Rain II
"ရင်ထဲကမိုး ဇာတ်သိမ်း"
ကောင်းကင်အမြင့်ရှိ တိမ်ထုများတွင် ပါဝင်နေသော ရေငွေ့များ၏ သံသရာအရ- ရေငွေ့ပါသော တိမ်ထုသည် အေးစက်သောလေထုနှင့် တွေ့ထိသည့်အချိန်တွင် ပြန်လည်စိုစွတ်လာပြီး ရေအဖြစ်သို့ တဖန်ကူးပြောင်းကာ ကမာ့ဆွဲအင်အားအတိုင်း မြေပေါ်သို့ ပြန်လည်ကျဆင်းလာခြင်း၏အဖြစ်ကို မိုးရွာသည်ဟု ခေါ်ကြသည်။
တစုံတရာသော ခံစားချက်ကြောင့် တစ်ယောက်သောသူ၏ မျက်လုံးမှ မျက်ရည်စီးကျလာခြင်းကို- ငိုသည်ဟု ခေါ်နိုင်ပါသလား။ တချို့က (မျက်ရည်ကျတာပါ) ဟု ဆိုချင် ဆိုကြမည်။ ဘယ်သူတွေက ဘယ်လို ခေါ်ခေါ်-
မောင်မောင် ငိုနေခြင်းမဟုတ်ဘဲ မျက်ရည်ကျနေသည်။
ဒီနေ့ "မ" သူ့ကို ခွဲသွားခဲ့တာ အနှစ်သုံးဆယ်တိတိ ပြည့်တဲ့နေ့။
အဲဒီနေ့ရဲ့ ည၊ အိပ်ယာမဝင်မီ သူ့ဒိုင်ယာရီ အဟောင်းလေးကို ပြန်ထုတ်ဖတ်ရင်း သူမျက်ရည်ကျနေသည်။
ရင်နှင့်အပြည့်ချစ်ရသော "မ"ကို ဆင်းရဲနွမ်းပါးသော သူ့ဘဝအထဲသို့ သူမခေါ်ရက်သဖြင့် လမ်းခွဲဖို့ ကြိုးစားခဲ့သည်။
အချစ်ဆိုသည်မှာ ပိုင်ဆိုင်နိုင်မှ ပြည့်စုံခြင်း ဖြစ်သည်ဟူ၍ ပြောကြသော်လည်း- မောင်မောင့်အတွက်ကတော့ ဆန့်ကျင်ဖက်ဖြစ်သည်။ သူ့ကို "မ" လွယ်လွယ်ကူကူ မေ့သွားရင် "မ"အတွက် အကောင်းဆုံးဖြစ်မည် ဟူ၍ သူတွေးခဲ့ဖူးသည်။
"မ" ၏ အချစ်လမ်း ဖွင့်ပေးမှုကို သူတိမ်းရှောင်ခဲ့စဉ် မှာပဲ "မ"က သူ့ကို ပြင်းထန်စွာ နာကျည်းသွားခဲ့သည်။
ရင်ထဲတွင် ထိခိုက်သွားခဲ့ရှာသော "မ"သည် မောင်မောင်နှင့် လက်ဘက်ရည်ဆိုင်ထဲတွင် ထိုင်နေရာမှ မျက်ရည်များဖြင့် ရုတ်တရက် ထ, ၍ မိုးသည်းထဲသို့ ပြေးထွက်ခဲ့ရာ- ပြည်လမ်းတလျှောက် အရှိန်ဖြင့် အပြင်းမောင်းလာသော သစ်တင်လော်ရီကားကြီးနှင့် တိုက်လုမတတ် ဖြစ်ခဲ့သည်။
"မ"သည် ကုန်ကားကြီး၏ အရှိန်ကြောင့် လေဟပ်ပြီး လွင့်စင်ကာ လမ်းမနှင့် သူမ၏ ဦးခေါင်းတို့ ပြင်းထန်စွာရိုက်မိခဲ့သည်။ မင်္ဂလာဒုံစစ်ဆေးရုံသို့ ရောက်သွားသော "မ" ကို တွေ့ရန် ဆေးရုံသို့ မောင်မောင် လိုက်သွားခဲ့စဉ် "မ"၏ မိဘများက သူ့ကို ပေးတွေ့ခွင့်မပေးဘဲ သူ့ကို အဆက်ဖြတ်စေခဲ့သည်။ နောက်ပိုင်း အဆက်အသွယ် လုံးဝ မရတော့ဘဲ "မ" ဆုံးသွားသည် ဟု သူကြားရခဲ့သည်။
မိုးသည်းထန်သည့် နေ့တနေ့တွင် "မ" နှင့်မောင်မောင် ဆုံတွေ့ခဲ့ရသလို-
