရာသည်လည်း မိုးသည်းစွာရွာတိုင်း အသစ်ပြင်းထန်စွာခံစားရသည်။

အပြင်မှာ မိုးတွေသည်းနေပြန်ပြီ။ သူ့ရင်ထဲမှာလည်း မိုးတွေသည်းနေပြန်ပြီပေါ့။

မ ကောင်းရာသုဂတိလားပါစေ။


(လိမ္မော်ရောင်ကျောင်းမှ သတိတရ နာကျင်မှု့များကို လွမ်းဆွတ်နောင်တများဖြင့် ရေးဖွဲ့ပါသည်)


စန်းအောင်

ဇူလိုင်-၁၅-၂၀၁၇