မိုးသည်းထန်သည့် နေ့တနေ့ တွင် "မ" နှင့် မောင်မောင် သို့မဟုတ် တစ်ယောက်နှင့် တစ်ယောက် မြိုထားမတတ်ချစ်ကြပြီး အတိအလင်း ဖွင့်မပြောကြသော ချစ်သူနှစ်ယောက် ကွဲသွား၊ ဝေးသွားခဲ့ကြသည်။
မိုးသည်းတိုင်း (အပြင်တွင် မိုးတွေ သည်းသလို)- "မ" ကို ချစ်သော၊ မြတ်နိုးသော၊ လွမ်းဆွတ်သော၊ ဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်နေသော နာကြင်ခြင်း "နောင်တ" ဝေဒနာများကို သိမ်းဆည်းထားနေသော မောင်မောင်၏ ရင်ထဲတွင်လည်း
မိုးသည်းနေပါသည်။
မောင်မောင့်ရင်တွင်းမှ နာကြင်မှု လွမ်းဆွတ်မှုများက မိုးသားများ အထဲတွင် ရေငွေ့များပါဝင်နေသလို ဖြစ်နေသည်။ ရေငွေ့တိမ်ထုနှင့် လေအေးတွေ့ချိန် မိုးရွာသလို- မောင်မောင်တယောက် မိုးရွာတိုင်း " မ" ကို သတိရ၍ မျက်ရည်ကျလေ့ရှိခဲ့သည်မှာ ယနေ့အထိ။
အမှန်တကယ်က "မ" မသေပါ။
သို့သော် လမ်းနှင့်ရိုက်မိသော ဒါဏ်ရာကြောင့် သတိမေ့သွားပြီး ပြန်သတိရလာချိန်တွင် မှတ်ဉာဏ်ချို့ယွင်းခဲ့ရှာသော ဒုက္ခသည်လေးအဖြစ် နေထိုင်လျက် ရှိပါသည်။ "မ"၏ မှတ်ဉာဏ် ပြန်လည်ကောင်းမွန်စေရန် ဆရာဝန်နှင့်တိုင်ပင်၍ သူ့မိဘများက မောင့်မောင့်ဓာတ်ပုံကို ယူ၍ "မ" ကို ပြ ကြည့်ချိန်တွင် "မ" ငိုပါသည်။ ဒါပေမဲ့- သူမ မောင်မောင် ဘယ်သူလဲဆိုတာကို မမှတ်မိပါ။ ဆရာဝန်က (မောင်မောင်၏ ဓာတ်ပုံကို "မ" အား နောက်ထပ် မပြသင့်သလို မောင်မောင်နှင့်လည်း အဆက်အသွယ်မရှိလျှင် ပိုကောင်းမည်ဟု) အကြံပေးသွားခဲ့ရ၍ မိဘများက မောင်မောင်နှင့် "မ" ကို အဆက်အသွယ်ဖြတ်လိုက်ကြခြင်း ဖြစ်ပါသည်။
ယခု ဤစာရေးနေချိန်တွင် အပြင်၌ လေပြင်းများ တိုက်ခတ်လာသလို- မိုးစက်များကလည်း တဗြောင်းဗြောင်းကျလာပြန်ပါပြီ။မှတ်ဉာဏ်မကောင်းရှာသေးသူ ဒုက္ခသည် "မ" သည်လည်း- (မိုးရွာတိုင်း မျက်ရည်ကျလေ့ရှိသော)
"ချစ်ဒုက္ခသည်" လေးတစ်ယောက်အဖြစ် နေထိုင်လျက် သူမ၏ မောင်မောင့်ကို သတိရနေသည့် အကြောင်းကို- မိုးရွာတိုင်း မျက်ရည်ကျနေသူ မောင်မောင် တယောက် မသိပါစေနှင့်။
(နာကြင်စွာဖြင့် ခံစား ရေးဖွဲ့မိပါသည်
တကဲ့ အဖြစ် မဟုတ်ပါ)
ချစ်သူတိုင်း ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေ။ ။
စန်းအောင်
ဧပြီ-၇-၂၀၁၈